သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဘာသာရေး နှိပ်ကွပ်မှု အစီရင်ခံစာ နှစ်စောင် USCIRF ထုတ်ပြန်


USCIRF ကထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ နှစ်စောင်
USCIRF ကထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ နှစ်စောင်

မြန်မာနိုင်ငံမှာ လူနည်းစု ခရစ်ယာန် ဘာသာဝင်တွေနဲ့ အခြားလူနည်းစု ရိုဟင်ဂျာ မူဆလင်တွေပေါ် ဖိနှိပ်ခွဲခြား ဆက်ဆံမှုတွေ လုပ်နေတယ်-ဆိုပြီး အမေရိကန် ရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်က ဒီဇင်ဘာ ၁၃ အင်္ဂါနေ့မှာ အစီရင်ခံစာ၂စောင်ကို တပြိုင်နက်ထုတ်ပြန် လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ဘာသာရေး လွတ်လပ်ခွင့် ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့လေ့လာတွေ့ရှိ ချက်တွေကို မြန်မာအစိုးရ ကိုရော၊ အမေရိကန်အစိုးရကိုပါ တိုက်တွန်း အကြံပြု သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

USCIRF လို့ခေါ်တဲ့ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ် ခွင့်ကော်မရှင်က မြန်မာပြည်က ခရစ်ယာန်ဘာသာဝင်တွေနဲ့ ပတ်သက်လို့ Hidden Plight လို့အမည်ပေးထားတဲ့ အစီရင်ခံစာနဲ့ သူတို့အဆို လူနည်းစု ရိုဟင်ဂျာ မူဆလင်တွေနဲ့ ပတ်သက်ပြီး Suspended in Time ဆိုတဲ့ အစီရင်ခံစာ ၂ စောင်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ဝါရှင်တန်ဒီစီမှာရှိတဲ့ သတင်းထောက်များ အသင်းမှာ ဒီဇင်ဘာ ၁၃ ရက်ညနေပိုင်းက သတင်းစာ ရှင်းလင်းပွဲတရပ် လုပ်ခဲ့ပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေရဲ့ လွတ်လပ်စွာကိုးကွယ်ခွင့် ချိုးဖောက်ခံနေရတဲ့ အခြေ အနေကို Hidden Plight ဖုံးကွယ်ထားတဲ့ အတိဒုက္ခဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပြီး မြန်မာနိုင်ငံက ခရစ်ယာန် ဘာသာဝင်တွေဟာ အချိန်အတော်ကြာ ကတည်းက ဖိနှိပ်ခွဲခြား ဆက်ဆံခံနေရတာ တွေက ခုထိဆက်ရှိနေဆဲပဲလို့ အမေရိကန်ရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင် အရှေ့တောင် အာရှပေါ်လစီပိုင်းဆိုင်ရာ အဆင့်မြင့် ကျွမ်းကျင်သူ Tina Mufford က VOA မြန်မာပိုင်းကို ပြောပါတယ်။

“ ပထမ အစီရင်ခံစာကတော့ လူနည်းစုခရစ်ယာန် ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုကို မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများ စွာ စစ်အစိုးရခေတ် အဆက်ဆက် လက်ထက် စစ်တပ်နဲ့အာဏာပိုင်တွေရဲ့ လက်အောက်မှာ ခွဲခြား ဆက်ဆံမှု နှိပ်စက်ခံရမှုတွေအကြောင်းကို ရေးသားထားတာ ဖြစ်ပါတယ်။ ပညာ သင်ပိုင်ခွင့် အလုပ်အကိုင် ရပိုင်ခွင့် ဘာသာရေး အဆောက်အဦဆောက်ဖို့ မြေယာ ပိုင်ဆိုင်ခွင့်၊ ဘာသာရေး အဆောက်အဦ ပြင်ဖို့ ဒါမှမဟုတ် ဆောက်ဖို့အပြင် လက်ဝါး ကပ်တိုင်ထောင်ဖို့ စသည်ဖြင့်တို့ကို စနစ်အရ ဟန့်တား ထားတာတွေ ရှိပါတယ်။ ဒါ့အပြင် ကိုးကွယ်တဲ့ဘာသာ အတင်းပြောင်းခိုင်းမှု အစိုးရအမှုထမ်းတွေ ဆိုလည်း မြန်မာ ဗုဒ္ဓဘာသာ အခါကြီး ရက်ကြီးတွေမှာ မဖြစ်မနေ ပါဝင်ဆင်နွှဲ ရတာတွေ အလှူငွေ ထည့်ရတာတွေ စသဖြင့်တို့ ပါဝင်ကြပါတယ်။ သူတို့တွေဟာ ခရစ်ယာန်ဘာသာ ကိုးကွယ်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် ဟန့်တားခံရတာတွေ ရှိပါတယ် ”

Suspended in Time အစိုးရရဲ့ အချိန်ဆိုင်းငံ့နေခြင်းဆိုတဲ့ အစီရင်ခံစာမှာတော့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ဖိနှိပ်ခံနေရတဲ့ ကိစ္စတွေကို အသေးစိတ်ရေးသား ထား ပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ Tina Mufford က ပြောတာကတော့ -

“ ဒုတိယ အစီရင်ခံစာကတော့ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး အရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ အခြေအနေဟာ သိသိ သာသာကြီး ကျဆင်းလာတာကို ဖေါ်ပြထားတာ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေး ကာလာ ဖြစ်ပေမယ်လို့လည်း ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ အခြေအနေကတော့ ပိုဆုတ်ယုတ်ခဲ့ပြီး ဒီကနေ့ မြင်တွေ့နေရတဲ့ အခြေအနေအထိ ဆိုက်ရောက် ခဲ့တာ ဖြစ်ပါတယ် ”

USCIRF အနေနဲ့ သူတို့ ပြုစုထားတဲ့ အစီရင်ခံစာ နှစ်ရပ်ပေါ်မူတည်ပြီး သူတို့ရဲ့ လေ့ လာတွေ့ရှိ ချက်တွေကို မြန်မာအစိုးရကို အကြံပြုရာမှာ ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အထူးစုံစမ်း စစ်ဆေးရေးမှူး မြန်မာနိုင်ငံကို လာရောက်ခွင့် ပြုဖို့နဲ့ လူ့အခွင့် အရေးဆိုင်ရာ ကုလသမဂ္ဂရုံးခွဲ ဖွင့်ဖို့ကို တိုက်တွန်းထားပါတယ်။ အမေရိကန် အစိုးရ ရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး USCIRF အဖွဲ့ အနေနဲ့ နှစ်စဉ်အကြံပေး တင်ပြရတာ ဖြစ်တဲ့အတိုင်း အစီရင်ခံစာပေါ် မူတည်ပြီး Tina Mufford ကခုလို တိုက်တွန်းခဲ့ပါတယ်။

“ ကျမတို့ USCIRF ကော်မရှင်ရဲ့အခန်းကဏ္ဍကတော့ အမေရိကန် အစိုးရကို ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ နိုင်ငံခြားရေး ပေါ်လစီမှာ အကြံပေးဖို့ ဖြစ် တဲ့အတိုင်း အမေရိကန်နိုင်ငံခြားရေး ဌာနအနေနဲ့ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ၁၉၉၉ ခုနှစ် ကတည်းက စိုးရိမ်မကင်းဖြစ်တဲ့ နိုင်ငံ စာရင်းထဲမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ လတ်တလောကတော့ အောက်တိုဘာ လ ၃၁ ရက်နေ့ကပဲ ဖြစ်ပါတယ်။ ကျမတို့ အဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံအခုလို စာရင်းတင်သွင်းခံရတာကို ထောက်ခံသလို နှစ်စဉ်ပဲ အကြံပေးခဲ့တာဖြစ်ပါတယ်။ အကြောင်းကတော့ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေဟာ မြန်မာနိုင်ငံမှာ ကျဆင်းနေလို့ပဲ ဖြစ်ပါတယ် ”

အစီရင်ခံစာမှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော် မရှင် ဖွဲ့စည်းတာအပြင်၊ လာမယ့် တနင်္လာနေ့ ရန်ကုန်မှာ ရိုဟင်ဂျာ အရေးဆွေးနွေးဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းဝေးပွဲကို ဒေါ်အောင်ဆန်းစုကြည် ခေါ်ယူထားတဲ့အပေါ် USCIRF အနေနဲ့ ကြိုဆိုကြောင်းနဲ့ ဒါဟာ အပြုသဘော ဆောင်တဲ့ခြေလှမ်း ဖြစ်ကြောင်း Tina Mufford က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအရ စစ်တပ်ကဆက်ပြီး လုပ်ပိုင်ခွင့် အာဏာတည်မြဲနေတဲ့ အခြေအနေနဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်အောင် ကြိုးစားနေကြတဲ့ အချက်တွေက ခရစ်ယာန် ဘာသာဝင်တွေရဲ့ လွတ်လပ်စွာကိုးကွယ်ခွင့် ချိုးဖောက် ခံနေရတာကို နားလည်နိုင်မယ့် အဓိက အချက်တွေဖြစ်တယ်လို့ ဖုံးကွယ်ထားသည့် အတိဒုက္ခ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။ စစ်အစိုးရ လက်ထက်ကတည်းက ရှိခဲ့တဲ့ ခွဲခြား ဆက်ဆံရေး မူဝါဒနဲ့ အလေ့အထတွေဟာ ဒီကနေ့အထိ ရှိနေသေး တယ်လို့လဲ ဆိုထားပါတယ်။ တပ်မတော်ကို အရပ်သားအစိုးရ ထိန်းချုပ်မှုအောက် ေ ရာက်အောင်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရ ရင်ဆိုင်နေရတဲ့ အခက် အခဲတွေထဲမှာ ဒီပြဿနာတွေက မီးမောင်းထိုးပြ နေတယ်လို့လည်း အင်္ဂါနေ့က ထုတ်ပြန် ခဲ့တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လူတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ရရှိရေးနဲ့ လူနည်းစု ရပိုင်ခွင့်တွေကို အကာအကွယ်ပေး ဖို့ မြန်မာအစိုးရကို အစီရင်ခံစာထုတ်ပြန်သူတွေက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG