သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသ နှစ်ဘက်အဝန်းအဝိုင်း အရေးပေါ်အကူအညီ လိုအပ်ဆဲ


ထွကေ်ပြးတိမ်းရှောင်လာတဲ့ ဒုက္ခသည်များ
ထွကေ်ပြးတိမ်းရှောင်လာတဲ့ ဒုက္ခသည်များ

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသဘက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပိတ်မိနေကြတဲ့ ရခိုင်နဲ့ မွတ်စလင်ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးကုသမှုတွေ အရေးတကြီးလိုအပ်နေကြောင်း ဒေသခံတွေကပြောပါတယ်။

ဘေးလွတ်ရာမှာ ခိုလှုံနေကြတဲ့ တိုင်းရင်းသားပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ထောက်ပံ့မှုအကူအညီတွေကို တနင်္ဂနွေနေ့ကစလို့ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးနေတယ်လို့ အစိုးရတာဝန်ရှိသူတွေဘက်က ပြောထားပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြီးပြောပြမှာပါ။

တနင်္ဂနွေနေ့က ဘူးသီးတောင်မြို့ကို ရဟတ်ယာဉ်နဲ့ ရောက်ရှိလာတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့ဟာ မောင်တော ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူတွေ၊ ဝန်ထမ်းတွေကို ဘေးကင်းလုံခြုံရာဘက် ရွှေ့ပြောင်းထားနိုင်တဲ့ အခြေအနေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးထောက်ပံ့ဖို့ လိုအပ်တဲ့ အခြေအနေတွေကို သွားရောက်ကြည့်ရှု ဆောင်ရွက်ခဲ့ကြပါတယ်။

မောင်တောမြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတဦး
မောင်တောမြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတဦး

လက်ရှိအခြေအနေထိ ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ ကပ်နေတဲ့ မောင်တော ဒေသ မြောက်ပိုင်း ရခိုင်ရွာ တချို့မှာတော့ အကြမ်းဖက်တိုက်ခိုက်မှု ထပ်ပြီးခံရမှာကို စိုးရိမ်တဲ့အတွက် ရွာသူရွာသားတွေဟာ နေအိမ်တွေကို မပြန်ရဲကြသေးပဲ ဘေးလွတ်ရာမှာ ခိုလှုံနေကြရတယ်လို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းလို့ရတဲ့ ကြိမ်ချောင်းလုံခြုံရေးစခန်းမှာ ခိုလှုံနေတဲ့ ကြိမ်ချောင်းကျေးရွာသား မောင်လူအေးက ပြောပါတယ်။

“ကိုယ့်အိမ်တွေကိုလည်း ပြန်လို့မရသေးပါဘူးခင်ဗျ။ ကျနော်တို့ အခုအချိန်အထိ စောင့်ကြည့်နေတုန်းပါ အကြမ်းဖက်သမားတွေဝင်လာမလားဆိုပြီးတော့ ကျနော်တို့ အခုအချိန်အထိစောင့်ကြည့်နေတုန်းပါ။ စားနပ်ရိက္ခာကတော့ ကျနော်တို့အခုလောလောဆည်ရှိတာလေးတွေနဲ့ပဲ လုံလောက်အောင် လုပ်နေရပါတယ်။ စားနပ်ရိက္ခာတွေယူလို့မရဘူးခင်ဗျ ဒီလမ်းတောက်လျှောက်မှာ အကုန်လုံး မိုင်းတွေထောင်ထားလို့ သွားလို့လာလို့ ထွက်လို့ကိုမရတာပါခင်ဗျ။”

မောင်တောမြို့အရှေ့ဘက် ၁ မိုင်ကျော်အကွာမှာရှိနေတဲ့ မြို့သူကြီး လို မွတ်စလင်ရွာ တချို့ အနားတဝိုက်မှာတော့ အဲဒီက လုံခြုံရေးစခန်းတွေကို အကြမ်းဖက်တိုက်ခံရမှုမျိုးမရှိပေမယ့် လုံခြုံရေးတပ်တွေဘက်က နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုကြောင့် မွတ်စလင်ရွာသားတွေဟာ ဘေးလွတ်ရာ နီးစပ်တဲ့ ရွာတွေဘက်ကို ထွက်ပြေးနေကြရတယ်လို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းလို့ရတဲ့ မြို့သူကြီး ရွာသား ကိုလှထွန်းကပြောပါတယ်။

“အဲဒီရွာကို ဒီနေ့ စစ်တပ်ကနေလာပြီးတော့ ညနေ ၅ နာရီမှာ လောင်စာယူပြီးတော့ မီးရှို့ပစ်တယ်။ တရွာလုံးနီးပါးကို မီးရှို့ပစ်တယ်။ ပြီးတော့ လူတွေက ထွက်ပြေးကြတာပေါ့နော် အဲဒီမှာ ကလေးငယ်တွေလည်းပါတယ်။ ပြီးတော့ သက်ကြီးရွယ်အိုတွေလည်းပါတယ်၊ ပြီးတော့ ကိုယ့်အသက်ကို ကိုယ်လုပြေးကြတာပေါ့နော် လုပြီးတော့ ပြေးနေရတာပေါ့။”

နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ မွတ်စလင်ရွာတွေအနေနဲ့ အကြမ်းဖက်သမားတွေနဲ့ ပူးပေါင်းမှုမရှိရင် အစိုးရလုံခြုံရေးတပ်တွေကို မကြောက်ကြဖို့ပြောထားပေမယ့် အကြမ်းဖက်သမားတွေကိုနှိမ်နင်းရေးကိစ္စမှာ သူတို့အနေနဲ့ အစိုးရလုံခြုံရေးတပ်တွေနဲ့ မပူးပေါင်းချင်လို့မဟုတ်ပဲ အရင်အတွေ့ အကြုံတွေအရစိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ကိုလှထွန်းက ဆိုပါတယ်။

“မပူးပေါင်းတာမဟုတ်ဘူး။ လူတွေက ကြောက်ရွံ့ပြီးတော့ ထွက်ပြေးသွားတာ ။ အဲဒီလိုပူးပေါင်းမယ်ဆိုပြီးတော့ ရွာမှာနေရင်လည်း လူတွေက အသတ်ခံရမှာကို စိုးရိမ်တယ်။ အဲဒါကျနော်တို့မှာ ဘာအာမခံချက်မှလည်း မရှိဘူးလေ။ ဥပမာ ကျနော်နေမယ်ဆိုပါစို့၊ ကျနော့်ကိုဖမ်းလိုက်ရင် အကြမ်းဖက်စာရင်းထဲထည့်မှာ ၊ ဒီမှာ အဲဒီလိုအဖမ်းခံရပြီးတော့ အဲဒီစာရင်းမှာ ပါသွားရင် တရားရေးပိုင်းကိုသွားမယ်။ တရားရေးပိုင်းကိုသွားရင် ဒီမှာရှေ့နေတွေဘာတွေလည်း ငှားခွင့်မရဘူး၊ ကျနော်တို့ပြောတာတွေလည်းဘယ်သူမှမယုံဘူး။ အဲဒါကြောင့် လူတွေက စောစောကတည်းက ရှောင်လေကောင်းလေဆိုတဲ့ပုံစံနဲ့ ထွက်ပြေးသွားတာ။”

လက်ရှိ မြို့သူကြီးရွာနားတဝိုက်က ကျေးရွာတွေမှာ ပိတ်မိနေသူတွေ၊ ဘေးလွတ်ရာပြေးနေသူတွေအတွက် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့လည်း အခုလိုပြောပါတယ်။

“ပိတ်မိနေတယ်ဆိုတော့ လူတွေက လုံးဝကိုရွာအပြင်ကို မထွက်နိုင်ဘူးလေ။ ပြီးတော့ ပြောင်းရွှေ့ရတဲ့လူတွေလည်းအများကြီးဆိုတော့ လူတွေမှာအဓိက ဆေးဝါးကုသမှုတွေ လိုအပ်နေသေးတယ်။ အစားအသောက်တွေကတော့ ရတယ် လူတွေကတော့ မစားရင်လည်းရတယ်။ ဒါပေမယ့် ဒီမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရှိတယ်၊ သက်ကြီးရွယ်အိုတွေရှိတယ် ပြီးတော့ Serious ဖြစ်နေတဲ့ ရောဂါသည်တွေရှိတယ် လူနာရှင်တွေရှိတယ်။”

သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည်များ
သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည်များ

နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်သမားတွေဟာ မောင်တောမြို့ကို စနစ်တကျဖျက်ဆီးဖို့ ကြံစည်လုပ်ဆောင်နေကြောင်းနဲ့ မီးရှို့၊ လက်လုပ်ဗုံးတွေဖောက်ခွဲပြီး သေနတ်နဲ့ပ စ်ခတ်မှုတွေ မနေ့က နေ့လည်ပိုင်းအထိရှိနေသေးတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အရပ်သားတွေအပါအဝင် သေဆုံးသူ ၁၀၄ ဦးရှိနေပြီး အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် သြဂုတ်လ ၂၅ ရက်နေ့က မောင်တောဒေသအကြမ်းဖက်မှုမှာ ပါဝင်တဲ့ ARSA ခေါ် Arakan Rohingya Salvation Army ကို အကြမ်းဖက်အုပ်စုအဖြစ် မြန်မာအစိုးရက တရားဝင်ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG