သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း တိုက်ခိုက်မှု အမေရိကန် ရှုတ်ချ


ရခိုင်မြောက်ပိုင်း တိုက်ခိုက်မှုဖြစ်ပွားစဉ် (သြဂုတ်လ ၂၄-၂၀၁၇) သတင်းဓာတ်ပုံ နိုင်ငံတော်အတိုင်ပင်ခံရုံး
ရခိုင်မြောက်ပိုင်း တိုက်ခိုက်မှုဖြစ်ပွားစဉ် (သြဂုတ်လ ၂၄-၂၀၁၇) သတင်းဓာတ်ပုံ နိုင်ငံတော်အတိုင်ပင်ခံရုံး

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးတဲ့ထိ တိုက်ခိုက်မှုအပေါ် အမေရိကန်ပြည်ထောင်စု က အပြင်းအထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

သြဂုတ်လ ၂၅ ရက်၊ သောကြာနေ့ရက်စွဲနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Heather Nauert ရဲ့ ထုတ်ပြန်ချက်တခုထဲမှာ အဲဒီလို ပြစ်တင် ရှုတ်ချထားတာပါ။ ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းရပါကြောင်းလဲ ပြောထားပါတယ်။

နောက်ထပ် အကြမ်းဖက်တိုက်ခိုက်တာတွေ ထပ်မဖြစ်အောင်တားဆီးပြီး တိုက်ခိုက်မှုရဲ့လက်သည်တွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ အစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လုပ်ဆောင်နေတာနဲ့အမျှ တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို အကာအကွယ်ပေး လေးစားလိုက်နာမှု၊ ပွင့်လင်းမြင်သာရှိမှုတွေနဲ့အညီ လုပ်ဆောင်ပြီး တင်းမာတဲ့အခြေ အနေကို ပိုဆိုးစေတာမျိုး ရှောင်ရှားလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလဲ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကိုဦးတည်ပြီး အပြောနဲ့သာမက အလုပ်နဲ့ပါ လုပ်ဆောင်သွားကြဖို့ ရခိုင်ပြည်အပါအဝင် မြန်မာ တနိုင်ငံလုံးကလူထုကို အမေရိကန်နိုင်ငံခြားရေးဌာနက တိုက်တွန်းထားပါတယ်။

အခုလက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်တို့ကလဲ ပြစ်တင် ရှုတ်ချထားကြပါတယ်။ ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင်အရေး အကြံပေးကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာ ထွက်လာတဲ့နေ့ ညဘက်မှာပဲ တိုက်ခိုက်မှုတွေ စဖြစ်တာပါ။ အခုချိန်ထိ သိထားရသလောက် လုံခြုံရေးတပ်ဖွဲ့တွေအပါအဝင် စုစုပေါင်း ၁၂ ယောက်သေဆုံးထားရပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG