သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထွေထွေ ညီလာခံ မြန်မာ ဒုတိယသမ္မတ တက်ရောက်မည်


မှတ်တမ်းဓာတ်ပုံ - ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ကုလမှာ မိန့်ခွန်းပြောစဉ်။ (ဓာတ်ပုံ နိုင်ငံတော်သမ္မတရုံး)
မှတ်တမ်းဓာတ်ပုံ - ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ကုလမှာ မိန့်ခွန်းပြောစဉ်။ (ဓာတ်ပုံ နိုင်ငံတော်သမ္မတရုံး)

နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ စက်တင်ဘာလ (၁၂) ရက်နေ့က စတင်ကျင်းပနေတဲ့ ၇၂ နှစ်ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာ ခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဒုသမ္မတ ဦးဟန်နရီဗန်ထီယူ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်မှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။

နိုင်ငံခေါင်းဆောင်တဦးအနေနဲ့ ပြည်တွင်းမှာ လက်ရှိရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ အခြေအနေတွေကို ဆုံးဖြတ်လုပ်ကိုင်ရမှာဖြစ်တဲ့အတွက်ကြောင့် အခုလို ကုလ အထွေထွေညီလာခံကို မတက်ရောက်တာဖြစ်တယ်လို့ဆိုပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ဒုသမ္မတ ဦးဟန်နရီဗန်ထီယူ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နဲ့အတူ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းတို့ လိုက်ပါလာမှာဖြစ်ကြောင်း မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အခုလိုပြောပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည်က သူ ပြည်တွင်းမှာ လည်းပဲ ဟို လိုအပ်ချက် အရသူက မလာရောက်နိုင်သော် လည်းဘဲ သူ့ကိုယ်စား တယောက်ကတော့ တက်ရမှာပေါ့နော်။ အဲဒါကြောင့်မို့ ဒုတိယ သမ္မတ တက်ရောက်ခြင်း ဖြစ်ပါတယ်။ နောက် တခုကတော့ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ်ကတော့ ပါမှာပေါ့လေ။ ဆိုတော့ကား သူကတော့ ကျနော်တို့ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဟို ထဲထဲဝင်ဝင် သိရှိတဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက်ကြောင့် သူကတော့ ဒီမှာ တွေ့သင့် တွေ့ထိုက်တဲ့ လူတွေနဲ့ တွေ့ဆုံပြီးတော့ ဟို ရှင်းလင်း ပြောကြားစရာရှိတာ ရှင်းလင်း ပြောကြားမှာပေါ့လေ။ အဲဒီအစီအစဉ်တွေကတော့ ကျနော်တို့ လုပ်ထားတာ ရှိပါတယ်။ နောက်တခုကတော့ ဒုတိယ ဝန်ကြီးလည်း ရှိမှာဘဲလေ။”

အခုကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တချို့ကနေ ပြင်းပြင်းထန်ထန်ပြောဆိုဖို့ ရှိနေကြောင်း သတင်းတွေထွက်နေတာနဲ့ ပတ်သက်လို့လည်း သံအမတ်ကြီးက အခုလိုပြောပါတယ်။

“ အခုဟာတော့ မြန်မာကိစ္စကို တနိုင်ငံချင်းကနေပြီးတော့ sideline တွေနဲ့ ဆွေးနွေးဘာညာဆို ကျနော်တို့က ဘာမှ ဟို သေချာသိတာတော့ မရှိပါဘူး။ ဟို အပြင်မှာတော့လေ။ ဟို တရားဝင် ပြောတာဘာညာလည်း မရှိပါဘူး။ သူတို့ ခန့်မှန်းခြေ ပြောတာတော့ ဖြစ်ချင် ဖြစ်မှာပေါ့။ ဒီမှာတော့ နှစ်ပိုင်း ရှိတာပေါ့ဗျာ။ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ ဖြစ်တဲ့ အတွက်ကြောင့် မြန်မာ ကိစ္စ၊ ရခိုင် ကိစ္စတင် မဟုတ်ပါဘူး။ တကမ္ဘာလုံးမှာ ရှိနေတဲ့ ပြသနာတွေနဲ့ ပတ်သက်ပြီး ဒီလိုဘဲ ဆွေးနွေးကြတာပါဘဲ။ ဆွေးနွေးတဲ့ အခါကျတော့ နှစ်ပိုင်းပေါ့။ တပိုင်းကတော့လည်း ကျနော်တို့ မိန့်ခွန်းတွေ ပြောတဲ့အခါကျတော့ ပြန်လည် ချေပ ပြောကြရတာတွေ ရှိသလို နှစ်နိုင်ငံချင်းလည်းဘဲ လူကြီးတွေ ဆုံတဲ့ အချိန်မှာ တွေ့ဆုံပြီးတော့ နှစ်နိုင်ငံချင်း ပြောတာလည်း ရှိပါတယ်။ မိန့်ခွန်းတွေမှာ ထည့်ပြောတာတော့ အများရှေ့မှာပေါ့လေ။ ဒါကတော့ ဒီလိုဘဲ ကိုယ့်နိုင်ငံပြောရင် ကိုယ်ကလည်း ပြန်ပြောရမှာပေါ့။ ဒီဟာတော့ ရှိမှာပေါ့။ ”

နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းသတင်းတွေအရ အရင်က ကုလအထွေထွေညီလာခံကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖို့ အစီအစဉ်ရှိခဲ့တာပါ။ ဒါပေမယ်လို့ လက်ရှိ အရေးကြီးနေတဲ့ ပြည်တွင်းရေးအခြေအနေတွေကို ဦးစားပေး ဖြေရှင်းဆောင်ရွက်ဖို့ နိုင်ငံခေါင်းဆောင်တဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆုံးဖြတ်ထားတယ်လို့ မြင်ကြောင်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကပြောပါတယ်။

“ တိုင်းပြည်ရဲ့ လိုအပ်ချက်ပေါ့လေ လိုအပ်ချက် အရ ဟို အရေးကြီးတဲ့ နေရာမှာ နိုင်ငံရဲ့ ခေါင်းဆောင် အနေနဲ့ သူ ရှိသင့် ရှိထိုက်တဲ့ နေရာမှာ သူ အချိန်ကာလ တခုမှာတော့ သူရှိရမှာပေါ့။ ဒါကတော့ ဒီ နိုင်ငံခေါင်းဆောင် အကြီးအကဲတွေရဲ့ လုပ်ရပ်တွေဘဲလေ။ တိုင်းပြည် အတွက် လိုအပ်တာ ဘယ်နေရာမှာ လိုအပ်လဲ အရေးကြီးတဲ့ နေရာမှာ သူရှိရမှာပေါ့။ ဒါကတော့ နိုင်ငံခေါင်းဆောင်တွေ သူတို့ ဆုံးဖြတ်တာပါ။ ”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေဘက်က အင်အားအလွန်အကျွံအသုံးပြုပြီး နယ်မြေရှင်းလင်းမှုတွေကြောင့် ဒေသခံမွတ်စလင်တွေ သိန်းနဲ့ချီပြီး တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို အလုံအရင်းနဲ့ ထွက်ပြေးခိုလှုံခဲ့ရတဲ့ အခြေအနေကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်နေချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကုလသမဂ္ဂကို ကိုယ်တိုင်လာရောက် ဆွေးနွေးပြောဆိုသင့်တယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေတာပါ။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်ဟောင်းလည်းဖြစ် လက်ရှိ ဝါရှင်တန်အခြေစိုက် USIP ခေါ် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု အကြီးတန်း အကြံပေး Priscilla Clapp ကတော့ ပြည်တွင်းအရေးကို ဦးစားပေးဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်တာ မှန်ကန်ကြောင်း ဗွီအိုအေကို အခုလို ပြောပါတယ်။

“သူရဲ့ ဆုံးဖြတ်ချက်ဟာ အဓိပ္ပါယ်ရှိပါတယ်။ သူ့နိုင်ငံမှာ အကျပ်အတည်းဖြစ်နေတာပါ။ နိုင်ငံခေါင်းဆောင်တဦးအနေနဲ့ ပြည်ပခရီးစဉ် မထွက်သင့်ပါဘူး။ ပြည်တွင်း ပြဿနာတွေကြီးမားနေတာကို ဖြေရှင်းဖို့ သူ့အတွက် ပိုအရေးကြီးပါတယ်။ အမေရိကန်ခေါင်းဆောင်တွေဆိုရင်လည်း ပြည်တွင်းအခက်အခဲတွေဖြစ်နေချိန် ပြည်ပကို သွားကြမှာမဟုတ်ပါဘူး။”

ဒီအတောအတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရခိုင်ပြည်နယ်အတွင်း ပိုပြီးဆိုးဝါးနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အဖွဲ့ဝင်နိုင်ငံတွေကနေ တံခါးပိတ် အလွတ်သဘောဆွေးနွေးဖို့ရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အခုလိုပြောပါတယ်။

“ လုံခြုံရေး ကောင်စီ အစည်းအဝေးကတော့ အခါတိုင်းလိုဘဲ ဟို တံခါးပိတ် အစည်းအဝေးပါ။ ဟို ကျနော်တို့လည်း တက်လို့ မရပါဘူး။ သူတို့ဘာသာ သူတို့ ဆွေးနွေးတဲ့ အလွတ်သဘော ဆွေးနွေးတဲ့ သဘောပါဘဲ။ ”

ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီကို ထွက်ပြေးလာနေတဲ့ အရေအတွက် သတင်းပတ်အနည်းငယ်အတွင်း ၃ သိန်းကျော်ရှိလာတာကို ကြည့်မယ်ဆိုရင် အခြေအနေတွေ အရမ်းကို ဆိုးရွားနေတာထင်ရှားပြီး သူတို့ အနေနဲ့ အထူးစိုးရိမ်မကင်းဖြစ်မိတဲ့အတွက် လုံခြုံရေးကောင်စီ မှာဆွေးနွေးဖို့ အလှည့်ကျအဖွဲ့ဝင် ဆွီဒင်နဲ့ အမြဲ တန်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံ တို့က တနင်္လာနေ့က တင်ပြခဲ့ကြတာဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ အထွေထွေညီလာခံကိုတက်ရောက်ဖို့ ဒုသမ္မတ ဦးဟန်နရီဗန်ထီယူ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ၂၀၃၀ ကုလသမဂ္ဂရည်မှန်းချက်ဖြစ်တဲ့ ဖွံဖြိုးရေးစီမံကိန်းအကောင်အထည်ဖေါ်တဲ့ကိစ္စ၊ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ကိစ္စတွေကိုလည်း ပြောဆိုဆွေးနွေးဖို့ရှိသလို၊ သတင်းမီဒီယာတွေနဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG