သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကန်တိုက်တွန်း


ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်လုပ်ရပ်တွေကို မြန်မာအစိုးရက နှိမ်နင်းနေတဲ့အပေါ် အမေရိကန်ပြည် ထောင်စုက ထောက်ခံပေမဲ့လဲ လိုအပ်နေသူတွေ အတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးရမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က သောကြာနေ့မှာ ပြောပါတယ်။

အကြမ်းဖက်လုပ်ရပ်တွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးရသူတွေကို လူသားချင်းစာနာမှုအကူအညီပေးမယ်လို့ မြန်မာအစိုးရက ပြောတဲ့အပေါ် မိမိတို့ကြိုဆိုကြောင်း၊ ဒါပေမဲ့ အဲဒီအကူအညီတွေဟာ လိုအပ်နေသူတွေဆီ ဖြစ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းနဲ့ သူတို့ရဲ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို အကာအကွယ်ပေးတဲ့ အခြေအနေမျိုးနဲ့ တကယ်တမ်း ရောက်အောင်ပို့ဖို့ ဆက်ပြီး တိုက်တွန်းသွားမှာဖြစ်ကြောင်း သောကြာနေ့ထုတ်ပြန်ချက်တခုမှာ သံအမတ်ကြီး Haley က ပြောထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကလဲ ရခိုင်မြောက်ပိုင်းကို လူသားချင်းစာနာမှု အကူအညီတွေ ပြန်ပေးနိုင်ရေးအပေါ် အထူး အာရုံ စိုက်ထားကြောင်း၊ အဲဒီဒေသမှာ မတရားလုပ်တာတွေရှိတယ်ဆိုတဲ့ ဆက်ပြီးထွက်လာနေတဲ့ စွပ်စွဲချက်တွေအပေါ် အထူးစိုးရိမ်မိ တဲ့အကြောင်း သောကြာနေ့အစောပိုင်းမှာ ပြောခဲ့ပါသေးတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့တောင်အာရှရေးရာ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က သတင်းထောက်တွေကို တယ်လီဖုန်းကနေတဆင့် ပြောတာပါ။

အဲဒီ ဒေသမှာ တင်းမာမှုတွေ လျော့ပါးသွားရေး လုပ်ဆောင်ကြဖို့ သက်ဆိုင်သူအားလုံးက လုပ်ဆောင်ပါလို့လဲ မစ္စတာမာဖီက တိုက် တွန်းပါတယ်။ သြဂုတ်လကတည်းကဆိုရင် အကြမ်းဖက်လုပ်ရပ်တွေကနေလွတ်ဖို့ နယ်စပ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်ပေါင်းဟာ အရေအတွက် ၂၀၀,၀၀၀ ကောင်းကောင်းကျော် သွားလောက်ပြီလို့လဲ မစ္စတာမာဖီက ပြောပါတယ်။

ပြည်တွင်းမှာ အိုးအိမ်စွန့်ထွက်ပြေးနေရသူ အရေအတွက်ကတော့ မသိနိုင်ဘူးလို့လဲ သူကဆိုပါတယ်။ ဒါပေမဲ့ အဲဒီ လို အိုးအိမ်စွန့် ထွက်ပြေးရသူတွေထဲမှာ အဲဒီဒေသက - သူ့အဆိုအားဖြင့် - ရိုဟင်ဂျာတွေရော၊ ရိုဟင်ဂျာမဟုတ်သူတွေရော ပါတယ်လို့လဲပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကနေတဆင့် မြန်မာအစိုးရနဲ့ ဆွေးနွေးပြောဆိုတာတွေ ဆက်လုပ်နေတယ်လို့ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG