ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဒီသီတင်းပတ်ကုန် စတင်ကျင်းပမယ့် အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲ ARF ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson တက်ရောက်ဖို့ ရှိနေပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေနဲ့ပတ်သက်လို့ အဓိကထား ဆွေးနွေးဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ကပဲ မြောက်ကိုရီးယားက တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ထပ်မံ စမ်းသပ် ပစ်လွှတ်လိုက်တာ ကြောင့်လည်း ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံတွေကြား မြောက်ကိုရီးယားအရေး စိုးရိမ်မှုတွေ တိုးလာနေတာပါ။ မခင်ဖြူထွေးက ဆက်ပြီး တင်ပြပေးပါမယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဒီသီတင်းပတ်ကုန် စတင်ကျင်းပဖို့ ရှိနေပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson အပါအဝင် ရုရှား၊ ဂျပန်၊ တရုတ် နဲ့ တောင်ကိုရီးယား စတဲ့ အရေးပါတဲ့ နိုင်ငံကြီးတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြမယ့် အာဆီယံ ဒေသတွင်း ဆွေးနွေးပွဲ ARF မှာ မြောက်ကိုရီးယားအရေးက အဓိက ဦးစားပေး ဆွေးနွေးမယ့် အကြောင်းအရာ တခုအဖြစ် ရှိနေတာပါ။ ဒီဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ် နျူးကလီးယားကင်းရှင်းရေး၊ ရေကြောင်းလုံခြုံရေးနဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး ကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားကို ဖိအားပေးတဲ့အနေနဲ့ မြောက်ကိုရီးယားအစိုးရနဲ့ ဆက်ဆံရေး လျှော့ချပစ်ဖို့ အရှေ့တောင်အာရှနိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းသွားမယ်လို့ လည်း နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။
ပြီးခဲ့တဲ့လတုန်းကပဲ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မြောက်ကိုရီးယားမူဝါဒဆိုင်ရာ အထူးသံအမတ်ကြီး Joseph Y. Yun ဟာဆိုရင်လည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး မြန်မာအတိုင်ပင်ခံပုဂ္ဂိိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုပါ တွေ့ဆုံပြီးတော့ မြောက်ကိုရီးယား-မြန်မာ ဆက်ဆံမှုနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ စိုးရိမ်ချက်တွေကို ဆွေးနွေး ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့်တော့ မြောက်ကိုရီးယားနဲ့ရှိနေတဲ့ လက်ကျန် ဆက်ဆံမှုတွေကိုပါ ဖြတ်တောက်ပြီး မြောက်ကိုရီးယားကို ဒေသတွင်းက အရေးယူနိုင်ရေး နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ သိပ်မကြာခင်တုန်းကပဲ အမေရိကန်ပြည်ထောင်စုကိုပါ ပစ်ခတ်နိုင်တယ်လို့ဆိုတဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေ လုပ်ခဲ့တာကြောင့် အိမ်နီးချင်း တောင်ကိုရီးယားနဲ့ အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံတွေကြား စိုးရိမ်မှုတွေ တိုးလာနေတာပါ။ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမယ့် အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲ ARF မှာ မြောက်ကိုရီးယားအရေး တုံ့ပြန် ကိုင်တွယ်နိုင်မယ့် နည်းလမ်းတွေကို အဓိကထား ဆွေးနွေးသွားမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသစ် Kang Kyung-Wha က လည်း ပြောထားပါတယ်။ ARF ဆွေးနွေးပွဲကို တက်ရောက်လာကြမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson အပါအဝင် ရုရှား၊ ဂျပန်၊ တရုတ် စတဲ့ အရေးပါ နိုင်ငံကြီးတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တောင်ကိုရီးယားနိုင်ငံကြား နှစ်နိုင်ငံချင်းအလိုက် သီးခြား ဆွေးနွေးမှုတွေ လုပ်သွားဖို့ စီစဉ်နေတယ် ဆိုတာကိုလည်း တောင်ကိုရီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရ Cho June-Hyuck က ပြောပါတယ်။
"အစည်းအဝေး တက်လာကြမယ့် အဓိက နိုင်ငံကြီးတွေ အများစုနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံချင်း သီးခြား တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်သွားဖို့ ကျနော်တို့ စီစဉ်နေပါတယ်။ ဆွေးနွေးမယ့်အချိန် နေရာ နောက်ဆုံးအပြီးသတ် ညှိနှိုင်းနေပေမဲ့ အတည်တော့ မဖြစ်သေးပါဘူး။”
ဒီသီတင်းပတ်ကုန် စတင်ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM)၊ အာဆီယံ ဒေသဆိုင်ရာအစည်းအဝေး (ARF) နဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ (EAS) တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်၊ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံ ကလည်း မြောက်ကိုရီးယား နျူကလီးယားအရေးနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှနဲ့ အရှေ့အာရှ ဒေသတွင်းက မဟာမိတ် နိုင်ငံတွေနဲ့ ဆွေးနွေး ညှိနှိုင်းပြီး သတိထား ကိုင်တွယ်သွားမယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano က ပြောပါတယ်။
"ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေ လျော့ကျစေဖို့ ကျနော်တို့ အကောင်းဆုံး ပါဝင် ဆောင်ရွက်ပေးနိုင်တာမျိုး ဖြစ်ချင်တဲ့အတွက် ကျနော်တို့ ဒီကိစ္စကို အထူး သတိထားပါတယ်။ တင်းမာမှုတွေ ပိုဆိုးအောင် လုပ်တဲ့သူ မဖြစ်ချင်ပါဘူး။ ဒါကြောင့် ကျနော်တို့ တွေ့ဆုံဆွေးနွေး တာတွေ လုပ်သွားရမှာပါ။”
မြောက်ကိုရီးယားနိုင်ငံကတော့ လာမယ့် အာဆီယံ ဒေသတွင်းအစည်းအဝေးမှာ သူ့နိုင်ငံကို အရှက်ရစေမယ့် လုပ်ရပ်မျိုး မလုပ်မိစေဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံကို ဒီနှစ် အစောပိုင်းကတည်းက သံတမန် တချို့ စေလွှတ်ပြီး ကြိုတင် ပန်ကြားတာတွေ လုပ်ခဲ့သလို၊ အာဆီယံ ဆွေးနွေးပွဲ မတိုင်ခင် ပြီးခဲ့တဲ့ဇူလိုင်လ ၂၅ ရက်နေ့တုန်းကလည်း မြောက်ကိုရီးယား ဒု နိုင်ငံခြားရေးဝန်ကြီးနဲ့ ဖိလစ်ပိုင် ဒု နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီး ဒီကိစ္စ ဆွေးနွေးခဲ့တဲ့အကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတချို့က ပြောထားပါတယ်။
လာမယ့် အာဆီယံဒေသတွင်း ဆွေးနွေးပွဲတွေကို အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျပန် စတဲ့ အရေးပါတဲ့နိုင်ငံကြီးတွေနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မယ့်အကြောင်း ဖိလစ်ပိုင် ပြန်ကြားရေးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံခြားရေးဌာနဘက်ကတော့ ဒါကို အတည်ပြု ထုတ်ပြန်ထားတာ မရှိသေးပါဘူး။