သုံးရလွယ်ကူစေသည့် Link များ

မောင်တောဒေသခံ ရခိုင်တိုင်းရင်းသားတွေ ဘေးကင်းရာရွှေ့ပြောင်း


မောင်တောဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြစဉ် (သတင်းဓာတ်ပုံ- လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး)

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နေဆဲ မောင်တောမြို့နယ်က ဒေသခံတိုင်းရင်းသားတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေပြီး တပ်မတော်နဲ့ ရဲလုံခြုံရေးတွေဘက်က လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေဆဲ မောင်တောမြို့နယ်က ဒေသခံတိုင်းရင်းသားတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေပြီး တပ်မတော်နဲ့ရဲလုံခြုံရေးတွေဘက်က လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ပေးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောပါတယ်။ အကြမ်းဖက်အဖွဲ့တွေကို တပ်မတော်စစ်ကြောင်းနဲ့ ရဲလုံခြုံရေးအဖွဲ့တွေက လိုက်လံနှိမ်နှင်းနေပြီး ဒေသခံတွေကို ဘေးကင်းလုံခြုံတဲ့နေရာကို ကယ်ထုတ်ပို့ဆောင်ပေးနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ကလည်း ရခိုင်လူမှုအဖွဲ့တွေနဲ့တွေ့ဆုံချိန် ပြောလိုက်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၂၄ရက်နေ့ညက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင် မေယုဒေသအတွင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ရဲစခန်း၊ လုံခြုံရေးရဲကင်း၊ နယ်မြေခံစစ်တပ်ဌာနချုပ်စတဲ့ စခန်း နေရာ ၃၀ကို အစွန်းရောက်အကြမ်းဖက်သမားတွေက တပြိုင်နက် လူအင်အားသုံးပြီး အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကြောင်းတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့သလို မနေ့သြဂုတ်လ ၂၅ရက်နေ့ ညပိုင်းကလည်း မောင်တောမြောက်ပိုင်း လိပ်ရကျေးရွာက ခေတ္တအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ရုံးအကူတွေလည်း အကြမ်းဖက်သတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘေးအန္တရာယ်စိုးရိမ်ရတဲ့ အဲ့ဒီ့နေရာတွေမှာ ပိတ်မိနေတဲ့ ဒေသခံဌာနတိုင်းရင်းသားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို တပ်မတော်စစ်ကြောင်းတွေဘက်က ကယ်ထုတ်ပြီး လုံခြုံစိတ်ချရတဲ့နေရာတွေအထိလိုက်လံပို့ဆောင်ပေးနေပါတယ်။

တချိန်တည်းမှာပဲ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေနဲ့လည်း ရခိုင်မြောက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်ခံရတဲ့နေရာတွေကနေ ဘေးကင်းလုံခြုံသည့်နေရာတွေဆီ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရတဲ့ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေပေးနိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်တို့က ဒီ ရွာတွေ ရွာတွေကနေပြီးတော့ သင့်တော်ရာနေရာတွေကို စုပေးနေတာပေါ့နော်။ စုပေးပြီးတော့ အဲဒီမှာ ပို့ထားတာပေါ့။ ပို့ထားပြီးတော့ ကျနော်တို့က ဒီကြားထဲမှာ နည်းနည်းလေး စားနပ်ရိက္ခာနဲ့ ကံကောင်းတာကတော့ ပြီးခဲ့တဲ့ မြို လူမျိုးတွေ အသတ်ခံရတုန်းက ရခိုင်တိုင်းရင်းသားများအတွက်ဆိုပြီးတော့ ဒီအချိန်အခါမှာ သွားရေးလာရေးလည်း ခက်ခဲနေတယ်၊ လုပ်ကိုင်စားသောက်ဖို့အတွက်လည်း ခက်ခဲတော့မယ်ဆိုတော့ ၂ လစာ အထောက်အပံ့နဲ့ဟာ ရှိတယ်။ အဲဒါ ပေးထားတာ ဘာမှ မကြာသေးခင်မှာ ဒါထပ်ဖြစ်တဲ့အခါကျတော့ စခန်းက သွားပြီး စုထားတဲ့ နေရာတွေပေါ့။ အဲဒီနေရာတွေမှာ အကုန်ကူညီနေတာပေါ့။ အခုသွားပြီးတော့ နောက်ထပ်လည်း သွားပြီးတော့ ကူညီဖို့ စီစဉ်နေတာတွေလည်း ရှိတာပေါ့။ ”

မေး။ ။“ဆရာ၊ နောက် သူတို့အတွက် လုံခြုံရေးပိုင်းနဲ့ ခုနက သူတို့လိုအပ်တဲ့ ပစ္စည်းတွေ အကူအညီပေးတဲ့ အပိုင်းကကျတော့ရော ဆရာ။ ဒီရခိုင်ပြည်နယ်အစိုးရဖက်က ပူးပေါင်းပါဝင်မှုကရော ဘယ်လိုများ ရှိပါလဲ ဆရာ။”

“ဒီ ရခိုင်ပြည်နယ်အစိုးရရဲ့ ပူးပေါင်းပါဝင်ထားတယ်။ နောက်ပြီးတော့ လုံခြုံရေးအတွက်ကို ရဲနဲ့ တပ်မတော်က ပူးပေါင်းပါဝင်ပြီးတော့ ပစ္စည်းတွေ ပို့တာတို့ သယ်တာတို့ ဒါတွေကို ကျနော်တို့ အားလုံး ညှိုနှိုင်းပေါင်းစပ်ပြီးတော့ ဒီလို ဆောင်ရွက်နေတာပါ။ နောက်နေ့ဆိုရင်လည်း ကျနော်တို့ ဒီဝန်ကြီးဌာနက သွားကြမယ်။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ လက်ဦးက အဲဒီ နီးစပ်တဲ့ team၊ mobile team ရှိတယ်။ အဲဒါနဲ့ ဆောင်ရွက်မယ်။ ဒါပေမယ့် ကျနော်တို့ အဲဒါကိုလေ အခု ကျနော်တို့ ညှိုနှိုင်းနေတယ်။ ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာန ၊ အားကစားဝန်ကြီးဌာနနဲ့ ညှိုနှိုင်းပြီးတော့ မနက်ဖြန်က စပြီးတော့ ဒီ လူကြီးတွေရော အကုန်လုံး ဒီကိစ္စကို ဆောင်ရွက်ဖို့ ကျနော်တို့ ညှိုနှိုင်းပြောဆိုထားပါတယ်။ ”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဒေသခံတွေ ဘေးကင်းလုံခြုံတဲ့နေရာတွေမှာ ကာကွယ်စောင့်ရှောက်နိုင်ရေးအပါအဝင် လုံခြုံရေးတာဝန်ရှိသူတွေဘက်က နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးနိုင်ရေး ဆောင်ရွက်နေတဲ့အကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ ရခိုင်အမျိုးသားအသင်းချုပ်ဥက္ကဋ္ဌဦးစိုးဝင်းကလည်း ဗွီအိုအေကိုပြောပါတယ်။

“ဒီနေ့ မနက်ဖက် ကျနော် ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ခဲ့တယ်လေ။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ခဲ့တယ်လေ။ အဲဒီမှာ သူတို့ ဘာလုပ်ရင် ကောင်းမလဲဆိုတာ ဆွေးနွေးနေကြတုန်းပဲ ရှိသေးတယ်။ ၀န်ကြီးချုပ်ကိုလည်း ကျနော်ပြောပါတယ်။ အခုလို အရေးပေါ်အချိန်မှာ လာတွေ့ရတာ အားနာပါတယ်။ ကျနော်တို့လည်း မောင်းတောဒေသကို ကာကွယ်မပေးနိုင်သော်လည်းပဲ ဒုက္ခရောက်နေတဲ့သူတွေကို ပံ့ပိုးဖို့ ကူညီဖို့ အစီအစဉ်တွေတော့ လုပ်နေပါတယ်။ ဥပမာ စားစရာမရှိရင် ဆန်အိတ်တွေ ပေးဖို့ ကိတ်မုန့်ခြောက်တွေပေးဖို့ လူသုံးကုန်ပစ္စည်းပေးဖို့ ခြင်ထောင်ပေးဖို့ စသည်ဖြင့် နောက်ပိုင်းက ထောက်ပံ့ရေးတော့ ကျနော်တို့ လုပ်ပေးနိုင်တယ်ပေါ့လေ။ အကြမ်းဖက်အဖွဲ့အစည်းတွေကတော့ တပ်မတော်က နှိမ်နင်းနေတယ်ပေါ့ဗျာ။ ဒါပေမယ့် လုံခြုံရေးကို ဒေသခံတွေရဲ့ လုံခြုံရေးကိုတော့ လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းပြီးတော့ လုံခြုံအောင် ထားတာပေါ့နော်။ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ ဘယ်လိုစီစဉ်မယ်ဆိုတာတော့ ညှိုနှိုင်းနေတုန်းပဲ ရှိပါသေးတယ်။”

ရခိုင်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဘက်ကလည်း အခုလိုအသက်ဘေးကလွတ်မြောက်အောင် အိုးအိမ်စွန့်ခွာ တိမ်းရှောင်လာရတဲ့ ရခိုင်ပြည်သူတွေအတွက် လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ ပြည်နယ်တိုင်းတွေက ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးနေတဲ့ အကြောင်းလည်း ရခိုင်အမျိုးသားအသင်းချုပ်ဥက္ကဋ္ဌကပြောပါတယ်။

“ပြည်သူတွေကတော့ဗျာ ကိုယ့်ရွာမှာနေ ကိုယ့်အိမ်မှာနေရင်းနဲ့ ဒုက္ခသည် ဖြစ်နေကြတာပေါ့နော်။ လုံခြုံရေးကတော့ ကျနော်တို့ စိုးရိမ်တာပေါ့ဗျာ။ တပ်နဲ့ ရဲနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေးကတော့ စီစဉ်နေကြတာပေါ့လေ။ နောက်ထပ်ဒီလိုမဖြစ်အောင် ကာကွယ်ဖို့ အစီအစဉ်တွေ ဆွဲနေကြတယ်။ ကျနော်တို့ လူမှုရေးအသိုင်းအ၀ိုင်းတွေကလည်းပဲ ဒီနေ့လည်းပဲ ကျနော်တို့ ရန်ကုန်မှာ ရခိုင်အဖွဲ့အစည်းတွေနဲ့ ၀န်ကြီးဦးဇော်အေးမောင်က ဒီနေ့ ဆွေးနွေးပွဲလုပ်တယ်။ ကျနော်တို့ စစ်တွေက အခုပြန်လာတာ လမ်းမှာပဲ ရှိသေးတယ်။ မနက်ဖြန်က အစည်းအဝေးခေါ်ပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုတာကိုလေ ဆွေးနွေးပြီးတော့ ဘာလုပ်ရင်ကောင်းမလဲ အကြံဥာဏ်တောင်းပြီးတော့ ဒေသခံတွေရဲ့ ပြောစကားတွေကို နားထောင်ပြီးတော့ အာဏာပိုင်အဖွဲ့အစည်းကို တင်ပြတဲ့ အဆင့်ပဲ ရှိပါတယ်။ ”

လုံခြုံရေးတာဝန်ရှိသူတွေက ရခိုင်မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေကို နယ်ခြားစောင့်ရဲတပ်ရင်းစခန်းတွေမှာ ခေတ္တပြောင်းရွှေ့ပေးထားသလို မောင်တောမြို့နယ်၊ ခမောင်းဆိပ်မြို့က ထွေအုပ်ဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေကို မင်းခမောင်း တိုင်းရင်းသားကျေးရွာမှာ သွားရောက်ပူးပေါင်းနေထိုင်ခိုင်းပြီး ဘေးကင်းလုံခြုံတဲ့နေရာတွေ ပြောင်းရွှေ့ ကယ်ထုတ်နိုင်ရေး စီစဉ်လျက်ရှိပါတယ်။ မောင်တောမြို့နယ်အတွင်းရှိ နံ့သာတောင် ပရဟိတကျောင်းက ကလေးများ၊ အမျိုးသမီးများ၊ ရွာသား စုစုပေါင်း ၄၀၀ ကျော်ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံသည့် တောင်ပြို အထက်တန်းကျောင်းကို့ ပြောင်းရွှေ့နေရာချထားပေးနေသလို မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှာလည်း ဒုက္ခသည်လေးရာ နီးပါး ခိုလှုံနေကြပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြို့ရှိ သာသနာ့ဗိမာန်ကြီးမှာလည်း အောင်ဗလကျေးရွာမှ ရွာသူရွာသား ၁၅၀လောက် လာရောက်ခိုလှုံနေကြသလို ဘူးသီးတောင်မြို့နယ်အတွင်းရှိ တောင်ဘဇာကျေးရွာနဲ့ ပီရွက်ကျေးရွာက ရွာသူ/သားတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို တပ်ရင်းထဲ ပြောင်းရွှေ့နေရာချထားပေးထားတယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အခုလို မောင်တောခရိုင်ထဲက ကျေးရွာတွေက ပြည်သူတွေဘေးကင်းလုံခြုံသည့် နေရာများသို့ ပြောင်းရွှေ့ပေးချိန်မှာပဲ တပ်မတော်စစ်ကြောင်း၊ ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေဘက်ကလည်း မိုင်းရှင်းလင်းရေးတွေနဲ့ နယ်မြေတွင်း တရားဥပဒေစိုးမိုးနိုင်ရေး လုံခြုံရေးအထူးအစီအမံတွေနဲ့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

XS
SM
MD
LG