သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးစော်ကားမှု အရေးယူတဲ့နိုင်ငံတွေထဲ မြန်မာပါဝင်


ကမ္ဘာတဝှမ်း ဘာသာရေးလွတ်လပ်ခွင့် အခြေအနေဟာ ဆိုးရွားနေဆဲဖြစ်ပြီး Blasphemy လို့ခေါ်တဲ့ ဘာသာရေး ပုတ်ခတ် စော်ကားမှုကို ခွင့်ပြုထားတဲ့ ဥပဒေတွေ ပြဌာန်းထားမှုဟာလည်း စိုးရိမ်စရာ အခြေအနေမှာ ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာတဝှမ်းက ဘာသာရေးလွတ်လပ်မှု အခြေအနေ အပါအဝင် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လူမျိုးစုတွေနဲ့ မူဆလင် လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားတဲ့ ဒီအစီရင်ခံစာအကြောင်း အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာကိုတော့ သြဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။ ဒီနှစ်မှာ အမေရိကန် နိုင်ငံခြားရေးဌာနအနေနဲ့ သိပ်ကို အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ အခေအြနေဖြစ်တဲ့ Blasphemy ဘာသာရေး ပုတ်ခတ် စော်ကားမှုကြောင့် နှိပ်ကွပ်ခံရတဲ့ ဥပဒေတွေ၊ Apotasy လို့ခေါ်တဲ့ ဘာသာရေး ကူးပြောင်းမှုကြောင့် အရေးယူတဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ အထူး ရွေးထုတ် တင်ပြထားပါတယ်။

ဒီဥပဒေတွေထုတ်ပြန်ထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ ဘာသာရေး လွတ်လပ်မှုဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး David Saperstein က အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို အခုလို ရှင်းပြခဲ့ပါတယ်။

“ဘာသာရေး ပုတ်ခတ် စော်ကားမှုကြောင့် အရေးယူတဲ့ ဥပဒေတွေဟာ မူဆလင်နိုင်ငံတွေမှာ ပိုများတာတွေ့ရပြီး တည်ဆဲဥပဒေတွေကို လက်တွေ့ အကောင်အထည်ဖော်တာ တွေ့ရပါတယ်။ ဒါပေမဲ့ တခြား နိုင်ငံတွေမှာလည်း ရှိပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာဆိုရင်လည်း ဘာသာရေး ပုတ်ခတ် စော်ကားမှုကို အရေးယူတဲ့ ဥပဒေ ပြဌာန်းထားတာ ရှိပါတယ်။ အရေးယူတဲ့ဖြစ်ရပ်လည်း မကြာသေးမီကပဲ လုပ်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် အဲဒီ ဥပဒေတွေဟာ မူဆလင် နိုင်ငံတွေမှာသာ မက တခြားနိုင်ငံတွေမှာလည်း ရှိတာကို တွေ့ရပါတယ်။”

ကမ္ဘာ့ပေါ်မှာရှိတဲ့ နိုင်ငံတွေရဲ့ ၄ ပုံ ၁ ပုံဟာ ဒီ ဘာသာရေး ပုတ်ခတ်မှုကြောင့် အရေးယူတဲ့ ဥပဒေတွေ ရှိကြတာဟာ စိုးရိမ်ရတဲ့ ပြဿနာပါ။ အရေးယူမှုတွေထဲမှာတော့ သေဒဏ်ပေးတာတွေ၊ ကြီးလေးတဲ့ ပြစ်ဏ်တွေ ပေးတာတွေ ပါဝင်ပါတယ်။

အများအားဖြင့် မူဆလင်နိုင်ငံတွေမှာ ပြဌာန်းထားလေ့ရှိတဲ့ ဒီ ဘာသာရေး ပုတ်ခတ် စော်ကားမှုကို ခွင့်ပြုထားတဲ့ ဥပဒေတွေ ထုတ်ပြန်ထားတဲ့ ၂၅ နိုင်ငံကို သွားရောက်ခဲ့တာမှာ မြန်မာနိုင်ငံကို ရောက်စဉ်မှာတော့ တိုင်းပြည်တွင်းက ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အခြေအနေတွေကို စိုးရိမ်ကြောင်း သူ့အနေနဲ့ ထုတ်ဖော် ပြောကြားခဲ့တယ်လို့ အထူးသံအမတ်ကြီး David Saperstein က ပြောပါတယ်။

“ကျနော်သွားရောက်ခဲ့တဲ့ နိုင်ငံ ၂၅ နိုင်ငံကျော်မှာ ဘာသာရေး စော်ကားမှုနဲ့ ဘာသာရေး ကူးပြောင်းမှုတွေအတွက် အရေးယူတဲ့ ဥပဒေတွေ ပြဌာန်းထားတဲ့ အီဂျစ်၊ ပါကစ္စတန်၊ ဆူဒန်၊ မြန်မာ၊ အီရတ်နဲ့ နိုင်ဂျီးရီးယား နိုင်ငံတို့မှာ အမေရိကန်ရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို အထူးတလည် ဆွေးနွေး တင်ပြခဲ့ပါတယ်။ အမေရိကန်အစိုးရက အဲဒီဥပဒေကို ဆန့်ကျင်တဲ့အတွက် ဖျက်သိမ်းပေးဖို့၊ ဒါမှမဟုတ် အနဲဆုံး လက်တွေ့ အကောင်အထည်မဖော်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ဘာသာရေး ယုံကြည်ချက်ကို ငြိမ်းချမ်းစွာ ဖော်ထုတ်ခဲ့ကြလို့ အကျဉ်းချခံနေရသူတွေရဲ့ အရေးကိုလည်း ဒီနိုင်ငံတွေမှာ ကျနော် ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။”

အထူးသံအမတ်ကြီး ဒီနေရာမှာ ရည်ညွန်းပြောဆိုသွားတဲ့ ဘာသာရေး ပုတ်ခတ်မှုဆိုင်ရာ ဥပဒေကတော့ - အရင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားခြင်း၊ ဘာသာ ကူးပြောင်းခြင်း၊ တလင်တမယားစံနစ် ထားရှိခြင်း၊ လူဦးရေတိုးပွားမှု ထိန်းချုပ်ခြင်း စတဲ့ မျိုးစောင့်ဥပဒေ ၄ ခု အတည်ပြု ပြဌာန်းခဲ့တာကို ရည်ညွန်း ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီ မျိုးစောင့်ဥပဒေကို အတည်ပြု ပြဌာန်းလိုက်တဲ့အတွက် မဘသ အပါအဝင် အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေက နိုင်ငံအဝှမ်း အောင်ပွဲခံတဲ့ အခမ်းအနားတွေ ကျင်းပခဲ့ကြတယ် ဆိုတာကိုလည်း အခု ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ဘာသာတရားလွပ်လပ်ခွင့် စစ်တမ်းအရ စုစုပေါင်း နိုင်ငံတွေရဲ့ ၇၆% မှာ ကိုယ်ယုံကြည်ရာ ဘာသာတရားကို အခြေခံအားဖြင့် လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိကြတာကို တွေ့ရတယ်လို့ USCIRF လို့ခေါ်တဲ့ အမေရိကန် နိုင်ငံတကာ ဘာသာရေးလွပ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း အမေရိကန်အစိုးရအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အတင်းအကျပ် ထိန်းချုပ်ထားတဲ့ ကျန်နေတဲ့ ၂၄% သော နိုင်ငံတွေကို အဓိက အာရုံစိုက် သုတေသနပြုခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ ၂၄% သော နိုင်ငံတွေမှာ ကမ္ဘာ့ လူဦးရေရဲ့ ၇၄% နေထိုင်ကြတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မူဆလင်တွေအပေါ် ခွဲခြား ဆက်ဆံမှုတွေနဲ့ တခြား ဘာသာရေးဆိုင်ရာ ဖိနှိပ် ချုပ်ခြယ်မှုတွေ ရှိခဲ့တဲ့အတွက် ဘာသာရေးလွတ်လပ်ခွင့်အဆင့်မှာ မြန်မာနိုင်ငံကို Tier 1 အဆင့်လို့ခေါ်တဲ့ ဘာသာရေး လွတ်လပ်မှုမရှိတဲ့ နိုင်ငံတွေစာရင်းထဲမှာ ဆက်ပြီးသတ်မှတ်ဖို့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ အမေရိကန်ကော်မရှင် USCIRF က ထောက်ခံကြောင်း တင်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ပိုရှိလာရေးကို အထောက်အကူပြုစေဖို့အတွက် အမေရိကန်အစိုးရက မြန်မာအစိုးရကို အခုလို ဖိအားပေး လုပ်ဆောင်တဲ့အပေါ် Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ကြိုဆိုကြောင်း အဖွဲ့ရဲ့ အာရှနဲ့ တောင်အာရှရေးရာ ညွန်ကြားရေးမှူး T. Kumar က ပြောပါတယ်။

NLD အစိုးရသစ်အနေနဲ့ ဘာသာရေးဖိနှိပ်မှု လျော့ကျစေမယ့် ဥပဒေတွေ ထွက်ပေါ်လာရေးအတွက် အားပေး လုပ်ဆောင်သင့်တယ်လို့ T. Kumar က ပြောပါတယ်။

“အစိုးရသစ်အနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို အဟန့်အတားဖြစ်စေတဲ့ ဥပဒေတွေကို ဖျက်သိမ်းတာ၊ ဒါမှမဟုတ် ပြင်ဆင်ရေးဆွဲတာတွေကို ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် လူနဲစုဘာသာဝင်တွေရှိတဲ့ လူမှုအသိုင်းအဝိုင်းနဲ့ ရဲတပ်ဖွဲ့က ထိတွေ့ ဆက်ဆံမယ်ဆိုရင်လည်း အဲဒီ လူနဲစုတွေ လုံခြုံမှုရှိအောင် အစိုးရက အကာကွယ်ပေးတဲ့ အစီအစဉ်တွေကို ချမှတ် ဆောင်ရွက်သင့်ပါတယ်။”

မြန်မာနိုင်ငံလိုပဲ ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့၊ စိုးရိမ်ရတဲ့ နိုင်ငံများစာရင်း CPC ထဲမှာ ပါဝင်တဲ့ တခြားနိုင်ငံတွေကတော့ တရုတ်၊ Eritrea ၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဘီးယား၊ ဆူဒန်၊ Turkmenistan နဲ့ Uzbekistan နိုင်ငံတို့ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG