သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း ဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်


ထွက်ပြေးလာတဲ့ ရခိုင်မြောက်ပိုင်း ဒုက္ခသည်များ (Dr Saw Mra Aung Foundation)
ထွက်ပြေးလာတဲ့ ရခိုင်မြောက်ပိုင်း ဒုက္ခသည်များ (Dr Saw Mra Aung Foundation)

ရခိုင်မြောက်ပိုင်း မောင်တောဒေသက အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထောင်ချီတဲ့ဒေသခံတွေအတွက် အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေပြီး အသက်အန္တရာယ်လုံခြုံရေးကလည်း အထူးစိုးရိမ်စရာအနေအထားဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အကြမ်းဖက်တိုက်ခိုက်သူတွေကို ဥပဒေအရ ထိထိရောက်ရောက်အရေးယူဖမ်းဆီးဖို့လိုသလို ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် အသက်လုထွက်ပြေးနေရတဲ့ဒုက္ခသည်တွေကိုလည်း လူမျိုး-ဘာသာမရွေး ဥပဒေနဲ့အညီ စောင့်ရှောက်ကာကွယ်ပေးဖို့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးကလည်း တိုက်တွန်းပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၂၄ရက်နေ့ညက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင် မေယုဒေသအတွင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ရဲစခန်း၊ လုံခြုံရေးရဲကင်း၊ နယ်မြေခံတပ်ဌာနချုပ်စတဲ့ စခန်း နေရာ ၃၀ကို တပြိုင်နက်တည်းဆိုသလို အစွန်းရောက်အကြမ်းဖက်သမားတွေက တပြိုင်နက် လူအင်အားသုံးအကြမ်းဖက်တိုက်ခိုက်ခဲ့ကြပါတယ်။ အခုအချိန်အထိလည်း နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှုတွေရှိသလို ကားတွေကို မိုင်းခွဲမှုတွေရှိပြီး ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေကိုလည်း အကြမ်းဖက်တိုက်ခိုက်သူတွေက လိုက်လံသတ်ဖြတ်မှုတွေရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ထွကေ်ပြးတိမ်းရှောင်လာတဲ့ ဒေသခံမား (Dr Saw Mra Aung Foundation)
ထွကေ်ပြးတိမ်းရှောင်လာတဲ့ ဒေသခံမား (Dr Saw Mra Aung Foundation)

ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောဒေသက ပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီ အခုဆိုရင် ထောင်ချီရှိလာနေပြီး သူတို့အတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်ပြီး အဓိကအရေးကြီးဆုံးကတော့ ခိုလှုံနေဆဲနေရာတွေအထိ လုံခြုံရေးအင်အားတွေချထားပေးဖို့ ကူညီကယ်ဆယ်ပေးနေသူတွေက လုံခြုံရေးတာဝန်ရှိသူတွေကို တောင်းဆိုပါတယ်။ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ ဒုက္ခသည်တွေအရေး ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP ရဲ့ ဒုဥက္ကဋ္ဌဦးသန်းနိုင်က ထောင်ချီတဲ့ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့အခြေအနေကို အခုလိုပြောပြပါတယ်။

“ဒီမှာ နောက်ဆုံးဖြစ်ပျက်နေတာက နေရာတွေမှာ ဖရိုဖရဲဖြစ်နေတယ်။ မောင်တောကနေပြီးတော့ ဘူးသီးတောင်ကို ခိုလှုံဖို့လာတဲ့ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေ ထောင်ကျော်ဖြစ်နေပြီ။ ကျနော်တို့ဆီမှာလည်း အဲဒါတွေကို စားရေးသောက်ရေးရနိုင်ဖို့အတွက် ဒီပြည်နယ်အစိုးရကိုလည်း တောင်းဆိုချင်ပါတယ်။ ပြည်ထောင်စုအစိုးရကိုလည်း ကျနော်တို့ တောင်းဆိုချင်ပါတယ်။ မဟုတ်ဘူးဆိုရင် ဒီလိုတွေနေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့က အများကြီး အခက်အခဲဖြစ်နေတယ်၊ မိုးရာသီလည်း မိုးရာသီဆိုတော့။ ကျနော်တို့က လုံခြုံရေးကို ထိထိရောက်ရောက်လုပ်စေချင်တယ်။ အခုလုပ်သွားတဲ့ အကြမ်းဖက်သမားတွေကို ဖော်ထုတ်ပြီးတော့ အရေးယူစေချင်တယ်။ အကြမ်းဖက်သမားတွေကို အကုန်လုံးကို လိုက်ပြီးတော့ ရှာလို့ဖော်ထုတ်လို့မရရင်တော့ ကျနော်တို့တိုင်းရင်းသားတွေအနေနဲ့ ဒီနေရာမှာ ရပ်တည်ဖို့အရေး မလွယ်ဘူးခင်ဗျ။”

မောင်တောဘက်မှာတော့ လုံခြုံရေးအဖွဲ့တွေနဲ့တိုက်ခိုက်မှုတွေရှိနေပြီး စာသင်ကျောင်းတွေ ဘုန်းတော်ကြီးကျောင်းတွေအပါအဝင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ရှိနေပါတယ်။ ဒီကနေ့ မောင်တောမြို့က မီးလောင်နေတဲ့အခြေအနေကိုတော့ မောင်တောဒေသခံတဦးက အခုလိုပြောပြပါတယ်။

“အခု မီးရှို့နေတယ်ခင်ဗျ ဟိန္ဒူရွာတွေကို မီးရှို့နေတယ်။ ဒီဘက်လုံခြုံရေးအဖွဲ့တွေနဲ့ မီးငြိမ်းသတ်နေရတယ်။ မြို့ပေါ်မှာရှို့နေတာအခု မြို့မရှေ့မှာ ။ ဒီဘက်ဒေသ မီးငြိမ်းဖို့သွားကြတာပေါ့ ကိုယ့်အိမ်မပါဖို့အတွက်ပဲ ကြိုးစားရတာပေါ့။”

အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ ထွက်ရှိချိန်နဲ့ ချိန်သားကိုက်လုပ်ဆောင်မှုဖြစ်တယ်လို့ အစိုးရဘက်က ပြောဆိုထားပါတယ်။

အခုလို ဒီအကြမ်းဖက်မှုတွေကို လုပ်ဆောင်တဲ့ အကြမ်းဖက်သမားတွေကို ထိရောက်စွာ အရေးယူဖို့လိုသလို ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် အသက်လုပြေးနေရတဲ့ အပြစ်မဲ့ပြည်သူတွေကို လူမျိုးဘာသာမရွေး- ဥပဒေ အစောင့်အရှောက် အကာအကွယ်ပေးသင့်တယ်လို့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကလည်း အကြံပေးပါတယ်။

“ဥပဒေအတိုင်းလုပ်ပေးပါ ၊ နောက်ပြီးတော့ ပြစ်မှုကျူးလွန်သူသည် ပြစ်မှုကျူးလွန်သူပါ။ အပြစ်မဲ့သူသည် အပြစ်မဲ့သူပါ။ လူမျိုးဘာသာဆိုတာက ဥပဒေအရာမှာ မရှိပါဘူး။ အဲဒီတော့ ဥပဒေချိုးဖောက်တဲ့ ပြစ်မှုကျူးလွန်သူကို ဥပဒေ ချိုးဖောက်သည့်အတိုင်း ဥပဒေစည်းကမ်းမူအတိုင်း တိတိကျကျ ပြတ်ပြတ်သားသားအရေးယူပါ။ မချိုးဖောက်သူများကိုလည်း ဥပဒေအရ အကာအကွယ်ပေးဖို့အတွက် တာဝန်ရှိပါတယ်။ ၁ အချက်က သတင်း အချက်အလက်တွေ ခိုင်လုံဖို့လိုတယ်၊ ဘာပဲဖြစ်ဖြစ် ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဥပဒေစိုးမိုးရေးဟာ အဓိက ကျပါတယ်။ ဥပဒေစိုးမိုးရေးကို အတိအကျဆောင်ရွက်ဖို့ မျှမျှတတ ဆောင်ရွက်ဖို့ အဲဒါလေးပဲ ကျနော်တို့ အကြံပေးချင်ပါတယ်။”

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့မောင်တောဒေသကို ကွင်းဆင်းလေ့လာခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မထုမေကတော့ အရေးပေါ်အခြေအနေဖြစ်လာနေတဲ့ ရခိုင်ပြည်နယ်ကို နိုင်ငံတော်ရဲ့လုံခြုံရေးကို တာဝန်ယူထားတဲ့အဖွဲ့အစည်းတွေအနေနဲ့ ထိရောက်တဲ့ လုံခြုံရေးအစီအမံတွေနဲ့ အင်အားတိုးချပြီး အပြည့်အဝ အကာကွယ်ပေးဖို့ တိုက်တွန်းတောင်းဆိုပါတယ်။

“အခုလို့ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်အိုးအိမ်ကို ပစ်ပြီးတော့မှ ထွက်ပြေးရတဲ့အခြေအနေက အင်မတန်မှ ဆိုးရွားပါတယ်ရှင့်။ ရခိုင်ပြည်နယ်အရေးကနေပြီးတော့ အကြမ်းဖက်အရေးနဲ့ တကယ့်ကိုရင်ဆိုင်နေရတဲ့ တကယ့်ကိုအရေးကြီးတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေကို အပြည့်အဝ တာဝန်ရှိတဲ့သူဆိုရင် ကာကွယ်ရေးဝန်ကြီးဌာန ရှိပါမယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ရှိပါမယ်။ နယ်စပ်ရေးရာဝန်ကြီးဌာန ရှိပါမယ်။ လုံလောက်တဲ့ အင်အားတွေနဲ့ ပြည်သူကို စောလျှင်စွာ ကာကွယ်ပေးရမှာဖြစ်ပါတယ်ရှင့်။ သက်ဆိုင်ရာ တာဝန်ရှိသူအနေနဲ့ ကျမတို့ မဟာဗျူဟာကျကျ စီမံဖို့လိုပါမယ်။ အခုထွက်ပြေးနေကြတဲ့ ပြည်သူတွေကို ဘယ်လိုစီမံမလဲ ၊ သူတို့ စားဝတ်နေရေး၊ လုံခြုံရေးပါ။ စားဝတ်နေရေး ရှိသည့်တိုင် လုံခြုံရေးမရှိဘူးဆိုရင် ဒီစားဝတ်နေရေးကလည်း အလကားဖြစ်မှာပါရှင့်။ ဒါကြောင့်မို့လို့ လက်ရှိအစိုးရရော တာဝန်ရှိသူတွေနဲ့ပါ၊ အရေးတကြီး ညှိနှိုင်းဆွေးနွေးပြီးလို့ရှိရင် ရခိုင်ပြည်သူလူထုကို ကာကွယ်ဖို့အတွက် သူတို့ သဘောတူညီကြရပါမယ်ရှင့်။

နံပတ် ၁ လုံခြုံရေးကို ၂၄ နာရီ စောလျင်စွာ ရခိုင်ပြည်သူလူထု စိုးရိမ်မကင်းဖြစ်နေတာကို ဖြေရှင်းဖို့အတွက် ၁၀၀ ရာခိုင်နှုန်း အာမခံချက်ရှိတဲ့ ရခိုင်ပြည်သူလူထုကို ကာကွယ်မှုပေးရပါမယ်။ ဒါက အစိုးရရော တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေရော လုပ်ဆောင်ရမယ့်အလုပ်ပါ။ ဒုတိယအချက်ကဘာလဲဆိုရင် ရေရှည်စီမံကိန်းသူတို့မှာ ရှိရပါမယ်။ ပြဿနာတခုကို ဖြစ်လာပြီးတော့မှ ချက်ချင်းဖြေရှင်းတဲ့ပုံစံမျိုးရှိသလို ရေရှည်အတွက် ဖြေရှင်းဖို့ရှိရပါမယ်။ ပြီးတော့မှသာလျှင် ပြည်သူများကို ၂၄ နာရီလုံခြုံရေး အာမခံချက်ပေးနိုင်တဲ့အရာကို သူတို့ အထူးတလှယ်လုပ်ဆောင်ရမှာဖြစ်ပါတယ်ရှင့်။”

အခုလက်ရှိအခြေအနေမှာတော့ ရခိုင်ပြည်နယ်လွှတ်တော်မှာ လာမယ့်သြဂုတ်လ ၂၈ရက်နေ့မှာ ရခိုင်ပြည်နယ်အရေး အရေးပေါ်ဆွေးနွေး ဖိုရှိနေသလို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာချထားရေးဝန်ကြီးတို့ လူကိုယ်တိုင်တွေ့ဆုံပြီး ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးဖို့အစီအစဉ်တွေ ဆွေးနွေးဆောင်ရွက်နေသလို သက်ဆိုင်တဲ့လုံခြုံရေးတာဝန်ရှိတဲ့အဖွဲ့အစည်းတွေဘက်ကလည်း နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG