သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း မောင်တောခရိုင် စစ်ဆင်ရေးဒေသအဖြစ် သတ်မှတ်ထား


 မောင်တောခရိုင် စစ်ဆင်ရေးအတွက် ရောက်ရှိလာသော စစ်သားမာျး
မောင်တောခရိုင် စစ်ဆင်ရေးအတွက် ရောက်ရှိလာသော စစ်သားမာျး

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ဖို့ တပ်မတော် ဘက်က တင်ပြထားမှုအပေါ် နိုင်ငံတော် သမ္မတရုံးဘက်က ခွင့်ပြုထားပြီးဖြစ်တယ်လို့ သမ္မတရုံး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။ မောင်တော ခရိုင်တခုလုံးကို စစ်ဆင်ရေးနယ်မြေအဖြစ် ဘယ်ကာလအထိ သတ်မှတ်ထားမယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ သ တင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

သြဂုတ်လ ၂၅ရက်နေ့က ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ တကျော့ပြန် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်မှာ ရဲကင်းတွေ၊ ရဲစခန်းတွေနဲ့ လုံခြုံရေးအခြေစိုက် တပ်စခန်း ၃၀လောက် တပြိုင် တည်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီ အကြမ်းဖက်မှုဖြစ်စဉ်နဲ့ တဆက်တည်း ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားပြီးဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

“မောင်တောဒေသမှာ ARSA တွေရဲ့အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်။ ဖြစ်တဲ့အပေါ်မှာ ကျနော်တို့ ဒီဘက်မှာ နိုင်ငံတော်အတိုင်ပင်ခံ၊ နိုင်ငံတော်သမ္မတ ၊ ဒု-တပ်ချုပ် ကျနော်တို့ ကာကွယ်ရေး ပြည်ထဲရေး၊ နယ်စပ် ၊ ကျနော်တို့ အတိုင်ပင်ခံရုံးဝန်ကြီး၊ NSA အမျိုးသားလုံခြုံရေးပုဂ္ဂိုလ် စသဖြင့်ပေါ့နော် ကျနေ်ာတို့ အဲဒါတွေသတင်းထုတ်ထားတယ်။ အဲဒီမှာ ကျနော်တို့ တပ်တွေဝင်ဖို့ အစိုးရဘက်ကနေပြီးတော့ ပြောထားပြီးသား တပ်ဝင်တာနဲ့ စစ်ဆင်ရေးနယ်မြေသတ်မှတ်တာက ၊ စစ်ဆင်ရေးနယ်မြေသတ်မှတ်မှ တပ်ဝင်လို့ရသလို တပ်ဝင်ဖို့အတွက် စစ်ဆင်ရေးနယ်မြေသတ်မှတ်ပေးရတာရှိတယ်။ အဲဒါက အခုမှသတ်မှတ်တာမဟုတ်ဘူး။ ဟိုကတည်းက သတ်မှတ်ထားပြီးသား တဆက်တည်းလို့ ကျနော်တို့ပြောလို့ရပါတယ် တပ်ဝင်တာနဲ့ စစ်ဆင်ရေးနယ်မြေသတ်မှတ်တာ။”

ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၃ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦး သေဆုံးခဲ့သလို ဒေသခံ တိုင်းရင်းသား ၁၄ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်သူတွေဘက်က အယောက် ၃၇၀ကို သေဆုံးခဲ့သလို ၉ဦးကို အရှင် ဖမ်းဆီးရမိထားကြောင်း တပ်မတေ်ာ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

မောင်တောခရိုင်တခုလုံးကို ဘယ်အချိန်အထိ စစ်ဆေးရေးနယ်မြေအဖြစ် သတ်မှတ်ထားမလဲဆိုတာ အကြမ်းဖက် တိုက်ခိုက်သူတွေရဲ့ လှုပ်ရှားမှုအပေါ် မူတည်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“အဲဒါက ဘယ်အချိန်အထိဆိုတာက အကြမ်းဖက်သမားတွေ ဘယ်အချိန်အထိတိုက်မှာလည်း ဘယ်အချိန်မှာမတိုက်တော့ဘူး ကျနော်တို့လည်းပြောလို့မရဘူး၊ တပ်မတော်လည်းပြောလို့မရဘူး။ အဲဒီအပေါ်မူတည်တယ်။ နောက်စစ်ဆင်ရေး တပ်တွေပြန်ဆုတ်ပြီဆိုရင် ပြီးခဲ့တဲ့ ပထမအကြော့ဖြစ်ဖြစ် အောက်တိုဘာလ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုမှာဆိုရင် ပြီးတာနဲ့ ကျနော်တို့ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ပြန်ရုပ်တယ်။ အဲဒီမှာ ကျနော်တို့လည်းပြောတယ်၊ အကုန်လုံးလည်းပြောတယ်။ အဲဒီမှာ ပြန်ရုပ်ပြီ ဒါဆိုရင် ဒီဒေသမှာ တပ်မရှိတော့ဘူး။ အဲဒီတော့ ဘယ်ကာလအထိ သတ်မှတ်မလဲဆိုရင်အကြမ်းဖက်သမားတွေ ဘယ်လောက်အထိ လှုပ်ရှားမလဲဆိုတဲ့အပေါ်မှာမူတည်တယ်။”

အခု တခေါက် ဖြစ်စဉ်မတိုင်ခင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့တုန်းကလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေရဲ့ လုံခြုံရေးစခန်းတွေ တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲ့ဒီတုန်းကလည်း မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် ကြေညာခဲ့ပြီး တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင် ခဲ့သလို ၂၀၁၇ ဖော်ဖေဝါရီကျမှ တပ်တွေ ပြန်လည် ရုပ်သိမ်းခဲ့တာပါ။

ဒီကနေ့ တနင်္လာနေ့ မှာတော့ အင်ဒိုနီးရှားသမ္မတ Joko Widodo ရဲ့ ညွှန်ကြားချက်အရ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာ မြန်မာပြည်ကို ရောက်ရှိလာပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ ဆုံခဲ့ပြီး ရခိုင်ပြည်နယ်တွင်း လုံခြုံရေးကိစ္စတွေ အပါအဝင် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူညီပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ အရေးနဲ့ ပတ် သက်လို့ ရုရှားနိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံက မြန်မာသံရုံးတွေရှေ့မှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါသေးတယ်။ လက်ရှိ ရခိုင် ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်ဆင်ရေး လုပ်ဆောင်ရာမှာ အရပ်သား လူထုကို မထိခိုက်စေဘဲ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေသတွေအတိုင်း လုပ်ဆောင်ဖို့ ကုလသမဂ္ဂကတော့ တိုက်တွန်းထားပြီး မြန်မာအစိုးရဖက်ကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အပေါ် တုံ့ပြန်ရာမှာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှု မရှိအောင် အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက် နေကြောင်း ပြောဆိုထားပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က မြန်မာ အစိုးရ ကင်းစခန်း ၃၀ လောက်ကို အကြမ်းဖက်သမားတွေက တချိန်တည်း တပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ ဒေသတွင်း အကြမ်းဖက်မှု တွေကနေ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ မွတ်ဆလင် ဒုက္ခသည် ၇ သောင်း ၃ ထောင်လောက် ရှိနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတင်းထုတ်ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG