သုံးရလွယ်ကူစေသည့် Link များ

တိုက်ခိုက်မှုတွေ ထပ်ဖြစ်မှာ ရခိုင်ဒေသခံတွေ လုံခြုံရေး အထူးစိုးရိမ်


အကြမ်းဖက်တိုက်ခိုက်သူများမှ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့စဉ် ( သြဂုတ်လ ၂၅-၂၀၁၇) သတင်းဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး
အကြမ်းဖက်တိုက်ခိုက်သူများမှ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့စဉ် ( သြဂုတ်လ ၂၅-၂၀၁၇) သတင်းဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်အတွင်းက လုံခြုံရေးရဲကင်း၊ ရဲစခန်းနဲ့ တပ်ရင်းဌာနချုပ် စတဲ့ စခန်းနေရာစုစုပေါင်း ၃၀လောက်ကို အကြမ်းဖက်သမားတွေက တပြိုင်နက်တည်းလို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် အနီးအနားကျေးရွာက ဒေသခံတိုင်းရင်းသားတွေ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေကို တိမ်းရှောင်လာသလို မြို့ပေါ်နေပြည်သူတွေဟာလည်း လုံခြုံရေးအတွက် စိုးရိမ်နေကြ ပါတယ်။ အထူးသဖြင့် ညအချိန်မှာ ထပ်မံတိုက်ခိုက်လာမှာကို ပူပန်နေတာလည်း ဖြစ်ပါတယ်။ သတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

သြဂုတ်လ ၂၅ရက်နေ့ မနက် ၁နာရီလောက်ကစတင်ပြီး အကြမ်းဖက်သမားတွေက တိုက်ခိုက် ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ဦး၊ တပ်မတော်သား၁ဦးနဲ့ ဒုလဝကမှူး၁ဦး ကျဆုံးပြီး လက်နက်ငယ် ၆လက် ဆုံးရှုံးခဲ့သလို အကြမ်းဖက်သမား သေဆုံး၅၉ယောက်နဲ့ ဖမ်းဆီးတယောက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး က သတင်း ထုတ်ပြန်ထားပါတယ်။

ဒီတကြိမ်တိုက်ခိုက်တာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက တိုက်ခိုက်တာထက် ပိုမိုပြင်းထန်ခဲ့ပြီး မောင်တောမြို့အနီးကျေးရွာတွေက ဒေသခံတိုင်းရင်းသားတွေဟာ မောင်တောမြို့ပေါ်ကို တိမ်းရှောင်လာကြ ကြောင်းနဲ့ ထိတ်လန့်နေကြကြောင်း မောင်တောမြိ့ခံ တဦးက ပြောပါတယ်။

“ကျနော်တို့ မောင်တောမြို့ပေါ်ရပ်ကွက် ဝိမလရယ်၊ စံပြရွာရယ်၊ မြို့ဦးရွာရယ် ပြီးတော့ အောင်ဗလရွာရယ်၊ ဗိုလ်မှုးရွာရယ်၊ ပြီးတော့ ရပ်ကွက်၄ရယ်၊ ညောင်ပင်လှရယ်၊ အဲဒီရွာတွေက လူတွေက ၂၀၁၆က အကြမ်းဖက်လို့ ပြေးလာရတဲ့အခါ အကူအညီပေးတဲ့ မောင်တောမြို့ သာသန ဗိမ္မာန်ကို ရောက်နေပါတယ်ခင်ဗျ။ ကျနော်တို့ မောင်တောမြို့ပေါ်မှာဆို ၆မိုင် ရပ်ကွက်မှာ ၆ရာနဲ့ ၇ရာကြားရယ်။ သာသနဗိမာန်မှာဆိုရင် ၂ရာနဲ့ ၂ရာကျော်ကျော်လောက်ပေါ့ အဲဒါမျိုးတွေရှိနေပါတယ်။ မြို့ပေါ်လူထုတွေကလည်း မနေ့က ၁၂နာရီကျော်တည်းက တညလုံးမအိပ်ရဘဲနဲ့ ဒီနေ့ထိ ခုထိ စိုးရွံ့ကြောင့် ကျနေဆဲပါပဲ ခင်ဗျ။ ပြီးတော့ ကျနော်တို့ ဒီည ဘယ်လို ဖြတ်သန်းမလဲ ဆိုတာကို စိုးရိမ်ပူပန်နေရပါတယ်ခင်ဗျ။”

လက်ရှိလုံခြုံရေးအခြေအနေကိုလည်း အခုလို ဆက်ပြောပါတယ်။

“ လုံခြုံရေးအခြေအနေက မနေ့က မောင်တောမြို့ တောင်ပိုင်းရယ်၊ မြောက်ပိုင်းရယ်က နယ်ခြားစောင့်စခန်း တွေကို တပြိုင်တည်းတိုက်ခိုက်ပါတယ်ဗျ သူတို့က ။ နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အခက်အခဲ အနည်းနဲ့အများ ဖြစ်သွားတာတွေ ရှိခဲ့ပါတယ်။ ကျဆုံးသွားတာလည်း ရှိခဲ့ပါတယ်။ဒီနေ့မနက် ၆နာရီ ပတ်ဝန်းကျင်မှာပေါ့ မောင်တောမြို့က ခယက အုပ်ချုပ်ရေးမှုးစီးတဲ့ကားကိုလည်း လက်လုပ်ဗုံးနဲ့ ၃ခေါက် ပစ်တာကိုလည်း ခံရပါတယ်ခင်ဗျ။ အဲတော့ မြို့ပေါ်မှာတောင်မှ အဲလောက် လုပ်တယ်ဆိုရင် နယ်ဖက်မှာတော့ ပြောစရာမရှိဘူးပေါ့။ အဲဒါကြောင့် ကျနော်တို့က လုံခြုံရေးတွေကို မြို့ပေါ်လုံခြုံရေးကော၊ ကျေးရွာတွေရဲ့လုံခြုံရေးကောပေါ့ ပြည်ထောင်စုအစိုးရက အမြန်ဆုံး တပ်မတော်သားတွေကို လုံခြုံရေးတာဝန်ယူပေးဖို့ ပြောချင်ပါတယ်ခင်ဗျ။”

မောင်တောမြို့မှာရှိနေတဲ့ ပြည်သူတွေဟာ လုံခြုံရေးစိတ်မချတာကြောင့် တခြားအရပ်ကို တိမ်းရှောင်ဖို့လည်း အခက်အခဲဖြစ်နေကြောင်း မောင်တောမြို့က ဝန်ထမ်းတဦးက ပြောပါတယ်။

“ ကျနော်တို့က ဝန်ထမ်းဖြစ်နေလို့သာနေရတာ။ မိသားစုကို ပို့ရမှာ ကျနော်တို့ လမ်းကြောင်းတောင်မှ မရသေးလု့ိမသွားတာ။ လမ်းကြောင်းသွားလို့ မရသေးဘူး။ အခု လမ်းမှာ မြို့သူကြီးလမ်းမှာ မိုင်းထောင်ထားတယ်လို့ သတင်းကြားတယ်။ အခုကားလည်းမသွားဘူး။ ဘူးသီးတောင်ကို သွားတဲ့လမ်းမှာ။ ဒါလည်းကျနော်တို့က လမ်းကို ပိတ်ထားတယ်။ မိုင်းရှင်းပြီးမှ သွားရမယ်။ ”

မောင်တောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကလည်း လမ်းပန်းဆက်သွယ်ရေး အခြေအနေကို အခုလို ပြောပါတယ်။

“လမ်းတွေက ပိတ်ထားတယ်ဗျ။ လမ်းတွေက မပိတ်လို့လည်း မရဘူးလေ။ဘာဖြစ်လို့လည်းဆိုတော့ မိုင်းထောင်တာလေးတွေ ရှိတယ်လေ ဒီကောင်တွေက။ အဲဒါကြောင့်လမ်းတွေက ပြည်သူတွေ ထိခိုက်မှာစိုးလို့ ပိတ်ထားတာရှိတယ်။ ဆိုတော့ ဒီက ပြည်သူတွေက ချောင်ပိတ်မိနေတာကိုး။”

ဒီကနေ့မှာတော့ မောင်တောမြို့မှာ ညမထွက်ရအမိန့်ကို အရင် ည ၉နာရီကနေ မနက် ၅နာရီအစား ညနေ ၆နာရီကနေ မနက် ၆နာရီအထိ တိုးမြှင့်လိုက်ပါတယ်။

ဘူးသီးတောင်မြို့နယ်နယ်ဘက်ကအခြေအနေကိုတော့ ဘူးသီးတောင်မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက အခုလို ပြောပါတယ်။

“လုံခြုံရေးလက်လှမ်းမမီတဲ့နေရာတွေရှိတယ်။ အဲဒီနေရာကနေပြီးတော့ ပြောင်းရွှေ့နေတဲ့ အခြေအနေတွေ ရှိပါတယ်။ လောလောဆည် တော့ ကျနော်တို့ ဘူးသီးတောင်ကို ရောက်တာကတော့ သပိတ်တောင်ရယ်၊ ကင်းချောင်းရယ်၊ သပေါ့ချောင်းရယ် အဲဒီရွာက လောလောဆည်ရောက်နေတယ်။ လူဦးရေက တစ်ရာကျော် ပတ်ဝန်းကျင်လောက်ရှိနေတယ်။ ဘူးသီးတောင်မြို့လုံခြုံရေးကတော့ တပ်နဲ့ ရဲက မြို့ကို ပတ်ပြီးတော့ ကင်းလှည်နေပါတယ်ခင်ဗျ။ နေဝင်လာရင်တော့ ပိုဆိုးလာတဲ့ အခြေအနေတွေ ရှိနိုင်ပါတယ်။ ကျနော်တို့ ဒေသခံတွေကလည်း စိုးရိမ်ရတဲ့ အခြေအနေတွေ ရှိနေပါတယ်။ ”

မွန်းလွဲ ၁ နာရီတွင် ရသေ့တောင်မြို့နယ် ချိန်ခါလီ ဘင်္ဂလီရွာမှာ နေထိုင်သူတွေက သူတို့နေအိမ်တွေကို မီးရှို့ပြီး မြစ်နားဘင်္ဂလီကျေးရွာနဲ့မေယု တောင်ကြောဘက်သို့ တက်သွားကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ချက်မှာ အကြမ်းဖက်သမားတွေဟာ နယ်ခြားစောင့်ရဲ တပ်ရင်းကစစ်ကူသွားတဲ့ ကား ၃ စီးကို မောင်တော မောင်နှမရွာ ဗလီရှေ့မှာ နေ့လည် ၂ နာရီခွဲက မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် ညနေ ၄နာရီလောက်အထိ ပစ်ခတ်တာတွေ ရှိနေကြောင်း ဖော်ပြထားပါတယ်။

လက်ရှိ အကြမ်းဖက် တိုက်ခိုက်တာဟာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်တာနဲ့ လာမယ့် စက်တင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပမှာ အချိန်ကိုက် ဖန်တီးဖော်ဆောင်တာဖြစ်ကြောင်း သုံးသပ်ထားပါတယ်။

၂၀၁၆ခုနှစ် အောက်တိုဘာလ ၉ရက်နေ့ကလည်း မောင်တောမြို့နယ်က နယ်ခြားစောင့်ရဲကင်းစခန်းနဲ့ ဌာနချုပ်ကို အကြမ်းဖက်သမားတွေက တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင် ၉ယောက်ကျဆုံးပြီး လက်နက်မျိုးစုံ ၄၈လက်ဆုံးရှုံးခဲ့သလို အကြမ်းဖက်သမား သေဆုံး၈ယောက်နဲ့ ဖမ်းဆီး၂ယောက်ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG