သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးလျှော့ချဖို့ အာဆီယံကို အမေရိကန်တိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ

မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေး ပိတ်ပင်ဖို့ အပါအဝင် သံတမန်ရေးလျှော့ ချဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကြာသပတေးနေ့က တွေ့ဆုံပွဲမှာ တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် တောင်တရုတ်ပင်လယ်ကိစ္စမှာလည်း ရေကြောင်းသွားလာမှုနဲ့ လေကြောင်းပျံသန်းမှု လွတ်လပ်ခွင့် အခိုင်အမာရှိရေး အာဆီယံနဲ့ အမေရိကန်တို့ နှစ်ဘက်ဆွေးနွေးပွဲမှာ သဘောတူညီခဲ့ကြောင်း အရှေ့တောင်အာရှဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

မနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးစည်းဝေးပွဲမှာ မြောက်ကိုးရီးယားနဲ့ တောင်တရုတ်ပင်လယ် ကိစ္စတွေကို အဓိကဆွေးနွေးသွားကြောင်း အရှေ့တောင်အာရှဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy က ဆွေးနွေးပွဲအပြီး တိုက်ရိုက်ဆက်သွယ်မေးမြန်းခန်းမှာ ပြောသွားပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေကို အမေရိကန်ဘက်က အဓိကတိုက်တွန်းခဲ့တဲ့ အချက်တွေကို သူက အခုလို ပြောသွားပါတယ်။

“ဒေသတွင်းသာမက တကမ္ဘာလုံးကို မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအပေါ်မှာ ပါဝင်ဆွေးနွေးတဲ့ နိုင်ငံအားလုံးက စိုးရိမ်မကင်းဖြစ်နေကြတယ်ဆိုတာ နေ့လည်စာ သုံးဆောင်ရင်း ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ထင်ရှားပါတယ်။ လုံခြုံရေးကောင်စီရဲ့ သက်ဆိုင်ရာဆုံးဖြတ်ချက်တွေအားလုံးကို အပြည့်အဝအကောင်အထည်ဖေါ်ဖို့နဲ့ ကျန်ရှိတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် လည်း အဲဒီကိစ္စကို အထောင်အထည်ဖေါ်ဖို့ လိုတယ်ဆိုတာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခဲ့ကြပါတယ်။

အမေရိကန်ရဲ့ ရည်ရွယ်ချက်ဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီယားကင်းမဲ့ရေးဖြစ်တယ်လို့လည်း ဝန်ကြီး Tillerson ကပြောသွားပါတယ်။ ဒါ့အပြင် ဒေသတွင်း ကုန်သွယ်စီးပွားရေးကနေ ရနေတဲ့ မြောက်ကိုရီးယားရဲ့ ဝင်ငွေတွေကို ပိတ်ပင်ဖို့နဲ့ မြောက်ကိုရီးယားနဲ့ သံတမန်ရေးဆက်ဆံမှု လျော့ချဖို့ ဝန်ကြီး Tillerson က အာဆီယံ မိတ်ဖက်နိုင်ငံတွေကို ဆွေးနွေးပွဲမှာ တိုက်တွန်းခဲ့ပါတယ်။”

အရှေ့တောင်အာရှဒေသတွင်း တောင်တရုတ်ပင်လယ်အရေးကိစ္စကိုလည်း အဓိကဆွေးနွေးခဲ့ကြောင်း Mr. Murphy က အခုလို ပြောသွားပါတယ်။

“တောင်တရုတ်ပင်လယ်ကိစ္စမှာ ကျနော်တို့ဟာ ဒီ ရည်မှန်းချက်အတိုင်း မပြောင်းမလဲပဲ ရှေ့ကို ဆက်ပြီး သွားမှာဖြစ်ပါတယ်။ ရေကြောင်းသွားလာမှုနဲ့ လေကြောင်းပျံသန်းမှု လွတ်လပ်ခွင့် အခိုင်အမာရှိရေး သေချာအောင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ အရှေ့တောင်အာရှ မိတ်ဖက်နိုင်ငံအများစုဆီကလည်း ဒီအတိုင်းပဲ ကြားရပါတယ်။ တောင်တရုတ်ပင်လယ်မှာ အမေရိကန်က သူရဲ့ရပိုင်ခွင့်တွေကို သံတမန်ရေးနည်းနဲ့ ရပ်တည်ဖေါ်ထုတ်သွားမှာဖြစ်ပါတယ်။”

ဒါအပြင် အာဆီယံနဲ့ တရုတ်ကြားမှာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်လို့ ခက်ခဲတဲ့ ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ Patrick Murphy ကပြောပါတယ်။

ဒါပေမဲ့လည်း တောင်တရုတ်ပင်လယ်တွင်း စစ်ရေးတည်ဆောက်မှုနဲ့ ကျွန်းမြေဖို့မှုတွေကို ရပ်ပစ်ဖို့ လိုအပ်နေတဲ့ နည်းလမ်းတွေနဲ့ ဆွေးနွေးပွဲကနေ ညှိုနှိုင်းဖို့ စတဲ့ကိစ္စရပ်တွေကို မနေ့က အစည်းအဝေးကို တက်ရောက်လာတဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက အဖြေရှာခဲ့ကြတယ်လို့ လည်းဆိုပါတယ်။

အမေရိကန်သမ္မတ Donald Trump အစိုးရ လက်ထက် အာဆီယံနိုင်ငံတွေနဲ့ ပတ်သက်တဲ့ မူဝါဒ မသေချာမရေရာရှိနေတဲ့အချိန်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဟာ တရုတ်အစိုးရရဲ့ သံတမန်ရေးဆက်ဆံမှု ပိုပြီး အားကောင်းလာချိန် အခုလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကနေ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ဝါရှင်တန်ဒီစီကို သီးသန့် ဖိတ်ခေါ်ပြီး တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။

ဒီနှစ်မှာကျရောက်တဲ့ အမေရိကန်နဲ့ အာဆီယံ ဆက်ဆံရေး နှစ် (၄၀)ပြည့် အထိမ်းအမှတ်အဖြစ် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အမေရိကန် ဆက်ဆံရေးခိုင်မာအောင် ထပ်လောင်းအတည်ပြုဖို့ ဆွေးနွေးပွဲ ကျင်းပရတာဖြစ်တယ်လို့ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Patrick Murphy ကပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ လမယ့် သြဂုတ်လအတွင်း ဖိလစ်ပိုင်နိုင်ငံမှာကျင်းပမယ့် အာဆီယံနဲ့ မိတ်ဖက်နိုင်ငံများ ဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်တယ်လို့ Tillerson က ထပ်မံ အတည်ပြုပြောကြားခဲ့တယ်။

ဒီဆွေးနွေးပွဲကို ဥရောပနိုင်ငံတွေကို ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG