သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယား နိုင်ငံရဲ့ စက်တင်ဘာလ ၃ ရက်နေ့က ဟိုက်ဒရိုဂျင်ဗုံး ဖြစ်နိုင်ခြေ ရှိတဲ့ နျူးကလီးယား စမ်းသပ်မှုကို တုံ့ပြန်တဲ့ အနေနဲ့ မနေ့ တနလာင်္နေ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တရပ်ကို တညီတညွတ်တည်း ချမှတ်လိုက်ပါတယ်။ မြောက်ကိုရီးယား အပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုသစ် ထပ်မံချမှတ်တဲ့ အပေါ် အာရှဒေသတွင်း အပြုသဘောတုံ့ပြန်ကြပေမယ့် ထိရောက်မှု ရှိပါ့မလားဆိုပြီးလည်းသံသယ ရှိနေကြပါတယ်။

မြောက်ကိုရီးယား နိုင်ငံကို နျူးကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတခု အဖြစ် ကမ္ဘာက လက်သင့်ခံမှာ မဟုတ်ဘူးဆိုတာကို ညွှန်းဆိုနေတာ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို မနေ့ တနလာင်္နေ့က ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြောဆိုလိုက်တာကတော့ မြောက်ကိုရီးယား အစိုးရ အနေနဲ့ နျူးကလီးယား အစီအစဉ်တွေကို မရပ်ဘူးဆိုရင်၊ ဒီအစီအစဉ်တွေ ရပ်သွားအောင် ကိုယ်တိုင် လုပ်မယ်ဆိုတာဘဲ ဖြစ်ပါတယ်လို့ ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေကို အပြည့်အ၀ ကျင့်သုံးခဲ့ရင်တော့ မြောက်ကိုရီးယား အနေနဲ့ နိုင်ငံခြားငွေကြေး ရရှိမှု၊ နောက် တားမြစ်ထားတဲ့ ပဲ့ထိန်းတပ် ဒုံးကျည်နဲ့ နျူးကလီးယား အစီအစဉ်တွေ အတွက် လိုအပ်တဲ့ လောင်စာရရှိမှုကို သိသိသာသာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် ပြီးခဲ့တဲ့ သြဂုတ်လက ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုမှာတော့ ဒေါ်လာ ၃ ဘီလီယံ တန်ဖိုးရှိတဲ့ မြောက်ကိုရီးယားရဲ့ ကျောက်မီးသွေး၊သံရိုင်း၊ ခဲနဲ့ ပင်လယ်စာ တင်ပို့မှုကို တားမြစ်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားကို နျူးကလီးယားပိုင် နိုင်ငံတခု အဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဘယ်တော့မှ လက်သင့်ခံမှာ မဟုတ်ဘူးဆိုတာကို အခု ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုသစ်နဲ့ တညီတညွတ်တည်း သတင်းစကားပါးလိုက်တာ ဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုပါတယ်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ဂျပန် ၀န်ကြီးချုပ် Shinzo Abe က ပြောဆိုပြီး မြောက်ကိုရီးယား အစိုးရရဲ့ မူဝါဒတွေ ပြောင်းလဲရေး ဂျပန် အစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG