သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ အမေရိကန် တင်းမာမှု တုံ့ပြန်မှုတွေထွက်ပေါ်


ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပိုင် နယ်မြေတခုဖြစ်တဲ့ Guam ကျွန်းကို မြောက်ကိုရီးယားက အန္တရာယ်ပြုလာ နိုင်တဲ့ အလားအလာ ရှိတယ်လို့ သူမယုံကြည်တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောပါတယ်။ မြောက်ကိုရီးယား ကသာ စစ်ပွဲတပွဲကို စတင်လာမယ်ဆိုရင်တော့ အပြီးသတ် ချေမှုန်းခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးကလည်း သတိပေးပြောဆိုပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား တင်းမာနေတဲ့ အခြေအနေနဲ့ နောက်ဆုံး ဖြစ်ထွန်းမှုတွေကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။

အမေရိကန် ပိုင်နက်နယ်မြေဖြစ်တဲ့ Guam ကျွန်းကို မီးတောက် မီးလျှံတွေနဲ့ လောင်မြိုက်နေအောင် လုပ်ဖို့ အစီအစဉ်ကို ဆန်းစစ် နေပြီလို့ မြောက်ကိုရီးယားက ပြောလိုက် ပြီးတဲ့နောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက အခုလို တုန့်ပြန်ပြောဆိုတာပါ။

သမ္မတ ဒေါ်နယ်လ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားတို့ အကြား အပြင်းအထန်ပြောဆိုတာတွေ အပြန်အလှန် ဖြစ်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားနဲ့ နျူကလီးယား ပဋိပက္ခ ဖြစ်လာမယ့်အခြေအနေပေါ် စိုးရိမ်လာကြတဲ့ အမေရိကန်နိုင်ငံသားတွေ စိတ်အေးအောင် ကြိုးစားတဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့က Guam ကျွန်းကို လေယာဉ်ဆီဖြည့်ဖို့ အတွက် ခရီးတထောက်ဝင်နားဖို့ အသွား လေယာဉ် ပေါ်မှာ မစ္စတာ Tillerson က သတင်းထောက်တွေကို ပြောတာပါ။

“အမေရိကန်နိုင်ငံသားတွေ ညဘက်မှာ စိတ်အေးချမ်းသာစွာ အိပ်စက်ကြပါ၊ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြောဆိုကြတာတွေ အပေါ် မစိုးရိမ်ကြပါနဲ့။ စစ်သေနာပတိချုပ် အနေနဲ့ မြောက်ကိုရီးယား အပေါ် အပြင်းအထန် တုန့်ပြန်ပြောဆိုဖို့ လိုတယ် ဆိုပြီး သမ္မတက ခံစားရတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ မဟာမိတ်တွေ အပေါ် ဘယ်လို တိုက်ခိုက်မှုမျိုးကို မဆို အမေရိကန်ပြည်ထောင်စု အနေနဲ့ အပြည့်အ၀ ကာကွယ်နိုင်စွမ်း ရှိပြီးတော့ အဲဒီလို ကာကွယ်သွားမယ် ဆိုတာကို သမ္မတအနေနဲ့ အခုထပ်ပြီး အခိုင်အမာ ပြောတယ်လို့ ကျနော်ထင်ပါတယ်။”

အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ရဲ့ မြောက်ကိုရီးယားအပေါ် သတိပေးချက်က ပိုပြင်းထန်တယ်လို့ ဆိုရမှာပါ။ မြောက်ကိုရီးယား အစိုးရ နိဂုံးချုပ်ပြီး ပြည်သူလူထု ပျက်စီးစေမယ့် အခြေအနေကို ဦးတည်တဲ့ လုပ်ရပ်မျိုးတွေ လုပ်ဖို့ ဘယ်လို စဉ်းစားချက်မျိုးကို မဆို မြောက်ကိုရီးယား အနေနဲ့ ရပ်တန့်သင့်တယ်လို့ ဝန်ကြီး Mattis ကပြောပါတယ်။ မြောက်ကိုရီးယား ကွန်မြူ နစ် အစိုးရအနေနဲ့ ကိုယ့်ကိုယ်ကို အထီးကျန် လုပ်နေတာကို ရပ်ဆိုင်းဖို့နဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ လုပ်နေတာကို စွန့်လွှတ်ဖို့ ဆိုတဲ့ လမ်းတွေကို ရွေးချယ်ရမယ်လို့လည်း ဝန်ကြီး Mattis က ဗုဒ္ဓဟူးနေ့မှာပဲ ပြောပါတယ်။

မြောက်ကိုရီးယား အနေနဲ့ အမေရိကန်ကို ဆက်ပြီး ခြိမ်းခြောက်နေမယ် ဆိုရင် ကမ္ဘာမှာ တခါမှမကြုံဖူးတဲ့ မီးကုန်ယမ်းကုန် တုန့််ပြန် ခံရတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမယ်လို့ အင်္ဂါနေ့မှာ သမ္မထရမ့်ပ်က ပြောခဲ့ပြီး တဲ့နောက် မြောက်ကိုရီးယား ဘက်ကလည်း Guam ကျွန်းကို အန္တရာယ်ပြုမယ့် သဘော ပြန်ခြိမ်းခြောက် ပြောဆိုတာပါ။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး Vassily Nebenzia ကတော့ အမေရိကန် အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေကိုပြောပါတယ်။

“ကျနော်တို့ အခိုင်အမာ ဆန္ဒပြုတာကတော့ အမေရိကန်အနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိပြီး အန္တရာယ်ဖြစ်စေမယ့် လုပ်ရပ်မျိုး တဘက်က လုပ်လာအောင် ဆွသလိုဖြစ်စေမယ့် ဘယ်လို လုပ်ရပ်မျိုးကိုမှ မလုပ်ဘဲ ထိန်းထိန်းသိမ်းသိမ်း ရှိလိမ့်မယ် ဆိုတာပါပဲ။”

အမေရိကန်ကို အသေးစားနျူ ကလီးယား ဒုံးကျည် ထိပ်ဖူးနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ လိုအပ်တဲ့ နည်းပညာ မြောက်ကိုရီးယားမှာ ရှိထား ပြီးပြီဆိုတဲ့ သတင်းတွေက ထွက်ထားတာပါ။ ဒီအကြောင်းကို ဂျပန်နိုင်ငံရဲ့ တရားဝင် လေ့လာဆန်းစစ်ချက်ထဲမှာ အသေးစိတ် ဖော်ပြထားသလို ဝါရှင်တန်ပို့စ် သတင်းစာကလည်း အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူတွေနဲ့ ကာကွယ်ရေး ထောက်လှမ်းရေးဌာနရဲ့ လျှို့ဝှက် အစီရင်ခံစာ တခုကို ကိုးကားပြီး ရေးသားဖော်ပြခဲ့တာပါ။

Guam ကျွန်းမှာ ဝင်လာတဲ့ ဒုံးကျည်တွေကို ကြားဖြတ် တားဆီးပစ်ချနိုင်တဲ့ THAAD ဒုံးခွင်းဒုံးစနစ် ချထားတာရှိပါတယ်။ ဒါပေမဲ့လဲ ရုရှားသံအမတ်ကြီး Nebenzia ကတော့ THAAD ဒုံးခွင်းဒုံးစနစ် ချထားတာကြောင့်တော့ ဒေသတွင်း တင်းမာနေတဲ့ အခြေအနေ လျော့ပါးသွားဖို့ အထောက်အကူဖြစ်စေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG