သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့များ သွားလာရေးခက်ခဲ


ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ ဒေသခံတွေကိုတွေ့ဆုံစဉ်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ ဒေသခံတွေကိုတွေ့ဆုံစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကနေ လုံခြုံရေး ပေးနိုင်ဖို့ တပ်ဖွဲ့ဝင်တွေ သွားလာတာမှာ လမ်းတွေကို ဖောက်ခွဲထားတာတွေ၊ တံတားတွေကို ဖျက်စီးထားတာ တွေကြောင့် အခက်တွေ့နေရတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒီကနေ့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့တွေ့ခဲ့ပါတယ်၊ မောင်တောအဝင်မှာဆိုရင် လမ်းတွေ ၊ လမ်းလယ်ခေါင်မှာ တွင်းတွေဖြစ်ပြီးတော့ မိုင်းဗုံးတွေထောင်ထားတာ။ ဆိုတော့ ဒီကလုံခြုံရေးသွားတဲ့ တပ်မတော်သားတို့ လုံခြုံရေးအဖွဲ့ဝင်တွေဟာ မှန်းသလောက်ခရီးမပေါက်ဘူးပေါ့နော် ဒီမိုင်းတွေကိုရှင်းနေရတယ်။ အခုတံတားတွေဖျက်ထားတယ်၊ ဆိုတော့ ဒါတွေက အသွားအလာ က ချက်ချင်းသွားရတဲ့အခါတွေဖြစ်တော့ နှောင့်နှေးမှုတွေရှိတယ်။ အဲဒီအတွက် ကျနော်တို့ တိုင်းရင်းသားတွေကတော့ လက်တလောမှာ စိုးရိမ်မှုတွေဖြစ်တာပေါ့ ဒါပေမယ့် အခုကျနော်တို့ ခြုံပြီးတော့ ပြောရရင်တော့ မနေ့ညကပဲ တော်တော်များများအဲဒီကိုရောက်သွားတယ်။”

ဒီကနေ့ မောင်တောမြို့နယ်ကို သွားရောက်ခဲ့ကြတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့က သတင်းထောက်တွေကို အတွေ့အကြုံ နယ်မြေ အခြေအနေတို့ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မောင်တော ဒေသတွင်းက နယ်မြေတွေမှာ နေထိုင်ကြသူတွေ အတွက် လက်ရှိမှာ လုံခြုံရေးကို ထိန်းထားနိုင်အောင် ဆောင်ရွက်ထားတဲ့ အကြောင်းလည်း ရခိုင် ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုပါတယ်။

“အခုပြောနေတာကတော့ အခုရောက်တဲ့နေရာတွေမှာ အခုရှိနေတဲ့ နေရာတွေမှာ လုံခြုံမှုကို အပြည့်အဝရအောင်လုပ်ထားပေးတယ်။ လုံခြုံစိတ်ချအောင်နေလို့ရအောင်လုပ်ပေးထားတယ်။ လိုအပ်တဲ့အစားအသောက်လိုအပ်တာတွေကို ဖြည့်ဆည်းပေးထားတယ် နောက်ဒီကြားထဲမှာ ကျနော်တို့ ပြည့်စုံေအောင်လုပ်ပေးထားမယ် ။ အဲဒီတော့ အကယ်၍လိုအပ်လာရင် လိုအပ်သလိုကျနော်တို့ကဒါ ညှိနှိုင်းတိုင်ပင်ပြီးတော့ ခုနက ဆွဲထုတ်ဖို့လိုတယ်၊ မလိုဘူး ဒါတွေက နောက်ဖြစ်လာမယ့်ဟာတွေ လောလောဆယ် ကျနော်တို့ ဒီအနေအထားမှာ ထိန်းထားနိုင်တယ်။ လုံခြုံအောင်လုပ်ပေးထားနိုင်တယ်။”

လက်ရှိ မောင်တောဒေသတွင်းမှာ တပ်မတော် တပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေက လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်နေပြီး အကြမ်းဖက်မှုတွေကနေ တိမ်းရှောင်နေရသူတွေကို တပ်မတော် ရဟတ်ယာဉ်နဲ့လည်း စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးနေတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်း လူပေါင်း ၁၀၄ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်တွေ အရ ရဲနဲ့ တပ်မတော် တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံး၊ အရပ်သား ၁၃ ဦး သေဆုံးခဲ့ရပြီး အကြမ်းဖက် သမား ၇၉ ဦးကို အသေရမိကြောင်း ဖော်ပြထားပါတယ်။

အကြမ်းဖက် တိုက်ခိုက်သူတွေက အစိုးရ လုံခြုံရေး စခန်းတွေ၊ အစိုးရ တာဝန်ရှိသူတွေရဲ့ သွားလာမှုတွေကို ဖောက်ခွဲတိုက်ခိုက်နေသလို ရာနဲ့ချီ အင်အားရှိတယ်လို့လည်း အစိုးရ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ အကြမ်းဖက်မှုတွေ အတွင်း နောက်ဆုံး သတ်ဖြတ်ခံရမှုကတော့ မောင်တောမြို့နယ် မြို့သူကြီးရွာ အနီးမှာ ဟိန္ဒူဘာသာဝင် မိသားစု ၁၂ ဦးထဲက ၆ ဦးတို့ကို အကြမ်းဖက်သမားတွေက သေနတ်နဲ့ ပစ်ခတ်တာကြောင့် သေဆုံးခဲ့ရပြီး ၂ ဦးထိခိုက်ဒဏ်ရာရ ၄ ဦး လွတ်မြောက်ခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ည သန်းခေါင်ကျော်အချိန်မှာ မောင်တောဒေသတွင်း ဒေသ ၂၄ ခုက ရဲစခန်းတွေ ရဲကင်းတွေကို အကြမ်းဖက်သမားတွေက တပြိုင်တည်း တချိန်တည်း တိုက်ခိုက်ခဲ့တာလို့ မြန်မာ အစိုးရက သတင်းထုတ်ပြီး အခုအချိန်ထိ တိုက်ခိုက်ခံရတဲ့ ကင်းစခန်းပေါင်း ၃၀ ရှိသွားပြီ ဖြစ်ပြီး လက်နက်ငယ် တချို့လည်း ဆုံးရှုံးရကြောင်း ပြောဆိုထားပါတယ်။ တောင်ဘဇာကျေးရွာ အစွန်းရောက် အကြမ်းဖက်သမားများ ပိတ်ဆို့ထားချိန်မှာ INGO နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ဝန်ထမ်းတွေ ပါတယ်ဆိုတဲ့ သတင်းတွေကိုလည်း မြန်မာ အစိုးရက အတည်ပြုနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ARSA နဲ့ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားတွေကို အကြမ်းဖက် အုပ်စု အဖြစ် မြန်မာ အစိုးရက ကြေညာထားပြီး ဖြစ်တာကြောင့် ဒီအဖွဲ့တွေကို ထောက်ခံ အားပေး ကူညီရာ ရောက်စေတဲ့ အပြုအမူတွေကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ အညီ အရေးယူသွားမယ့် အပြင် နိုင်ငံတကာ ရဲတပ်ဖွဲ့ကိုလည်း အသိပေး ဆောင်ရွက်သွားမယ်လို့ မြန်မာ အစိုးရက ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG