ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ရခိုင်မြောက်ပိုင်း ပြဿနာဟာ လူမှုအသိုင်းအဝိုင်း နှစ်ရပ်ကြား ပဋိပက္ခ အဆင့်ကနေ နယ်မြေကျူးကျော်သိမ်းပိုက်ရေးအဆင့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဟောင်း ဦးခင်ရီက သုံးသပ်လိုက်ပါတယ်။ ဒီပြဿနာကို အကြမ်းဖက်မှုတခုအဖြစ် ကိုင်တွယ်အရေးယူဖို့ လက်ရှိအစိုးရက နှောင့်နှေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီပြဿနာ နဲ့ပတ်သက်ပြီး VOA မြန်မာပိုင်း ရန်ကုန်ရုံးခွဲရောက် ဒေါ်ခင်မျိုးသက် က ဦးခင်ရီ ကို တွေ့ဆုံမေးမြန်ထားပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ပထမဦးဆုံး လတ်တလော မြန်မာပြည်မှာ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဦးခင်ရီရဲ့ ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီးတော့ ယေဘုယျအမြင်လေးကို နည်းနည်းပြောပြပေးပါ။
ဦးခင်ရီ ။ ။ ရခိုင်ပြဿနာကတော့ စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိတယ်လို့ ဆိုရမှာပေါ့။ ရခိုင်ပြဿနာ ဖြစ်ခဲ့တာ သမိုင်းအစဉ်အဆက် ဖြစ်ခဲ့တာ။ အနီးဆုံး ပြောရရင် အရင်အစိုးရလက်ထက် သမ္မတဦးသိန်းစိန်လက်ထက်တုန်းက ၂၀၁၂ ခုနှစ်မှာ တစ်ခါ ဖြစ်ပါတယ်။ မေနဲ့ဇွန်မှာ တစ်ခါဖြစ်တယ်။ အောက်တိုဘာမှာ တစ်ခါဖြစ်တယ်။ အဲဒီတုန်းက ဖြစ်တဲ့ဖြစ်စဉ်က ဒီဒေသထဲမှာ ရှိနေတဲ့ ဘင်္ဂလီ နဲ့ ဒေသခံတိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသားတွေ ဖြစ်တဲ့ ပြဿနာသက်သက်။ အခု ၂၀၁၆ ခုနှစ် အောက်တိုဘာလ ဖြစ်တဲ့ ပြဿနာကြတော့ ဒီလို လူမျိုးစုချင်း ရန်ဖြစ်တဲ့ ပြဿနာ မဟုတ်တော့ဘူး။ နိုင်ငံရေး ရည်မှန်းချက်တစ်ခုအတွက် စခန်းသိမ်းတိုက်ပွဲ၊ နယ်မြေသိမ်းတိုက်ပွဲ၊ နယ်မြေတစ်ခုကို သိမ်းပိုက်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်လာတဲ့ဟာမျိုး ဖြစ်တာကြောင့် အခု ပြဿနာက ယခင်ကထက် ပိုရှုပ်ထွေးတယ်။ နက်နဲတယ်။ သေသေချာချာ ကျကျနန Plan ချပြီး ရှင်းရမယ့်ဟာမျိုးဆိုပြီး ဒီလို အကြမ်းမျဉ်း သုံးသပ်လို့ရပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အခု နောက်ကြောင်းကို ပြန်မလှည့်ခင် အခု ရခိုင်မှာ ဖြစ်ပွားနေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီးတော့ ဒီလက်ရှိ အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီးတော့ အတိုက်အခံအဖွဲ့အနေနဲ့ ဘယ်လို မြင်ပါလဲ။ လက်ရှိ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်နေပုံကို။
ဦးခင်ရီ ။ ။ သူက အချိန်ကိုက်ဖြစ်ဖို့ လိုတာပေါ့။ ဥပမာအားဖြင့် ဒီ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့မှာ နယ်ခြားစောင့် ရဲစခန်း ဌာနချုပ်အပါအဝင်၊ ရဲစခန်း (၂) ခု၊ ပေါင်း (၃) ခုကို တိုက်လိုက်တဲ့အခါကြတော့ တိုက်တိုက်လိုက်ခြင်း ကျနော်တို့က ဒါကို သုံးသပ်ကြည့်ပါတယ်။ တိုက်တဲ့ဟာက တနေရာဆီမှာရှိတဲ့ စခန်း (၃) ခုကို တချိန်တည်း တပြိုင်တည်း စစ်စကားနဲ့ ပြောရင်တော့ အချိန်ငိုက်၊ လူငိုက် ယူပြီးတော့ Morning attack သဘောဖြစ်တယ်။ နောက်ဆုတ်သွားတာတို့၊ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပံ့ပိုးတာတို့၊ ဒီစစ်ဆင်စနစ်တွေက သာမန်လူ လုပ်တဲ့ဟာ မဟုတ်ဘူး။ စစ်ပညာနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့လူ လုပ်တဲ့ဟာလို့ ဒီလိုသုံးသပ်တယ်။
နောက်တချက်ကလည်း တရားဝင် ထုတ်ပြန်ချက်တွေအရ လာတိုက်တဲ့အဖွဲ့တွေက RSO ကို အခြေခံတဲ့ အကွာမူ မူဂျာဟစ်ဒင်အဖွဲ့ ဖြစ်တယ်။ ဒါက တိုက်ခိုက်ရေးအဖွဲ့။ အဲဒီအဖွဲ့ကို အထောက်အကူပြုမယ့် Rohingya National Security Committee ဆိုတဲ့ နိုင်ငံရေးအဖွဲ့လည်း ရှိတယ်။ ဒီနှစ်ဖွဲ့ပေါင်းပြီးတော့ ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့လို့ ထင်ပါတယ် - Arakan Rohingya Salvation Army ဆိုပြီးတော့ အဖွဲ့တခု ဖွဲ့လိုက်တယ်။ ဒါက သူတို့နိုင်ငံမှာ ရှိခဲ့တဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ဒီအဖွဲ့ကို ဦးဆောင်တဲ့ အဘစ်ဒူလာ ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ကရားချီမှာ မွေးတယ်။ ပါကစ္စတန်မှာ သင်တန်း (၆) လ တက်တယ်။ ဆော်ဒီနဲ့ မက္ကအိုမှာ ကြီးပြင်းခဲ့သူ ဖြစ်တယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်တယ်လို့ ပြောတယ်။ အလားတူပဲ ဒီစခန်းတွေကို တိုက်ပြီးတော့ ထွက်ပြေးသွားတဲ့လူတွေကို ဘယ်ဂျီယန်မှာ အခြေစိုက်တဲ့ ICG အဖွဲ့ ရှိပါတယ်။ အဲဒီအဖွဲ့ရဲ့ တွေ့ဆုံမေးမြန်းခန်းမှာလည်း သူတို့က အကြမ်းဖတ်တဲ့လူနေနဲ့ ချိတ်ဆက်ပါတယ်လို့ပြောတယ်။ နောက်တခါကျနော်က ဘာသွားတွေ့သေးသလဲဆိုတော့ အကြမ်းဖက်သမားတဦးရဲ့ ဖွင့်ဟဝန်ခံချက်ဆိုတာကို ကျနော်ဖတ်လိုက်ရတယ်လေ အဲဒါသူက အရှေ့အလယ်ပိုင်းမှာရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းက အဖွဲ့ဝင်တယောက်ဖြစ်တယ်။
ဟိုဘက်မှာကတော့ ဒီအရှေ့အလယ်ပိုင်းဒေသမှာ ISIS ကနေလို့ထိုင်လို့ မရတော့ဘူး Russia တို့ အမေရိကန်တို့ကတိုက်တော့ သူတို့အဖွဲ့ ပြိုကွဲနေတယ်။ ဆိုတော့ အရှေ့တောင်အာရှ ကိုခြေကုတ်အသစ်ယူတယ်။ ဖိလစ်ပိုင်တောင်ပိုင်း ကျွန်းဒေသကို သူတို့က သဘောကျတယ်၊ မြန်မာပြည်ကိုလည်း သူတို့သဘောကျတယ်။ ဒါတွေကို ဆက်စပ်လိုက်တဲ့အခါကျတော့ ဒါဟာ Terrorist ဖြစ်တယ်၊ အကြမ်းဖက် ဖြစ်တယ်။ ကျနော်တို့ ချက်ချင်း အကြမ်းဖက်ဥပဒေကလည်း တည်ဆဲဥပဒေဖြစ်တော့ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ပြဌာန်းတာကို အဲဒါနဲ့ အရေးယူပေးပါလို့ပြောတာ ၉ လကြာသွားတယ်ခင်ဗျ။ ကျနော်တို့ ပြောခဲ့တာက ၂၀၁၆ အောက်တိုဘာကတည်းက ပြောခဲ့တာ အခုကျနော်တို့ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ မှဆိုတော့ ၉ လာကြာတော့ နောက်ကျတယ်။ အဲဒီတော့ တုံ့ပြန်ချက်တွေက နှေးတယ်လို့ ကျနေ်ာတို့အဲလိုမြင်တယ်။ နောက်ဒုတိယ ဘယ်လိုသုံးသပ်သလဲဆိုတဲ့အခါကျတော့ မြေပြင်လက်ရှိအခြေအနေကို ကျကျနန သိဖို့လိုတယ်လို့ သုံးသပ်ပါတယ်။ နောက် တတိယအချက်က နိုင်ငံတော်အရေးနဲ့ ပတ်သက်လာရင် ကိုယ့်ပါတီ ဟုတ်ဟုတ်မဟုတ်ဟုတ်၊ ကိုယ့်လူမျိုး ဟုတ်ဟုတ်မဟုတ်ဟုတ် ကောင်းမွန်တဲ့အကြံမျိုးဆိုရင် လက်ခံသင့်တယ်။ ဆိုတော့ ဒီလိုလက်မခံခဲ့လို့ ကျနော်တို့နောက်ကျသွားတာ နောက်ပြီး ဆုံးရှုံးမှုတွေဖြစ်တယ်။ အဓိကတော့ ဒီ (၃) ချက်ပါ။
ဒေါ်ခင်မျိုးသက် ။ ။ ဒီဟာက အတိုက်အခံပါတီအနေနဲ့ မြင်တာပေါ့။ လက်ရှိပါတီရဲ့ လုပ်ကိုင်ဆောင်ရွက်နေတာကို အချိုးမကျဘူးလို့ မြင်တယ်ပေါ။ ဆိုတော့
ဦးခင်ရီ ။ ။ ထောက်ပြရင်တော့ အများကြီးပေါ့။ ဒီ (၃) ချက်က အဓိက ထောက်ပြတာပါ။
ဒေါ်ခင်မျိုးသက် ။ ။ ကျမ နောက်ကြောင်ပြန်ပြီး မေးရမယ်ဆိုရင် အခုလိုမျိုး ပြဿနာတွေ စဖြစ်လာတာ ဟို ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးတိုက်ပွဲတွေ လုပ်ရကာနေ မြန်မာနိုင်ငံထဲကို စိမ့်ဝင်လာခဲ့တယ်။ ဝင်လာတဲ့အခါမှာ အဲဒီတုန်းကဆိုရင် ငါးသိန်းဝန်းကျင် ရှိတယ်။ အဲဒီလိုမျိုး ဝင်လာတဲ့အချိန်မှာ ပြန်ပြီးတော့ မပို့နိုင်ခဲ့ဘူး။ နောက်ကျတော့ နဂါးမင်း စစ်ဆင်ရေးနဲ့ ဖြေရှင်းတယ်။ နဂါးမင်းစစ်ဆင်ရေးကြောင့် အဲဒီလူတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတယ်။ ထွက်ပြေးပြီးတော့ နောက်တခါ အဲဒီဥစ္စာတွေကလည်း နောက် (၃) လလောက်အကြာမှာ ဟင်္သာစီမံချက်နဲ့ ပြန်ပြီး လက်ခံခဲ့တယ်။ ဆိုတော့ ကျမ ဆိုလိုချင်တာက ကြည့်လိုက်လို့ရှိရင် အရင်အစိုးရက စစ်အစိုးရလို့ နိုင်ငံတကာက သတ်မှတ်ထားပါတယ်။ ဒီ စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်တယ်။ အဲဒီလိုမျိုး အခြေအနေမျိုးမှာ ဒီလိုမျိုး နိုင်ငံထဲကို တခြားတဘက်နိုင်ငံထဲကလူတွေ စိမ့်ဝင်လာတာကို သိရဲ့နဲ့ ဘာကြောင့် မကာကွယ်နိုင်ခဲ့လဲ။ အခု အစိုးရက ဒီမိုကရေစီအစိုးရ - ဒေါ်အောင်ဆန်းစုကြည်ဆိုတာ နိုင်ငံတကာက သိတယ်။ ဒီလို အခြေအနေမျိုးမှာ ဒီလူတွေကို ပြန်လွှတ်ဖို့အတွက် ဘာကြောင့်များ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဦးခင်ရီအနေနဲ့ သုံးသပ်ပါလဲ။
ဦးခင်ရီ ။ ။ အဲဒီတော့ နည်းနည်းလေး ကျယ်ကျယ်ပြန့်ပြန့်ပြောမှ ရမှာပေါ့။ ဒီပြဿနာတွေ လွှတ်တော်မှာလည်း ကြားပါတယ်။ ရခိုင်ပြဿနာနဲ့ ပတ်သက်လို့ ဆွေးနွေးကြတဲ့အခါ ဒီပြဿနာက အရင်အစိုးရအဆက်ဆက်က ထားခဲ့တဲ့အကြွေးကို လက်ခံခဲ့ကြတယ်။ အရင်အစိုးရအဆက်ဆက်က ဘာမှမလုပ်ဘူးဆိုတာနဲ့ ခပ်ဆင်ဆင် ပြောကြတာပေါ့။ အဲဒီတော့ ဒီနေရာမှာ ကျနော်က နည်းနည်းလေး ပြောချင်တာက နံပတ်တစ်က ဒီလိုလူတွေ အများအပြား စိမ့်ဝင်လာခြင်းအကြောင်းရင်းက နံပတ်တစ်တချက်က ကျနော်တို့ သူများကျွန် ဖြစ်ခဲ့လို့ပဲ။ ကျနော်တို့ အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့လို့ပဲ။ ဝန်ထမ်းတွေ အကျင့်ပျက်လို့ ဘာတို့ဆိုတာ အသေးအဖွဲအကြောင်းအရာ။ ဘာကြောင့်လဲဆိုတော့ သမိုင်းကို ပြန်ကြည့်လို့ရှိရင် ၁၈၂၄ မှာ အင်္ဂလိပ်-မြန်မာ ပထမစစ် ဖြစ်တယ်။ ရခိုင်ကျသွားတယ်။ ဒါ သိပြီသားပါ။ ရန္နပိုစာချုပ်နဲ့ စစ်ပြေငြိမ်တယ်။ ရခိုင်ကျတယ်။ တနင်္သာရီကျတယ်။ အဲဒီတော့ ဒီဘက်မှာရှိတဲ့ လယ်ယာမြေ လုပ်ငန်းတွေအတွက် ကိုလိုနီ ဗြိတိသျှအစိုးရက လုပ်သားတွေ ခေါ်သွင်းတယ်။ သွင်းတာမှ British-Indian Stream Navigation Company တို့ ဘာတို့ဖွဲ့ပြီး တအားသွင်းတော့ အဓိက များများစားစား ဝင်လာတာ ကျနော်တို့ ကျွန်ဖြစ်ခဲ့ရလို့။ အချုပ်အခြာအာဏာ ဆုံးရှုံးလို့။
ဒေါ်ခင်မျိုးသက် ။ ။ အဲဒါက အရင်ခေတ် ဗြိတိသျှခေတ်။ ကျမ ပြောတာက နောက်ပိုင်း ၁၉၇၁ ခုနှစ် ဒီမှာ စစ်အစိုးရ အုပ်ချုပ်နေပြီ။ လွတ်လပ်ရေး ရခဲ့တာလည်း ကြာပြီပေါ့။ ဒီလို အခြေအနေမျိုးမှာ စိမ့်ဝင်လာတဲ့ ပြဿနာကို ကာကွယ်ဖို့အတွက် ပျက်ကွက်တာပေါ့။ အဲဒီတုန်းကတော့ ထားပါတော့ စစ်အစိုးရ။ အခု ပြဿနာ ဖြစ်နေတာက ဒီလူတွေ ဝင်လာတာ၊ ဒီပြဿနာရဲ့ အဓိက။ ဘာကြောင့်များ မကာကွယ်နိုင်ရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနောက်ပိုင်းမှာ ဦးခင်ရီအနေနဲ့ ဝန်ကြီးအနေနဲ့ လူဝင်မှု့ကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ကိုယ်တိုင်စီမံဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ အဲဒီအချိန်မျိုးမှာ ဘာကြောင့်များ မကာကွယ်နိုင်ရပါလဲ။
ဦးခင်ရီ ။ ။ ဆိုတော့ နံပတ်တစ်ကတော့ တကယ့်ကို လူဦးရေ ပေါက်ကွဲမှုနှုန်း များနေတယ်။ ကျနော်တို့ထက် အင်အားသုံးဆလောက် သေးပြီးတော့၊ လေးဆလောက် လူဦးရေများနေတဲ့ နိုင်ငံနဲ့ နယ်နမိတ်ချင်းဆက်နေရတာ အကြောင်းတချက်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က စိမ့်ဝင်မှုတွေ လုပ်နေမှာပဲ။ ရှည်လျားတဲ့ နယ်စပ်ကို ကာကွယ်တဲ့အခါမှာ ဓနစွမ်းအားတို့၊ လုံခြုံရေးစွမ်းအားတို့က အပြည့်အဝ လိုပါတယ်။ ဒါလဲ ဖွံ့ဖြိုးဆဲနိုင်ငံအတွက် ပြည့်ပြည့်စုံစုံ ထိန်းနိုင်သိမ်းနိုင်မယ်လို့ မပြောနိုင်ပါဘူး။ ဟို ကျနော်တို့ နဝက၊ နရက အစိုးရလက်ထက်တုန်းက ဒီလိုဖြစ်ခဲ့ဖူးလို့ ဘယ်လို ကာခဲ့တယ်ဆိုတာ အဲဒီအနောက်ဘက်နယ်နမိတ်ကို အဆင့် (၄) ဆင့်နဲ့ ကာခဲ့တာရှိတယ်။ ဒါ ကျနော် ကြုံလို့ပြောပြတာ။ (တစ်) လူတံတိုင်းကာ - အဲဒါက ဘာလဲဆိုတော့ ဒီနေရာမှာ လစ်တဲ့နေရာတွေမှာ အခြားနိုင်ငံသားတွေ ဝင်လာမှာစိုးလို့ ရွာတွေ တည်ပေးတာ။ (၂၄) ရွာ တည်ပေးခဲ့တယ်။ (နှစ်) ဒုတိယတံတိုင်းက လုံခြုံရေးတံတိုင်း - အဲဒါက နစက လို့ခေါ်တဲ့ တပ်၊ ရဲ၊ အကောက်ခွန်၊ လဝက ပေါင်းတဲ့အဖွဲ့ - တောက်လျှောက် နတ်မြစ်တလျှောက် နယ်မြေရှစ်ခု၊ စခန်း (၂၅) ခု ကာခဲ့တာရှိတယ်။ (သုံး) တတိယ ကာကွယ်ရေးတံတိုင်း - အရင်တုန်းက တပ်ရင်း (၃) ရင်းပဲ ရှိတယ်။ အခု (၈၉) ဌာနချုပ် (၃) ခုဆိုတော့ တပ်ရင်းပေါင်း အများကြီးပေါ့ - ကာခဲ့တာရှိတယ်။ (လေး) စတုတ္ထက သဘာဝတံတိုင်း - လူလုပ်တံတိုင်း - (၁၈၆) မိုင်ကို ကာခဲ့တာ အခု (၄၂) မိုင် လုပ်ခဲ့တယ်။ အဲဒီလို ကာခဲ့တာ ရှိတယ်။
နောက်တဘက်ကလည်း ဒီလိုပဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမျိုးနဲ့ စီစစ်ခဲ့တာ ရှိတယ်။ ဆိုတော့ ဝင်တာထက်၊ အထဲမှာ ပေါက်ဖွားမှုနှုန်းက ပိုများတယ်။ အဲဒီတော့ ကျနော်တို့က နိုင်ငံသား စီစစ်ရေးနဲ့ စစ်တဲ့လုပ်ငန်းတွေက လုပ်သော်လဲ အဟန့်အတား အများကြီးဖြစ်တယ်။ ရပ်နေတယ်။ သူတို့ကို ထွက်ပေါက်ပေးဖို့ နည်းနည်းခက်နေတာပေါ့။ ဒီလူတွေက နိုင်ငံသားအဖြစ် ရသွားတယ်ဆိုရင် နေရာတွေ ပြန့်သွားတာရှိမယ်။ အခု နိုင်ငံသားအဖြစ် အစစ်မခံတဲ့အတွက်ကြောင့် ကျနော်တို့က သိပ်ဆက်လုပ်လို့ မရဘူး ဖြစ်နေတယ်။
ဒေါ်ခင်မျိုးသက် ။ ။ စောစောက ဦးခင်ရီ ပြောတာဆိုရင် ထွက်ပေါက်ပေးဖို့ ခက်နေတယ်ဆိုတာ ဘယ်လို ထွက်ပေါက်မျိုးတွေများ ပေးဖို့လဲ။
ဦးခင်ရီ ။ ။ နိုင်ငံသားအဖြစ် စစ်ဆေးခံတယ်။ သတ်မှတ်ထားတဲ့ နိုင်ငံသားဖြစ်ရေး Criteria ပြည့်တဲ့ နိုင်ငံသား ဖြစ်တယ်ဆိုရင်တော့ နိုင်ငံသားတယောက်ရဲ့ Rights တွေ ရှိတာပေါ့။ Freedom of Movement တွေ ရှိတယ် စသည်ဖြင့် ရေကြည်ရာ မြက်နုရာ အခြားနိုင်ငံတွေ သွားတဲ့အခါလည်း ဒီနိုင်ငံသားစစ်စစ်ဖြစ်မှ ဟိုကလက်ခံမှာပေါ့။ ဒီလို Chance တွေက ဆုံးတဲ့သဘော ဖြစ်နေတာပေါ့။ ဒီမှာလာပြီး အိုင်းနေသလို ဖြစ်နေတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ကျမကို အဲဒီ အခက်အခဲတွေ ပြောပြပေးပါ။
ဦးခင်ရီ ။ ။ အဓိကတော့ အချက်တစ်ချက် ရှိတာပေါ့။ တစ်က နိုင်ငံသားစီစစ်ရေး လုပ်ငန်းဟာ တခြားအဆောက်အဦးတို့ ဘာတို့လို ပိုက်ဆံရှိတိုင်း လုပ်လို့ရတာ မဟုတ်ဘူး။ သူက Step by Step လုပ်ရတာ။ ဘင်္ဂလီတယောက်က နိုင်ငံသား စီစစ်ရေး လုပ်ချင်တယ်ဆိုရင် မြို့နယ်အဆင့်ကနေ အစစ်ခံရတယ်။ ဥပဒေ ဆယ်မျိုးနဲ့ တိုင်းတယ်။ စစ်တဲ့အခါမှာလည်း ဘင်္ဂလီ ကိုယ်စားလှယ်ပါတယ်။ ရခိုင် ကိုယ်စားလှယ်ပါတယ်။ အဲဒါက သူတို့ သက်ဆိုင်ရာ အဖွဲ့အစည်းက စိတ်ကြိုက်ရွေးပေးတဲ့ လူတွေ။ ကျန်တာကတော့ အစိုးရဝန်ထမ်းတွေ ပါတာပေါ့။ အဲဒီကနေ Pass ဖြစ်တော့မှ တိုင်းကိုတင်တယ်။ တိုင်းမှာလည်း ဒီလိုအဖွဲ့နဲ့စစ်တယ်။ ပြီးနောက် ဗဟိုကို တင်ရတယ်။ ဗဟိုမှာ (၅) ဦးအဖွဲ့ လဝကဝန်ကြီးက ဥက္ကဋ္ဌ ပါ။ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး ဒီလိုပါပါတယ်။ နိုင်ငံတကာအမြင်၊ ကာကွယ်ရေးအမြင်၊ ဥပဒေအမြင် ဒီလိုအမြင်တွေပါအောင် ဖွဲ့ထားတာပါ။ အဲဒီအဖွဲ့က ဆုံးဖြတ်ပါတယ်။ ပြီးတဲ့အခါ အဲဒီအဖွဲ့က Cabinet ကို တင်ရပါတယ်။ တစ်လတစ်ခါ ဆုံးဖြတ်တယ်။ ပြန်ချပေးတဲ့အခါ မကျေနပ်တဲ့လူက အယူခံဝင်ခွင့်ရှိတယ်။ အဲဒီလို အယူခံဝင်တဲ့အခါ ပုဒ်မ (၇၁) အရ၊ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်က အတည်။ Process က နည်းနည်းကြာတယ်။ ပြန်ဆင်းလာရင် ဒီလူတွေက ကျမ်းသစ္စာကျိန်ဆိုရတယ်။