သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယား ဒုံးပစ်လွှတ်မှု နိုင်ငံတကာ ရှုံ့ချ


ဂျပန်နိုင်ငံပေါ်က ဖြတ်သန်းခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု မြေပုံ။

မြောက်ကိုရီးယား နိုင်ငံက မစ်ဇိုင်း ဒုံးကျည်တစင်း အင်္ဂါနေ့က ပစ်လွှတ်ခဲ့ပြီးနောက် အင်္ဂါနေ့က လုံခြုံရေးကောင်စီမှာ တခါးပိတ် အစည်းအဝေး လုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံကို ကျော်ဖြတ်ပြီး Pacific သမုဒ္ဒရာထဲကို ကျခဲ့တဲ့ Missile ဒုံးပစ်လွှတ်မှုကို လက်မခံနိုင်ဘူးလို့ အမေရိကန်ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Nikki Haley က ပြောကြားခဲ့ပါတယ်။ ဒါဟာ ဒေသတွင်း လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်တယ်လို့ ဂျပန်နိုင်ငံကလည်း တုံ့ပြန်ပါတယ်။ မြောက်ကိုရီးယားရဲ့နောက်ဆုံး ပဲ့ထိန်းဒုံး ပစ်လွှတ်မှုအပေါ် ခုလို နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

အင်္ဂါနေ့ အစောပိုင်းက မြောက်ကိုရီးယားဖက်က ပစ်လွှတ်ခဲ့တဲ့ တာလတ်ပစ် ဒုံးကျည်ဟာ ဂျပန်နိုင်ငံကို ဖြတ်ကျော်သွားပြီးနောက် ပေါက်ကွဲ ပျက်စီးကာ ပစိဖိတ် သမုဒ္ဒရာထဲကို ကျခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရရဲ့ လုပ်ရပ်ဟာ ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်ပြီး တည်ငြိမ်မှု ပျက်ပြားစေတယ်လို့ အမေရိကန်သမ္မတ Donald Trump က ကြေညာချက်ထုတ် တုံ့ပြန်ခဲ့ပါတယ်။

တုံ့ပြန်ဆောင်ရွက်မယ့် နည်းလမ်းအားလုံးကို စဉ်းစားနေတယ် လို့လည်း ကြေညာချက်ထဲမှာ သမ္မတ Trump က သတိပေးထား ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဂရုမစိုက်ဘဲ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံး ထပ်ပစ်လွှတ်ခဲ့တဲ့ အတွက် လုံခြုံရေးကောင်စီမှာ အင်္ဂါနေ့က တခါးပိတ် အရေးပေါ် အစည်းအဝေး လုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံကို ကျော်ပြီး မစ်ဇိုင်း ဒုံးကျည် ပစ်လွှတ်မှု အပေါ် ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley ကခုလို ပြောကြားခဲ့ပါတယ်။

“ ဘယ်နိုင်ငံပေါ်ကိုမှ မစ်ဇိုင်း ဒုံးကျည် ဖြတ်သွားတာမျိုး မဖြစ်သင့်ပါဘူး။ လူဦးရေသန်း ၁၃၀ ရှိတဲ့ ဂျပန်နိုင်ငံပေါ်ကို ဒုံးကျည် ဖြတ်သန်း သွားပါတယ်။ ဒါကို လက်မခံနိုင်ပါဘူး။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားသမျှ ဆုံးဖြတ်ချက် အားလုံးကို မြောက်ကိုရီးယားတို့ ချိုးဖောက်ခဲ့ပါတယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် တခုခုလုပ်ဖို့ လိုတယ်လို့ ကျမ ထင်ပါတယ်။”

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ရဲ့ တောင်းဆိုချက်နဲ့ မြောက်ကိုရီးယား အရေးကို လုံခြုံရေး ကောင်စီမှာ အရေးပေါ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ Trump နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့လည်း တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး မြောက်ကိုရီးယား တို့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ မိနစ် ၄၀ လောက် ကြာအောင် ဆွေးနွေး ခဲ့ကြပါတယ်။

အင်္ဂါနေ့ မနက်အစောပိုင်းက ပြုံယမ်းမြို့တော်နား ကနေ ပစ်လွှတ်လိုက်တဲ့ တာလတ်ပစ် ဒုံးကျည်ဟာ ဂျပန်နိုင်ငံ မြောက်ပိုင်း ဟော့ကိုင်းဒိုး ကျွန်းပေါ်ကို ကျော်ဖြတ်သွားခဲ့ပြီးနောက် ကျွန်းရဲ့ အရှေ့ဖက် ၇၃၃ မိုင် အကွာ ပစိဖိတ် သမုဒ္ဒရာထဲကို ပျက်ကျသွားခဲ့ တယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ မစ်ဇိုင်းဒုံးဟာ စုစုပေါင်း မိုင် ၁ ထောင့် ၇ ရာလောက် ပျံသန်းသွားခဲ့ပြီး မိုင် ၃၅၀ လောက် အမြင့်ဆုံး အထိ ရောက်ခဲ့ပါတယ်။ ခုလို ဂျပန်နိုင်ငံပေါ်မှာကို ဖြတ်ကျော်သွားတာဟာ ဘယ်တုန်းကမှနဲ့ မတူတဲ့ အန္တရာယ် ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကပြောကြားခဲ့ပါတယ်။

“ ဂျပန်နိုင်ငံကို ကျော်ဖြတ်သွားတဲ့ မစ်ဇိုင်းဒုံးကျည်ဟာ ဘယ်တုန်းကမှနဲ့ မတူတဲ့ အင်မတန် စိုးရိမ်စရာ ခြိမ်းခြောက်မှုကြီး ဖြစ်ပါတယ်။ ဒေသတွင်း ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို အကြီးအကျယ် ပျက်ပြားစေပါတယ်။ မြောက်ကိုရီးယားကို ဂျပန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။”

ဗြိတိန်ဝန်ကြီးချုပ် Theresa May ကလည်း ဒီလုပ်ရပ်ဟာ မြောက်ကိုရီးယားတို့ရဲ့မဆင်မခြင် ရန်စမှု ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း ဂျပန်နိုင်ငံကို သွားမယ့် ဝန်ကြီးချုပ် May က မြောက်ကိုရီးယား ကိစ္စကို ဂျပန်ဝန်ကြီးချုပ်နဲ့ ဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။

“ မြောက်ကိုရီးယားရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် Abe နဲ့ ကျမ လာမယ့်ရက်ပိုင်း အတွင်း ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေဟာ ဥပဒေကို ဆန့်ကျင်နေတဲ့ စမ်းသပ်မှုတွေဖြစ်တာကြောင့် ဗြိတိန်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။ မြောက်ကိုရီးယားဖက်က ဥပဒေနဲ့ မညီ လုပ်နေတာတွေ ရပ်သွားအောင် ဗြိတိန်အနေနဲ့ ဂျပန်နိုင်ငံအပြင် တခြား နိုင်ငံတကာ မိတ်ဆွေတွေနဲ့ အတူတွဲပြီး ဖိအားပေးနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

မြောက်ကိုရီးယား နိုင်ငံအတွက် အရေးကြီးတဲ့ စီးပွားဖက် တရုတ်နိုင်ငံ ကတော့ တဖက်ကို တဖက်သတ် ရန်စတဲ့ လုပ်ရပ်တွေ ထပ်ပြီး မလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ မြောက်ကိုရီးယား ပြဿနာ အရင်းအမြစ်ကို အရေးယူ ဒဏ်ခတ်မှုတွေနဲ့ ဖိအားပေး မဖြေရှင်းနိုင်ဘူး ဆိုတာ အချိန်က သက်သေပြခဲ့ပြီ လို့လည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hua Chunying ကအင်္ဂါနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

သက်ဆိုင်သူ အားလုံး ဘက်မျှစွာနဲ့ ဆွေးနွေးကြမှသာ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲ စစ်ရေးလေ့ကျင့်နေမှု အပေါ်ကိုလည်း သူက ပြစ်တင် ပြောဆိုသွားပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်သား သောင်းနဲ့ချီ ပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်နေချိန်မှာ မြောက်ကိုရီးယားဖက်က ခုလို တာလတ်ပစ် ဒုံးကျည်ကို အင်္ဂါနေ့က ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ၁၀ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ်လ ၂၁ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG