သုံးရလွယ်ကူစေသည့် Link များ

ဝန်ကြီး Tillerson ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှားကို သတင်းပတ်ကုန် သွားရောက်မည်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ အာဆီယံ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံကို ဒီသီတင်းပတ်ကုန် သွားရောက်မှာ ဖြစ်ပါတယ်။ သြဂုတ်လ ၅ ရက်ကနေ ၉ ရက်အထိ ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးရှား နိုင်ငံတွေကို ဝန်ကြီး Tillerson သွားရောက်မယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် ARF ဆွေးနွေးပွဲ ၊နိုင်ငံခြားရေး ဝန်ကြီးအဆင့် အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ၊ နိုင်ငံခြားရေး ဝန်ကြီးအဆင့် အမေရိကန် အာဆီယံဆွေးနွေးပွဲနဲ့ မဲခေါင်မြစ် အောက်ပိုင်းဒေသ ဆိုင်ရာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေကိုအမေရိကန် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မှာ ဖြစ်ပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ Nuclear ကင်းရှင်းရေး၊ ရေကြောင်း လုံခြုံရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး စတဲ့ကိစ္စတွေကိုလည်း တခြားနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဝန်ကြီး Tillerson ဆွေးနွေးမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံကို ခရီးဆက်ရင်တော့ ပြီးခဲ့တဲ့နှစ်က ကွယ်လွန်သွားတဲ့ ထိုင်းဘုရင်ကြီးကို ဂါရဝပြုမှာ ဖြစ်သလို ထိုင်းနဲ့ အမေရိကန် ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်လက် ခိုင်မြဲဖို့အပြင် ဒေသတွင်း ကိစ္စတွေကို ဆွေးနွေးပါလိမ့်မယ်။ ဝန်ကြီး Tillerson ရဲ့အာရှခရီးစဉ်ကို မလေးရှားမှာ အဆုံးသတ် မှာဖြစ်ပါတယ်။ အဲဒီမှာတော့ အမေရိကန် မလေးရှား၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်ခိုင်မာရေး ကိစ္စတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အာရှ Pacific ဒေသမှာ အမေရိကန် စီးပွာရေးနဲ့ လုံခြုံရေး အကျိုးစီးပွားတွေကို နောက်ထပ်တိုးမြှင့်ဖို့ အမေရိကန် အစိုးရ ပေးထားတဲ့ ကတိကို ထပ်မံ အတည်ပြုတဲ့ အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Tilleson ခရီးကို မြင်နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

XS
SM
MD
LG