သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးTillerson ASEAN နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်မည်


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနဲ့ တဆက်တစပ်ထဲ ကျင်းပမယ့် အာဆီယံ ဒေသဆိုင်ရာ အစည်းအဝေး ARF နဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေး EAS တို့ကို တက်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံကို ဒီရက်ပိုင်းအတွင်း သွားရောက်ဖို့ရှိပါတယ်။

နိုင်ငံပေါင်း ၂၇ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အကြီးတန်း တာဝန်ရှိသူတွေ တက်ရောက်မယ့် ဒီအစည်းအဝေးတွေကို မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ ဖိလစ်ပိုင်အစိုးရရဲ့ပြန်ကြားရေးဌာန အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရ ဘက်ကတော့ တရားဝင် ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အစည်းအဝေးတွေ ပြင်ပမှာ သီးခြားနှစ်နိုင်ငံခြင်း တွေ့ဆုံဆွေးနွေးဖို့ ရှိနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိတ်ဖိတ်ရေးရာ ယာယီ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Susan Thornton က ဗုဒ္ဓဟူးနေ့မှာ တယ်လီဖုန်းကနေ တဆင့်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောသွားပေမဲ့ အသေးစိတ်တွေကိုတော့ စီစဉ်နေဆဲ ရှိတယ်ဆိုပြီး ပြောမသွားပါဘူး။ အလားတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ Tillerson သီးခြားတွေ့ဆုံမလား ဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။

ဒီအစည်းအဝေးတွေ အတွင်း တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားနေတာကနေ ထိပ်တိုက်တွေ့တာတွေကို ရှောင်ရှားနိုင်ဖို့ ဥပဒေအရ သက်ရောက်မှု ရှိတဲ့ စနစ်တခုကို ထူထောင်ရေး အမေရိကန်က ဆက်ပြီး တွန်းအားပေးသွားဖို့လည်း ရှိနေပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေကို ဆက်လုပ်နေတဲ့အတွက် ပိုပြီးတော့ ဖိအားပေး နိုင်ရေး ဒေသတွင်းက ထောက်ခံမှုရဖို့လည်း ကြိုးစားသွားဖို့ ရှိပါတယ်။

ဖိလစ်ပိုင်မှာတော့ အစည်းအဝေးတွေကို တက်ရောက်မယ့် အရေးကြီးပုဂ္ဂိုလ် ၁,၇၀၀ ရဲ့ လုံခြုံရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်ပေါင်း ၁၃,၀၀၀ နဲ့အတူ တခြားဌာနတွေက ဝန်ထမ်းပေါင်း ၁,၂၈၆ ကို ချထားမယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ပြောထားပါတယ်။

မစ္စတာ Tillerson ဟာ ဖိလစ်ပိုင်မှာ အစည်းအဝေးတွေ တက်ပြီးတဲ့နောက် ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကို ဆက်သွားမှာ ဖြစ်ပြီး နှစ်နိုင်ငံခြင်းကိစ္စရပ်တွေကို ပြောဆိုဆွေးနွေးမယ်လို့လဲ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG