အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံပြီးမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် တစောင်ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကြေညာချက်အပြည့်အစုံ ကအောက်ပါအတိုင်းဖြစ်ပါတယ်။
အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေကြား မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု ခိုင်မာရေးနဲ့ အမေရိကန်-အာဆီယံ ဆက်ဆံရေး နှစ် (၄၀)ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး Tillerson က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို အထူးအစည်းအဝေးတရပ် လက်ခံကျင်းပခဲ့ပါတယ်။
အာရှ ပစိဖိတ်ဒေသဟာ Trump အစိုးရအတွက် ထိပ်တန်းဦးစားပေးတရပ်ဖြစ်ပြီး အာဆီယံဟာ မရှိမဖြစ် မိတ်ဖက်ဖြစ်တယ်လို့ ၀န်ကြီး Tillerson ကပြောပါတယ်။
အာဆီယံဒေသတွင်း စုစည်းရေးအပါအ၀င် အာဆီယံ လူထုအသိုက်အ၀န်း တည်ဆောက်ရေးမှာ အမေရိကန် ဆက်လက်ကူညီ ဆောင်ရွက်မှုကို အာဆီယံဝန်ကြီးတွေက ကြိုဆိုကြပါတယ်။
မတ်လ (၃)ရက်နေ့က ကျင်းပခဲ့တဲ့ အာဆီယံ-အမေရိကန် အကြိမ် (၃၀)ပြည့်ဆွေးနွေးပွဲမှာ ပြောခဲ့ကြတဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို နှစ်ဘက် ပူးတွဲ မှတ်တမ်းတင်ကြပါတယ်။
ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံဖြိုးရေး အရှိန်မြင့်မားအောင် ပူးတွဲတာဝန်ယူမယ်လို့လည်း အမေရိကန်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလေးအနက် ပြုခဲ့ကြပါတယ်။
ဝန်ကြီး Tillerson နဲ့ အာဆီယံဝန်ကြီးတွေဟာ မြောက်ကိုးရီးယားရဲ့ နျူးကလီးယားစမ်းသပ်မှု၊ ဒုံးကျည် ပစ်လွှတ်မှုတွေနဲ့ ဒေသတည်ငြိမ်ရေးခြိမ်းခြောက်မှုတွေကြောင့် ဖြစ်နေရတဲ့ ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သက်ဆိုင်ရာဆုံးဖြတ်ချက်တွေအားလုံးကို အပြည့်အ၀ အကောင်အထည်ဖေါ်ဖို့ လိုတယ်ဆိုတာကိုလည်း အသိအမှတ်ပြုကြပါတယ်။
ဝန်ကြီး Tillerson နဲ့ အာဆီယံဝန်ကြီးတွေဟာ အာရှ pacific ဒေသအတွင်း စည်းမျည်းစည်းကမ်းအခြေပြု အနေအထားတည်ရှိရေး နဲ့ ၂၀၁၆ ခုနှစ်တုန်းက အမေရိကန်-အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲ ပူးတွဲကြေညာချက်မှာ ဖေါ်ပြခဲ့တဲ့ ဘုံမူဝါဒတွေကို ထပ်မံအသိအမှတ်ပြုကြပါတယ်။ အဲဒီဘုံမူဝါဒတွေအထဲမှာ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေး၊ နိုင်ငံတကာ ဥပဒေနဲ့ အညီ သံတမန် စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အ၀လိုက်နာပြီး ဆောင်ရွက်ရေးတို့ ပါဝင်ပါတယ်။
တောင်တရုတ်ပင်လယ်တွင်း စစ်ရေးတည်ဆောက်မှု၊ ကျွန်းမြေဖို့မှုတွေအပေါ် ဒေသတွင်းက စိုးရိမ်မှုတွေနဲ့ ထပ်တူ စိုးရိမ်မိကြောင်း ၀န်ကြီး Tillerson ကဖေါ်ပြပါတယ်။
အာဆီယံနိုင်ငံတွေနဲ့ တရုတ်တို့ဟာ တောင်တရုတ်ပင်လယ်နဲ့ ဒေသတခုလုံးအတွင်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အ၀နဲ့ ထိထိရောက်ရောက် အကောင်အထည်ဖေါ်ဖို့ လိုအပ်တယ်လို့လည်း ၀န်ကြီး Tillerson က အလေးအနက်ပြောကြားပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း အဓိပ္ပါယ်ပြည့်ဝသော လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို စောလျင်စွာ အပြီးသတ်နိုင်ဖို့ အားထုတ်မှုကိုလည်း အသိအမှတ်ပြုပါတယ်။ ဒါ့အပြင်စီးပွားရေး၊ ကုန်သွယ်ရေး ကိစ္စရပ်တွေ ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။