သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား က အမေရိကန်ကိုဆုံးမဖို့အဆင်သင့်


မြောက်ကိုရီးယားရဲ့ Nuclear လက်နက်တွေ
မြောက်ကိုရီးယားရဲ့ Nuclear လက်နက်တွေ

မြောက်ကိုရီးယားရဲ့ Nuclear လက်နက်တွေဟာ အမေရိကန်ကိုသာ ပစ်ဖို့ရည်ရွယ်ပြီး အမေရိကန်အပေါ် ပြင်းပြင်းထန်ထန် ဆုံးမဖို့ အသင့်ပဲလို့ မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။ ပြင်းထန်တဲ့အရေးယူဒဏ်ခတ်မှုသစ်တွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့အပေါ် မြောက်ကိုရီးယားက ခုလိုတုံ့ပြန်လိုက်တာပါ။ ဖိလစ်ပိုင်မှာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ ဆွေးနွေးရေးစားပွဲဆီ မြောက်ကိုရီးယားရောက်လာအောင် တရုတ်နဲ့ ရုရှားတို့က ကူညီဖို့လိုတယ်လို့ပြောကြားပါတယ်။ မနီလာမြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် စည်းဝေးပွဲတွေမှာ မြောက်ကိုရီးယားအရေးက အဓိကဆွေးနွေးပြောစရာဖြစ်နေတဲ့အကြောင်းကို မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာကျင်းပနေတဲ့ အာဆီယံဝန်ကြီးအဆင့်ဆွေးနွေးပွဲတွေထဲက အာရှ Pacific ဒေသ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ARF အာဆီယံဒေသတွင်းဆွေးနွေးပွဲကို တနင်္လာနေ့က ကျင်းပခဲ့ပါတယ်။ ARF ဆွေးနွေးပွဲမှာ အာဆီယံဝန်ကြီးတွေအပြင် အမေရိကန်နဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ပါတယ်။ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့မှုသစ်တွေ လောလောလတ်လတ်ချမှတ်ထားချိန်မှာ ကျင်းပတဲ့ အာဆီယံဆွေးနွေးပွဲမှာ မြောက်ကိုရီးယားအရေးကိစ္စက လွှမ်းမိုးနေခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရအတွက် ဝင်ငွေဒေါ်လာသန်း ၁ ထောင်လောက်ထိခိုက်မယ့် စီးပွားရေးနဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေအပါအဝင် နောက်ထပ်ပစ်မှတ်ထားအရေးယူမှုတွေကို လုံခြုံရေးကောင်စီက စနေနေ့ကပဲ ချမှတ်ခဲ့တာပါ။ ခုလိုအရေးယူမှုတွေလုပ်လို့ မြောက်ကိုရီးယားဖက်က ဆွေးနွေးညှိနှိုင်းမှုတွေလုပ်မှာ မဟုတ်ဘူးလို့ အာဆီယံဆိုင်ရာ မြောက်ကိုရီးယားသံတမန်အဖွဲ့ပြောခွင့်ရသူ Bang Kwang Hyuk က ခုလိုပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ Nuclar နဲ့ ပဲ့ထိန်းဒုံးအစီအစဉ်တွေနဲ့ပါတ်သက်လို့ ဘယ်တော့မှ ညှိနှိုင်းဆွေးနွေးမှာ မဟုတ်ဘူးဆိုတာကို အခိုင်အမာပြောချင်ပါတယ်။ Nuclear လက်နက်တိုးချဲ့ပိုင်ဆိုင်ရေးဆောင်ရွက်မှုတွေကိုလည်း ကျွန်တော်တို့ တပြားမှလျှော့မှာမဟုတ်ပါဘူး။"

Nuclear ကိစ္စနဲ့ ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေဆိုးနေတာဟာ အမေရိကန်ကြောင့်ဖြစ်တယ်လို့လည်း သူကအပြစ်တင်ခဲ့ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ Nuclear လက်နက်ကို အမေရိကန်ကလွဲလို့ တခြားဘယ်နိုင်ငံအပေါ်မှာ သုံးဖို့ရည်ရွယ်ချက်မရှိဘူးလို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Young Ho ကလည်းပြောကြားခဲ့ပါတယ်။ အာဆီယံဆွေးနွေးပွဲတွေတက်နေတဲ့ Ri ကသတင်းစာရှင်းလင်းပွဲလုပ်ဖို့ စီစဉ်ထားပေမဲ့ မလုပ်တော့ဘဲ စည်းဝေးပွဲမှာ သူပြောကြားခဲ့တဲ့ မိန့်ခွန်းစာသားကိုသာ သတင်းထောက်တွေကို ဝေပေးခဲ့တာပါ။ မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ကို Nuclear အင်အားနဲ့ ပြင်းထန်တဲ့ဆုံးမမှုလုပ်ဖို့ အဆင်သင့်ပဲလို့အဲဒီမိန့်ခွန်းစာသားထဲမှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဖက်က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးတွေပစ်လွှတ်ခဲ့မှုကြောင့် လုံခြုံရေးကောင်စီမှာ August လ ၅ ရက်နေ့က အရေးယူဒဏ်ခတ်မှုတွေ ချမှတ်နိုင်ဖို့ အမေရိကန်က အဓိကဦးဆောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီ့အတွက် အမေရိကန်အပေါ် အဆ ၁ ထောင် တုံ့ပြန်သွားမယ်လို့ မြောက်ကိုရီးယားအစိုးရ သတင်းမီဒီယာတွေကလည်း တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်အနေနဲ့ သမုဒ္ဒရာခြားနေလို့ လုံခြုံတယ်လို့ မှတ်ယူနေရင် မှားမယ်လို့ သတင်းကြေညာသူက သတင်းဖတ်ကြားသွားခဲ့ပါတယ်။ မြောက်ကိုရီးယားက Nuclear လက်နက်ပိုင်ဆိုင်မှု တိုးမြင့်အောင်လုပ်သွားမယ်လို့ ပြောကြားနေပေမဲ့ ကိုရီးယားကျွန်းဆွယ်မှာ Nuclear လက်နက်ကင်းရှင်းသွားစေချင်တဲ့ ဆန္ဒကိုလုံခြုံရေးကောင်စီမှာ တညီတညွတ်ထဲပြသခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က တနင်္လာနေ့ကပဲ အာဆီယံစည်းဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။ ဆွေးနွေးပွဲစားပွဲဆီ မြောက်ကိုရီးယားရောက်လာအောင် တရုတ်နဲ့ ရုရှားတို့ကကူညီပေးဖို့လည်း ဝန်ကြီး Tillerson ကခုလိုပြောပါတယ်။

"မြောက်ကိုရီးယားတို့အနေနဲ့ သူတို့ရဲ့လက်တွေ့အနာဂါတ်ဘယ်လိုဖြစ်မယ်ဆိုတာ သဘောပေါက်စေဖို့နဲ့ ဆွေးနွေးပွဲစားပွဲဆီရောက်လာစေဖို့ တရုတ်နဲ့ ရုရှားတို့က အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ပေးဖို့ မျှော်လင့်တယ်ဆိုတဲ့ သဘောထားကို ကမ္ဘာကပြသနေပြီလို့ ကျွန်တော်ထင်ပါတယ်။"

တင်းမာနေတဲ့အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ ဆွေးနွေးမယ်ဆိုရင် မြောက်ကိုရီးယားဖက်က ပဲ့ထိန်းတပ်ဒုံးကျည်ပစ်လွှတ်မှုတွေကို ရပ်ဆိုင်းရမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က မနီလာမြို့မှာကျင်းပတဲ့ ARF ဆွေးနွေးပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ မြောက်ကိုရီးယားကိစ္စဟာ လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကလည်းတနင်္လာနေ့က ခုလိုပြောခဲ့ပါတယ်။

"Nuclear ထိပ်ဖူးတွေထုတ်လုပ်နေတာ ရပ်ဖို့နဲ့ Nuclear မပျံ့ပွားရေး နိုင်ငံတကာသဘောတူချက်တွေအတိုင်းဆောင်ရွက်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက မြောက်ကိုရီးယားကိုပြောနေတာပါ။ ဒါဟာ လုံခြုံရေးကိစ္စဖြစ်ပါတယ်။ မြောကိုရီးယားဖက်ကလည်း သူတို့ခြိမ်းခြောက်ခံနေရတယ်။ စစ်ရေးအရဖိအားပေးခံနေရတယ်လို့ ယုံကြည်နေပါတယ်။ ဒါဟာလည်းလုံခြုံရေးကိစ္စပါ။ ကိုရီးယားကျွန်းဆွယ်မှာဖြစ်နေတာက စီးပွားရေးကိစ္စမဟုတ်ပါဘူး။ လုံခြုံရေးကိစ္စပါ။"

မြောက်ကိုရီးယားက ကျောက်မီးသွေး။ သံ။ သံရိုင်း။ ခဲ။ ခဲရိုင်းတဲ့ ပင်လယ်ထွက်စာတွေတင်ပို့မှုကို အခုနောက်ဆုံးအရေးယူဒဏ်ခတ်မှုမှာ ပိတ်ပင်ခဲ့သလို မြောက်ကိုရီးယားနိုင်ငံက အလုပ်သမားတွေကို တခြားနိုင်ငံတွေက လက်မခံရလို့လည်း တားမြစ်လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးအတွက်အဓိက မှီခိုအားကိုးနေရတဲ့ တရုတ်နိုင်ငံကတော့ ကုလသမဂ္ဂရဲ့ အရေးယူမှုတွေအတိုင်း အပြည့်အဝလိုက်နာဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG