သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဖော်ပြတဲ့ ဒုက္ခသည်အရေအတွက် မြန်မာငြင်းဆို


ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာကြတဲ့ မူဆလင် ဒုက္ခသည်များ ( စက်တင်ဘာ ၇-၂၀၁၇)
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာကြတဲ့ မူဆလင် ဒုက္ခသည်များ ( စက်တင်ဘာ ၇-၂၀၁၇)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန်ဖြစ်လာတဲ့ အကြမ်းဖက်တိုက်ခိုက်မှု နောက်ဆက်တွဲအဖြစ်၊ ဒီကနေ့အချိန်ထိ သိန်းနဲ့ချီတဲ့ ဒေသခံမွတ်ဆလင် တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံသွားတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ခန့်မှန်းပြောနေတဲ့ ဒီအရေအတွက်ဟာ လက်တွေ့မှာထက် များလွန်းကြောင်း၊ နယ်ခြားစောင့် ရဲအရာရှိတွေနဲ့ မောင်တောမြို့အုပ်ချုပ်ရေး အာဏာပိုင်တွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

သြဂုတ်လ(၂၅)ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးရဲကင်းတွေကို ARSA လို့ခေါ်တဲ့ ရိုဟင်ဂျာအကြမ်းဖက်အုပ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကလည်း နယ်မြေရှင်းလင်းရေး လုပ်လာချိန်မှာ ဒေသခံမွတ်ဆလင်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပြီးနောက် ဒီကနေ့အချိန်အထိ ဒေသခံမွတ်ဆလင် (၂၇၀,၀၀၀)လောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံသွားတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ခန့်မှန်းပြောဆိုနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ဒုက္ခသည်စခန်း (၂)ခုမှာ ဒုက္ခသည် အသစ်တွေ ထပ်ရောက်လာပြီး သူတို့အတွက် အရေးပေါ်နေထိုင်စရာတွေ လိုအပ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီရဲ့ပြောခွင့်ရ အမျိုးသမီး Duniya Aslam Khan ကပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ Kutupalong ကုတုပလောင် ဒုက္ခသည်စခန်းနဲ့ Nayapara နယာပါရာ ဒုက္ခသည်စခန်းမှာ အရင်ကတည်းက ရိုဟင်ဂျာ ဒုက္ခသည် ၃သောင်း ၄ထောင်လောက် ရှိနေတာပါ။ အခု အသစ်ထပ်ရောက်လာကြတဲ့ ဒုက္ခသည်တွေ နဲ့ပါဆိုရင် လူဦးရေ နှစ်ဆကျော်တိုးသွားပြီး အားလုံး ၇သောင်းကျော် ရှိသွားပါတယ်။ သူတို့အတွက် အရေးပေါ်လိုအပ်တာက နေထိုင်စရာ ရွက်ဖျင်တဲတွေပဲ ဖြစ်ပါတယ်။”

တကြော့ပြန် အကြမ်းဖက်မှုဖြစ်ပြီး (၂)ပတ်လောက်ရှိလာတဲ့ ခုလိုအချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရခိုင်မြောက်ပိုင်းက မွတ်ဆလင် အရေအတွက် (၂၇၀,၀၀၀)လောက်ရှိတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ခန့်မှန်းပြောဆိုနေတဲ့ ဒီအရေအတွက်ဟာ လက်တွေ့မှာထက် များလွန်းကြောင်း မောင်တောမြို့နယ် နယ်ခြားစောင့် ဒုရဲမှူးကြီး စိုးမြင့်ဦးက VOA ကိုပြောပါတယ်။

" အဲ့တာတော့ ပြောဖို့တော့ ခက်တယ်ခင်ဗျ။ သို့သော် သူတို့ပြောသလို အဲ့လောက်တော့ မရှိနိုင်ပါဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ၉-အောက်တိုဘာ ၂၀၁၆ ဖြစ်စဉ်တုန်းက ခြောက်သောင်း၊ ခုနှစ်သောင်းလောက် တဘက်နိုင်ငံရောက် တယ်ဆိုပြီးတော့ တကယ့်တကယ် မေးကြည့်တော့ မြေပြင်ကို ကွင်းဆင်း စစ်ကြည့်လိုက်တဲ့အခါမှာ ဟိုဘက်နိုင်ငံကို ကူးသွားတာမဟုတ်ပဲနဲ့ မိမိတို့နဲ့ရင်းနှီးတဲ့သူ ဆွေမျိုးမိတ်သင်္ဂဟ ရှိတဲ့သူတွေရှိတဲ့ ကျေးရွာတွေမှာ ရှိနေတဲ့အတွက် သူတို့ပြောတဲ့အရေအတွက်ရဲ့ သုံးချိုးနှစ်ချိုးလောက်က ဒီမှာရှိပြီးတော့ တချိုးလောက်သာ တဘက်ကို သွားတဲ့အနေအထားမျိူး တွေ့ရပါတယ်ခင်ဗျ။ အခုလည်း သူတို့ပြောနေတဲ့ အနေအထားရယ် ကျနော်ထင်ပါတယ် ထက်ဝက်သို့မဟုတ် သုံးချိုးနှစ်ချိုးလောက်က ဒီမှာပဲရှိပြီးတော့ ကျန်တာတော့ တဘက်ကို ရောက်ရှိကောင်းရောက်ရှိနိုင်ပါတယ်။ "

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးသွားတယ်ဆိုတာ ခန့်မှန်းပြောဆိုမှုတွေသာ ဖြစ်တယ်လို့ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောပါတယ်။

“အဲလောက်တော့လည်း မရှိနိုင်ပါဘူး။ အဲလိုလဲ ပြောလို့ မရသေးပါဘူး။ မှန်းတာပဲ ရှိသေးတာဗျ။ အဲဒါတော့ ပြောလို့မရသေးပါဘူး”

ရခိုင်ဒေသနယ်စပ်မှာ ပဋိပက္ခတွေဖြစ်လာလို့ ဒေသခံမွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတိုင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က အကြောင်းကြား ဝေဖန်ကန့်ကွက်မှုတွေ လုပ်လေ့ရှိပြီး၊ ဒီတခေါက်မှာ စောဒကတက်တာမျိုး မကြားရသေးကြောင်း ဒုရဲမှူးကြီး စိုးမြင့်ဦးက ပြောပါတယ်။

" အဲ့သလိုပြေးရင်ရော တဘက်နိုင်ငံက ဒီလူတွေ အားလုံးကို လက်ခံပါ့မလား ဒါမှမဟုတ် ဒီလိုပြေးလာနေတာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ဟာမျိုးကိုပေါ့နော် ဒါ ချက်ခြင်းတုန့်ပြန်မှုတခုတော့ ရှိလာမယ်ထင်တယ်။ ဒီလောက်လူဦးရေများစွာ သူတို့နိုင်ငံထဲ ဝင်လာတာ ဒီနေ့ဒီအချိန်အထိလည်း တဘက်နိုင်ငံက Declare လုပ်တာ မရှိသေးဘူး။ အဲ့တော့ အဲ့တာတွေက ထည့်သွင်းစဉ်းစားရမယ့်အချက်တွေပါခင်ဗျ။"

ဘင်္ဂလားမြန်မာနယ်စပ်မှာ ခြံစည်းရိုးကာထားပေမယ့် အပြည့်အစုံ မကာရံရသေးတာကြောင့်၊ ရေလမ်း ကုန်လမ်းတွေကတဆင့် ထွက်ပြေးနိုင်ပြီး အတော်များများက မြန်မာပြည်ဘက်မှာသာ ရှိနေနိုင်ကြောင်း ဒုရဲမှူးကြီး စိုးမြင့်ဦးက ရှင်းပြပါတယ်။

" အဲ့တော့ နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်ပြီးသွားတာလည်း ရှိနိုင်သလို ရေကြောင်းနဲ့လည်း ထွက်တာရှိနိုင်တယ်ခင်ဗျ။ ယခင်တုန်းကလည်း ဒီလိုစက်လှေတွေနဲ့ ထွက်ပြေးခဲ့ကြတဲ့ အစဉ်အလာရှိခဲ့ဖူးတယ်လေ အဲ့ဒီ့တော့ အရေအတွက်တော့ ခန့်မှန်းဖို့တော့ ခက်မယ်ခင်ဗျာ ဒါပေမဲ့ တော်တော်များများတော့ မောင်တော တောင်ခြမ်း မြောက်ခြမ်း ဒေသထဲမှာပဲ နီးစပ်ရာတို့ သူတို့တခြားအဆင်ပြေမယ့်နေရာလေးတွေ ပုန်းရှောင်နေတဲ့အနေအထားမျိုးလေးတွေတော့ရှိတယ်ခင်ဗျ။"

ခုလို ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများ အကူအညီပေးရေး IOM အဖွဲ့က အရေးပေါ်အကူအညီ ဒေါ်လာ(၁)သန်း ပေးသွားမယ်လို့ ကြေညာထားပါတယ်။ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ၊ ကွမ်းသီးပင်၊ သဲချောင်း၊ မီးတိုက် စတဲ့ဒေသကနေ ထွက်ပြေး သွားကြသူတွေဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၃၁ ကနေ ၃၅ ကြားမှာ လူ(၃)သောင်းလောက် ယာယီတဲတွေနဲ့ တရားမဝင် နေထိုင်လျက်ရှိကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနယ်စပ် ရခိုင်ပြည်နယ်မှာတော့ ဒေသခံမူဆလင်တွေဟာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေလို့ သတ်မှတ်ခေါ်ဝေါ်ကြပေမယ့် မြန်မာအစိုးရကတော့ ဒါကို လက်မခံပဲ၊ သူတို့ဟာ ဘင်္ဂလီတွေသာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG