သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အရေးယူမှုအသစ် မြောက်ကိုရီးယား ပြင်းထန်စွာတုံ့ပြန်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပိုမို တင်းကြပ်တဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အပေါ် မြောက်ကိုရီးယားက အင်္ဂါနေ့မှာ ပြင်းထန်စွာ ဝေဖန် ပြောကြားလိုက်ပြီး အဲဒီ ဆုံးဖြတ်ချက် ချမှတ်နိုင်ရေး ဦးဆောင် ကြိုးပမ်းခဲ့တဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရလိမ့်မယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်အပေါ် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အပြင်းထန်ဆုံး နည်းလမ်းနဲ့ ပြစ်တင်ရှုတ်ချပြီး လုံခြုံရေးကောင်စီရဲ့ တရားမဝင်တဲ့ အဲဒီ ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ကန့်ကွက်လိုက်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကုလသမဂ္ဂက ဦးဆောင် ပြုလုပ်တဲ့ လက်နက် ဖျက်သိမ်းရေးဆိုင်ရာ ညီလာခံမှာ မြောက်ကိုရီးယား သံအမတ်ကြီး Han Tae Song က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား အနေနဲ့ အဆုံးသတ်စေမယ့် နည်းလမ်းကို အသုံးချသွားမှာဖြစ်ကြောင်း - ဘယ်ကိစ္စရယ်လို့ အသေးစိတ် ပြောဆိုခြင်း မရှိဘဲ သံအမတ်ကြီး Han Tae Song က ပြောပါတယ်။ ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့မှုတွေကို ချမှတ်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုအနေနဲ့ ထိုက်တန်တဲ့ တန်ဖိုးကို ပေးဆပ်ရမှာဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရက အရင်က သတိပေး ပြောကြားထားပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယားအပေါ် ဖြစ်ပေါ်မယ့် အဆုံးသတ် လုပ်ဆောင်မှုနဲ့ နှိုင်းယှဉ်လိုက်ရင် အခု ချမှတ်လိုက်တဲ့ အရေးယူမှု အသစ်ဟာ ခြေလှမ်း အသေးလေး တခုသာဖြစ်ကြောင်း သမ္မတ Donald Trump က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို အင်္ဂါနေ့က ပြောပါတယ်။

အခုချမှတ်လိုက်တဲ့ အရေးယူမှု အသစ်တွေအပေါ် မြောက်ကိုရီးယားနိုင်ငံကလွဲလို့ အာရှတိုက်အတွင်းက တခြားနိုင်ငံတွေကတော့ အပြုသဘောနဲ့ တုန့်ပြန်ခဲ့ကြပေမယ့် သိသာတဲ့ အကျိုးသက်ရောက်မှု ရှိမယ်လို့ မထင်ကြပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG