သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အထူးအစည်းဝေး အပေါ် အမြင်တချို့


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံစဉ် (ဇူလိုင်လ ၂၀၁၆)
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံစဉ် (ဇူလိုင်လ ၂၀၁၆)

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရခိုင်ပြည်နယ် ပြဿနာကို ဘာသာရေး လူမျိုးရေးထက်၊ လူသားချင်း စာနာမှုအမြင်နဲ့ ချည်းကပ်သင့်တယ် လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ပြောဆို နေကြတာ ဖြစ်ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ပြစ်တင် ဝေဖန်မှုတွေကို ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၉ ရက်တနင်္လာ ဒီကနေ့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ဖိတ်ကြားခေါ်ယူ ထားတာနဲ့ ပတ်သက်ပြီး အမြင်တချို့ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးရဲစခန်းတွေ အောက်တိုဘာ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးရသလို လက်နက်တွေပါ လုယူသွားပြီးနောက်ပိုင်း မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေတယ်ဆိုတဲ့ နိုင်ငံတကာအစိုးရတချို့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြစ်တင်ဝေဖန်မှုတွေ တောက်လျှောက်ထွက်ပေါ်လာတာပါ။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရပေါ် နိုင်ငံတကာဖိအား ပိုတိုးလာသလို၊ အာဆီယံ အဖွဲ့ဝင်ထဲက မွတ်ဆလင်အများစုနေ ထိုင်ရာ မလေးရှားနိုင်ငံက ဝန်ကြီးချုပ်ဆိုရင် ရခိုင်အရေး မြန်မာအစိုးရကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ကိုယ်တိုင် လမ်းမပေါ်ထွက် ကန့်ကွက် ဆန္ဒပြတာကိုပါ ကြုံခဲ့ရတာပါ။

ဒီလို နိုင်ငံတကာရဲ့ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၁၉ ဒီကနေ့မှာပြုလုပ်မယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး မှာ ဒေါ်အောင်ဆန်းစုကြည်က ပြန်ရှင်းပြနိုင်လိမ့်မယ်လို့ သူယုံကြည်ကြောင်း အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေးလေ့လာ သုံးသပ်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“အဖြစ်အပျက်တခုတည်းကို ချဉ်းကပ်မှုနဲ့ သတင်းထုတ်ပြန်မှုမတူတဲ့ ၂ ခုကြားမှာ ဒါကို အခြေခံပြီး ဒေါ်အောင်ဆန်းစုကြည်က တခြားနိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းပြလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။ အာဆီယံမှာ အဓိကတော့ မလေးရှားနိုင်ငံဝန်ကြီးချုပ်ပေ့ါနော် သူကပဲ ဒီပြဿနာကို နိုင်ငံတကာအထိ ဖွလိုက်တဲ့ ပုံစံမျိုးဖြစ်တော့ ဒီဟာကို ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ မှန်ကန်တဲ့အနေအထားတရပ်ဖြစ်အောင် သူက တည့်မှတ်ဖို့ ကြိုးစားမယ်လို့ ယူဆပါတယ်။ စစ်တပ်က အခုနောက်ပိုင်း ဆောင်ရွက်လာတာကလည်း တမျိုးတော့ ထူးခြားတယ်ခင်ဗျ ရခိုင်အရေးမှ မဟုတ်ပါဘူး။ သို့သော်လည်း အဲဒီလို ရှိတဲ့ကြားထဲကနေ ဒေါ်အောင်ဆန်းစုကြည်ကခေါင်းခံပြီးတော့ ပြောဆိုရှင်းလင်း ရပ်တည်နေတဲ့ သဘောရှိတယ်။ ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုပိုပြီးတော့ အပြစ်တင်ကြတဲ့ အသံတွေ ကျနော်တို့ ကြားနေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ခိုင်လုံတဲ့ အကြောင်းပြချက် ရှိလိမ့်မယ်လို့ လည်း ယူဆပါတယ်။”

ရခိုင်အရေးနဲ့ပတ်သက်လို့ ဖိအားပေးမှုကို ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်အရေးဟာ သိမ်မွေ့ရှုပ်ထွေးတယ် ဆိုတာကို နိုင်ငံတကာဘက်လည်း နားလည်ပေးဖို့လိုကြောင်း သူ့ရဲ့ အခုနောက်ဆုံး စင်္ကာပူခရီးစဉ်အတွင်း မေတ္တာရပ်ခံ ခဲ့ပါတယ်။ ရိုဟင်ဂျာပြဿနာကို မလေးရှားဝန်ကြီးချုပ်က ကွာလာလမ်ပူမှာ ဆန္ဒပြတဲ့နည်းနဲ့ တောင်းဆိုဖိအားပေးခဲ့ပေမယ့်၊ အာဆီယံထဲက မွတ်စလင်နိုင်ငံကြီးတခုဖြစ်တဲ့ အင်ဒိုနီးရှားကတော့ ရိုဟင်ဂျာအရေးကို ဘာသာရေး ပဋိပက္ခလို့ မရှုမြင်ပဲ လူသားချင်းစာနာမှှု ဆိုင်ရာကိစ္စအဖြစ် ရှုမြင်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောကြားခဲ့ ပါတယ်။

အခုဖြစ်ပွားနေတဲ့ ရခိုင်ပြည်က မွတ်ဆလင်အရေးကိစ္စမှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရကြား သတင်းဖလှယ်မှုအားနည်းတာကြောင့် ပြဿနာတွေပိုတိုး နေကြောင်း၊ အစိုးရက အချိန်မဆွဲပဲ ခိုင်မာတဲ့ရလဒ်တွေ အမြန်ထွက်ပေါ်လာအောင် ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအသင်းဥက္ကဌ ဒေါက်တာ ဝါကာအူဒင်က တိုက်တွန်းလိုက်ပါတယ်။

“ပြဿနာက မြန်မာအစိုးရ ဗဟိုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရ၊ မောင်တော၊ ဘူးသီးတောင်က အရာရှိတွေက လိမ်တယ်ဗျ ဒေါ်အောင်ဆန်းစုကြည်ကို ၊ ဒေါ်အောင်ဆန်းစုကြည်က အဲဒီစကားကို ပြန်ပြောတယ် အဲဒါ ပြဿနာဖြစ်နေတာ။ နောက်တခုက meeting မှာ ဒေါ်အောင်ဆန်းစုကြည်က တကယ်ဘာလုပ်မယ်ဆိုတာပြောရမယ် အချိန်ယူတာ မကောင်းတော့ဘူး။ ရလဒ်က ဘာမှ မရှိတော့ဘူးလေ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်မယ့် အထူးအစည်းအဝေးမှာ ပြည်တွင်းရေးနဲ့ ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေကို ခွဲခြားဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ABSDF ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်က ပြောပါတယ်။

“နိုင်ငံသားမဟုတ်ပဲ ဝင်လာတဲ့ လူမျိုးတွေရှိတယ်ဆိုရင် ကျနော်တို့ တိုင်းပြည်အခြေအနေ အနေအထားအရ ကိုယ့်နိုင်ငံထဲမှာလည်း လက်ခံဖို့ မဖြစ်နိုင်ရင် ဒါ ဒုက္ခသည် ဖြစ်မှာပေါ့နော်။ နောက်တခါ ဒီအိမ်နီးနားချင်းတွေကို ရောက်သွားတဲ့ ဒုက္ခသည်တွေ နောက်တခုက အမုန်းတရားတွေနဲ့ ပတ်သက်လို့ ဖြစ်လာတဲ့ ကိစ္စတွေအားလုံးကတော့ ဒါဒေသအတွင်းထဲမှာ ဘယ်လိုကာကွယ်ကြမလဲဆိုတဲ့ နည်းလမ်းတွေကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအကြားထဲမှာ ဆွေးနွေးအဆိုပြုနိုင်ရင်ကောင်းမယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ ဦးသိန်းစိန်အစိုးရလက်ထက်က ဒေသတွင်းနိုင်ငံတွေဆီ ထွက်ပြေးကြတဲ့ ရခိုင်ဒေသက ရိုဟင်ဂျာ မွတ်ဆလင်တွေ ထောင်နဲ့ချီ ရှိခဲ့တာမို့ အဲဒီကိစ္စကို ဆွေးနွေးဖို့ ၂၀၁၂ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားက အဆိုပြုခဲ့ပေမယ့် ဆွေးနွေးတဲ့အဆင့် မရောက်ခဲ့ပါဘူး။ အခြားနိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လေ့ မရှိတဲ့ မူဝါဒကို စွဲမြဲကျင့်သုံးလာတဲ့ အာဆီယံနိုင်ငံတွေကြား မြန်မာ နိုင်ငံရဲ့ အတိမ်းအစောင်းမခံတဲ့ ရခိုင်အရေးကို အခုတော့ ဆွေးနွေးကြမှာမို့ ဒါဟာ အာဆီယံနိုင်ငံတွေကြား တခါမှ မကြုံဖူးသေးတဲ့ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG