သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူစမ်းသပ်မှုအရေး ကုလလုံခြုံရေးကောင်စီ စည်းဝေးမည်


မြောက်ကိုရီးယားအရေး လုံခြုံရေးအဖွဲ့ဝင်များဆွေးနွေးစဉ်
မြောက်ကိုရီးယားအရေး လုံခြုံရေးအဖွဲ့ဝင်များဆွေးနွေးစဉ်

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့တာကြောင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပေးဖို့ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ တောင်းဆိုချက်ကြောင့် တနင်္လာနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ စည်းဝေးပွဲ ကျင်းပမှာ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီဟာ တနင်္လာနေ့ မနက် ၁၀ နာရီခွဲမှာ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး ၆ ကြိမ်မြောက် အင်အားအပြင်းဆုံး နျူကလီးယား စမ်းသပ်မှု တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တာမှာ တာဝေးပစ် ဒုံးကျည်မှာ တပ်ဆင်နိုင်တဲ့ အဆင့်မြင့် ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ် ပစ်လွတ်မှုတွေကြောင့် ၂၀၀၆ ခုနှစ်ကစလို့ ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ခံနေရတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ တာဝေးပစ် ဒုံးကျည်ပစ်လွတ်မှုနဲ့ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှုတွေကသာ ကုလသမဂ္ဂရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ချမှတ်နိုင်တယ်လို့ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ရှုမြင်ကြတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ဇူလိုင်လအတွင်း တာဝေးပစ် ဒုံးကျည် ၂ ကြိမ် စမ်းသပ် ပစ်လွတ်ခဲ့တဲ့အတွက် လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့လအတွင်း ဒဏ်ခတ် ပိတ်ဆို့မှုအသစ်တွေကို တညီတညွတ်ထဲ ချမှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG