သုံးရလွယ်ကူစေသည့် Link များ

အာဆီယံ အမေရိကန် ဆက်ဆံရေး အလားအလာ

  • ဗွီအိုအေ (မြန်မာဌာန)

၂၀၁၆ စက်တင်ဘာတုန်းက လာအိုနိုင်ငံတွင်ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

ဇန်န၀ါရီလအတွင်း အမေရိကန် သမ္မတအဖြစ် Donald Trump တက်လာပြီးတဲ့နောက် အာရှဒေသအတွက် ပြောင်းလဲလာနေတဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒအပေါ် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့ ဘယ်လို တုံ့ပြန်မလဲဆိုတာကို အခုနှစ်မှာ ကျင်းပမယ့် အာဆီယံ ၀န်ကြီးများအဆင့် စည်းဝေးပွဲမှာ စတင် တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။

အခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း၊ Boracay အပန်းဖြေ ကမ်းခြေမြို့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်၊ အင်္ဂါနေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ရာထူးက အနားယူသွားတဲ့ သမ္မတ Barack Obama အစိုးရ ဒုတိယသက်တမ်းအတွင်း Asia Pivot လို့ခေါ်တဲ့ အာရှချိန်ခွင်လျှာညှိရေး မူဝါဒ ချမှတ်ပြီး အာရှတိုက်ရဲ့ အရေးပါမှုကို ဦးစားပေး ဆောင်ရွက်ခဲ့တဲ့ မူဝါဒနဲ့ ဆန့်ကျင်ပြီး အမေရိကန် ဦးစားပေးရေး အစီအစဉ်ကို ချမှတ် လုပ်ဆောင်သွားမယ့်အကြောင်း သမ္မတ Trump က အတိအလင်း ပြောဆိုထားတာပါ။

အာရှဒေသအတွင်းမှာ အမေရိကန် တည်ရှိမှု လျော့ချလိမ့်မယ်လို့ သုံးသပ်သူတချို့က ကြိုတင် ဟောကိန်း ထုတ်ထားကြတာကြောင့် တောင်တရုတ် ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စနဲ့ ဒေသတွင်း ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေ အပါအ၀င် အရေးပါတဲ့ ကဏ္ဍတွေမှာ တရုတ်နိုင်ငံအတွက် ပိုပြီး အားကောင်းသွားစေမယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲအတွင်း အာဆီယံအဖွဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအရ စိန်ခေါ်မှုတွေအပါအ၀င် တခြား စိန်ခေါ်မှု အများအပြားကို ထည့်သွင်း ဆွေးနွေးသွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Charles Jose က တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီအထဲမှာ အစိုးရသစ်နဲ့ ခေါင်းဆောင်သစ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ မစ္စတာ Trump အနိုင်ရလိုက်တာကြောင့် ဒေသဆိုင်ရာ လုံခြုံရေး ကိစ္စအပါအ၀င် အာဆီယံအဖွဲ့ကြီးအတွက် အငိုက်မိသွားစေတယ်လို့ အင်ဒိုနီးရှာနိုင်ငံ Padjajaran တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေး သုတေသီ Teuku Rezasyah က ပြောပါတယ်။

တောင်တရုတ်ပင်လယ် အရေးကိစ္စနဲ့ ပတ်သက်လို့ အာဆီယံအနေနဲ့ ကျင့်ဝတ် စည်းမျဉ်းများ ချမှတ်လုပ်ဆောင်တဲ့ အခြေခံမူဘောင်မျိုးကို လိုလားကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Charles Jose က ပြောပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်းက ကျွန်းစု အားလုံးနီးပါးကို တရုတ်တို့က သူတို့ပိုင်ဆိုင်ကြောင်း ပြောဆိုနေတာ ဖြစ်ပါတယ်။

TPP လို့ခေါ်တဲ့ အမေရိကန်ဦးဆောင်တဲ့ ပစိဖိတ်ရပ်ဝန်းနိုင်ငံများ ကုန်သွယ်ရေးသဘောတူညီချက်ထဲကနေ နှုတ်ထွက်ကြောင်း သမ္မတ Trump က အလျင်အမြန် ပြောကြားလိုက်တဲ့အတွက် TPP မှာ ပါပြီးဖြစ်တဲ့ ဘရူနိုင်း၊ စင်္ကာပူနဲ့ ဗီယက်နမ်နိုင်ငံတွေကို အထိနာသွားစေပြီး အဲဒီ နိုင်ငံတွေနဲ့ အမေရိကန်အကြား တနိုင်ငံချင်းစီ ပြန်လည် ဆွေးနွေး ညှိနှိုင်းကြဖို့ လိုအပ်ပါလိမ့်မယ်။

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကတော့ ဇွန်လမှာ သူသမ္မတဖြစ်လာတဲ့အချိန်ကစလို့ တရုတ်နိုင်ငံနဲ့ ပိုပြီး အဆင်ပြေတဲ့ နည်းလမ်းကို ရွေးချယ် လုပ်ဆောင်ခဲ့ပါတယ်။

XS
SM
MD
LG