သုံးရလွယ်ကူစေသည့် Link များ

စစ်လိုလားတဲ့ မြောက်ကိုရီးယားကို ကန် ပြင်းထန်စွာဝေဖန်


အမေရိကန်သံအမတ်ကြီး Nikki Haley

မြောက်ကိုရီးယားဟာ စစ်ပွဲ မဖြစ်ဖြစ်အောင်တောင်းဆိုနေတယ်လို့ အမေရိကန်က ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားဖက်က အင်အားပြင်း Hydrogen ဗုံးတနင်္ဂနွေနေ့က စမ်းသပ်ဖောက်ခွဲခဲ့ပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းက ထပ်ပြီးတုံ့ပြန်နိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တနင်္လာနေ့က အရေးပေါ်ဆွေးနွေးစဉ်မှာ အမေရိကန်သံအမတ်ကြီး Nikki Haley ကခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားအပေါ် နောက်ထပ်ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဖို့လည်း အမေရိကန်က ပြင်ဆင်နေပါတယ်။ ကုလသမဂ္ဂဆိုင်ရာ VOA သတင်းထောက် New York မြို့ကနေပေးပို့တဲ့သတင်းကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေအထိ တုန်ခါမှုကို ခံစားခဲ့ရတဲ့ အင်အားပြင်းတဲ့ မြေအောက်ဖောက်ခွဲစမ်းသပ်မှုတခုကို မြောက်ကိုရီးယားတို့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ပြီးနောက် တနင်္လာနေ့အစောပိုင်းမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရက Hydrogen ဗုံးလို့ဆိုတဲ့ ဖောက်ခွဲစမ်းသပ်မှုနဲ့ပါတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

“ဒုံးကျည်တွေကို စော်ကားမော်ကား သုံးစွဲနေမှုနဲ့ သူ့ရဲ့ Nuclear ခြိမ်းခြောက်မှုတွေဟာ စစ်ပွဲဖြစ်အောင်တောင်းဆိုနေတယ်ဆိုတာ ပြသနေပါတယ်။ အမေရိကန်ပြည်ထောင်စုက စစ်ပွဲကို ဘယ်တုန်းကမှ မလိုလားခဲ့သလို။ အခုလည်း မလိုလားပါဘူး။ ဒါပေမဲ့ နိုင်ငံတခုရဲ့ သည်းခံနိုင်စွမ်းက အတိုင်းအတာရှိပါတယ်။ ကျွန်မတို့အနေနဲ့ ကျွန်မတို့ရဲ့ မဟာမိတ်တွေနဲ့ ပိုင်နက်တွေကို ကာကွယ်သွားမှာဖြစ်ပါတယ်။”

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ပြည်ထောင်စု။ Pacific သမုဒ္ဒရာထဲက အမေရိကန်ပိုင် Guam ကျွန်းနဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေကို ရန်ပြုလာမယ်ဆိုရင် အကြီးအကျယ် စစ်ရေးနဲ့ တုံ့ပြန်သွားမယ်လို့ အမေရိကန်အစိုးရက တနင်္ဂနွေနေ့ထဲက သတိပေးထားပါတယ်။ စစ်ရေးနည်းလမ်းနဲ့ဆိုရင် အမေရိကန်ဖက်က ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိကြောင်းနဲ့ အဲဒီနည်းလမ်းတခုချင်းစီနဲ့ပါတ်သက်လို့ သမ္မတ Trump က ရှင်းလင်းပြခိုင်းခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ကတနင်္ဂနွေနေ့က အိမ်ဖြူတော်ကနေ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားအပေါ် အမေရိကန်နိုင်ငံအနေနဲ့ နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေလုပ်ဖို့လည်း ပြင်ဆင်နေပါတယ်။ မြောက်ကိုရီးယားအစိုးရဖက်က ပြောင်းလဲလာအောင် နှစ်ပေါင်း ၂၀ ကျော်အောင် သံတမန်ရေးနည်းလမ်းနဲ့ အားထုတ်ဆောင်ရွက်မှုတွေ။ နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုတွေဟာ မအောင်မြင်ဘူးလို့လည်း သံအမတ်ကြီး Haley ကလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

“ရပ်တန်းက ရပ်ချိန်တန်ပြီလို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို ကျွန်မကတော့ ပြောချင်ပါတယ်။ တဆင့်ပြီးတဆင့်တိုးတဲ့နည်းလမ်းနဲ့ ကျွန်မတို့ ချဉ်းကပ်ခဲ့ပြီးပါပြီ။ အကောင်းဆုံးရည်ရွယ်ဆောင်ရွက်ခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။”

မြောက်ကိုရီးယားအပေါ်အရေးယူမယ် ဆုံးဖြတ်ချက်မူကြမ်းသစ်ကို အမေရိကန်က အဖွဲ့ဝင်နိုင်ငံတွေကို မကြာခင်ပေးမှာဖြစ်ပြီး ရှေ့သီတင်းပါတ် တနင်္လာနေ့ကျရင် မဲခွဲဆုံးဖြတ်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း သံအမတ်ကြီး Haley ကပြောပါတယ်။ ပြီးခဲ့တဲ့ August လတုန်းကပဲ မြောက်ကိုရီးယားအစိုးရအပေါ် အပြင်းထန်ဆုံးအရေးယူ ဒဏ်ခတ်မှုကို လုံခြုံရေးကောင်စီက ချမှတ်ထားတာပါ။ နောက်ထပ်ပြင်းထန်တဲ့ နိုင်ငံတကာဒဏ်ခတ်မှုတွေလုပ်ဖို့ အမေရိကန်ရဲ့ တိုက်တွန်းမှုအတိုင်း တောင်ကိုရီးယားနဲ့ ဂျပန်သံမတ်ကြီးတို့ကလည်း တိုက်တွန်းခဲ့ပါတယ်။ တရုတ်သံအမတ်ကြီး Liu Jieyi ကတော့ မြောက်ကိုရီးယားတို့ရဲ့ Nuclear စမ်းသပ်မှုကို အပြင်တင်ပေမဲ့ ပြဿနာကို ဆွေးနွေးအဖြေရှာကြဖို့ကိုစကားပြန်ကတဆင့် အခိုင်အမာပြောခဲ့ပါတယ်။

“ကျွန်တော်တို့ အခုပြောနေတဲ့ အချိန်မှာကို ကိုရီးယားကျွန်းဆွယ်က အခြေအနေဟာ ယိုယွင်းနေပါတယ်။ ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရပါမယ်။ ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေတွေ ပရမ်းပတာဖြစ်တာမျိုး။ စစ်ပွဲဖြစ်တာမျိုးကို တရုတ်နိုင်ငံက ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး။”

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးကတော့ သက်ဆိုင်သူအားလုံး ခေါင်းအေးအေးထား စဉ်းစားကြဖို့နဲ့ နောက်ထပ် တင်းမာမှုတွေ ထပ်မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တိုက်တွန်းပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ၆ ကြိမ်မြောက် Nuclear စမ်းသပ်မှုကြီး တနင်္ဂနွေနေ့က လုပ်ခဲ့တာနဲ့ပါတ်သက်လို့ အမေရိကန်သမ္မတ Donald Trump နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in တို့ တနင်္လာနေ့မှာပဲ တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ကြပါတယ်။ မိနစ် ၄၀ ကြာတဲ့ ဆယ်သွယ်ဆွေးနွေးမှုအတွင်း မြောက်ကိုရီးယားအပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ဆွေးနွေး တိုင်ပင်ခဲ့ကြတယ်လို့ တောင်ကိုရီးယားသမ္မတရုံး ပြောခွင့်ရသူက ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံက Missile ဒုံးတွေမှာ တပ်ဆင်နိုင်တဲ့ ထိပ်ဖူးရဲ့အလေးချိန်ပမာဏကို အရင်ကန့်သတ်ထားတာထက် တိုးဖို့သမ္မတ ၂ ယောက်သဘောတူခဲ့ကြသလို။

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ပိုမိုပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေလုပ်နိုင်ရေးအတွက်ကိုလည်း သဘောတူခဲ့ကြပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားအစိုးရကြား ၂၀၀၁ ခုနှစ်တုန်းက သဘောတူညီချက်အရ တောင်ကိုရီးယားက သူ့ရဲ့ ပဲ့ထိန်းဒုံးတွေမှာ တပ်ဆင်နိုင်တဲ့ ထိပ်ဖူးအလေးချိန်ကို အများဆုံး ၅၀၀ ကီလိုဂရမ်ပဲ ရှိရမယ်လို့ သတ်မှတ်ထားတာပါ။ အခုတော့ ထိရောက်တဲ့ တန်ပြန်ဆောင်ရွက်မှုတွေလုပ်နိုင်ဖို့အတွက်လို့ဆိုပြီး အဲဒီအလေးချိန်သတ်မှတ်ချက်ကို ဖယ်ရှားဖို့ သမ္မတ ၂ ယောက်သဘောတူလိုက်ကြတာပါ။

မြောက်ကိုရီးယားတို့ဖက်က ရန်စမှုတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်တယ်ဆိုတာ ပြသတဲ့အနေနဲ့ တောင်ကိုရီးယားစစ်တပ်ကလည်း တိုက်လေယာဉ်တွေ၊ ကျည်အစစ်တွေသုံးတဲ့ စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့ကပဲ လုပ်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာ တပ်ဆင်ထားတဲ့ အမေရိကန်ရဲ့ ဒုံးလက်နက်ရန်ကာကွယ်ရေး THAAD စနစ်မှာ နောက်ထပ် ဒုံးပြစ်စင် ၄ ခု ထပ်ပြီး ယာယီထားရှိမယ်လို့လည်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ မကြာခင်အနာဂါတ်မှာ မြောက်ကိုရီးယားက နောက်ထပ် Missile ဒုံးကျည်ပစ်လွှတ်မှုတွေ လုပ်မယ့်ပုံရတယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးဌာနအကြီးအကဲက လွှတ်တော်အမတ်တွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့ဟာ မြောက်ကိုရီးယားနိုင်ငံတည်ထောင်တဲ့နေ့ဖြစ်တာမို့ အဲဒီနေ့ဝန်းကျင်မှာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက တွက်နေကြပါတယ်။

XS
SM
MD
LG