သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းအတွက် ဥရောပ ပါလီမန် စိုးရိမ်


မောင်တောဒေသ မွတ်စလင်ကျေးရွာတရွာက မိသားစု (အောက်တိုဘာလ ၂၇၊ ၂၀၁၆ခုနှစ်)
မောင်တောဒေသ မွတ်စလင်ကျေးရွာတရွာက မိသားစု (အောက်တိုဘာလ ၂၇၊ ၂၀၁၆ခုနှစ်)

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူနည်းစု ရိုဟင်ဂျာ မွတ်စလင်တွေကို အကြမ်းဖက်နှိမ်နင်းနေ တယ်ဆိုတဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်စိတ်ပူကြောင်း မနေ့ ကြာသာပတေးနေ့က ပြုလုပ်တဲ့ ဥရောပ ပါလီမန်ရဲ့ အစည်းအဝေးကနေဆုံးဖြတ်ခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ နိုင်ငံတကာက စွပ်စွဲထားသလို ရခိုင်ပြည်နယ် မောင်တောဒေသ ပဋိပက္ခမှာ မြန်မာလုံခြုံရေးတပ်တွေဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ အချက်အလက်တချို့ဟာ မှန်ကန်မှုမရှိဘူးလို့ မြန်မာအစိုးရဘက်က တုန့်ပြန်ချေပထားပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ နယ်မြေရှင်းလင်းရေးအတွက် မြန်မာတပ်မတော်က ဒေသခံ မွတ်စလင်ရွာတွေကို ဝင်ရောက်ရှာဖွေရာမှာ အင်အားအလွန်အကျွံသုံးတယ်ဆိုတဲ့ သတင်းတွေအပြင် လူတွေရဲ့ အသက်တွေ၊ အလုပ်အကိုင်တွေနဲ့ နေအိမ်အဆောက်အဦတွေပါ ဆုံးရှုံးခဲ့ကြရတယ်ဆိုတဲ့ အစီရင်ခံစာတွေထွက်ပေါ်လာတဲ့အပေါ်မှာ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ကြောင်း မနေ့ကပြုလုပ်တဲ့ ဥရောပ ပါလီမန်အစည်းအဝေးက ဆုံးဖြတ်ခဲ့တာပါ။

အစည်းအဝေးမှာ ရခိုင်ပြည်နယ်က မွတ်စလင် (ရိုဟင်ဂျာ)တွေကို ညှမ်းပန်းနှိပ်စက်မှုတွေ အဆုံးသတ်ဖို့ မြန်မာအစိုးရကို ဥရောပ ပါလီမန်အမတ်တွေက တိုက်တွန်းခဲ့ပါတယ်။ ဒါအပြင်အကြမ်းဖက်မှုပြဿနာကို ဖြေရှင်းရာမှာ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူအခွင့်အရေးကို မြန်မာအာဏာပိုင်တွေဘက်က လေးစားလိုက်နာဖို့ ဥရောပပါလီမန်ရဲ့ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာဆိုင်ရာ ကော်မရှင်နာမင်းကြီး Vytenis Andriukaitis ကအခုလို ပြောသွားပါတယ်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မကြာခင်က ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုကနေ လူပေါင်းများစွာ သေကြေခဲ့ရတာတွေ၊ အဲဒီဒေသခံလူထု အတွက် လူသားချင်းစာနာမှု အကူညီ ပေးနေတာတွေ ရပ်ဆိုင်း သွားတာတွေအပြင် ဆိုးဝါးတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေကြောင့် အထူးစိုးရိမ်မိပါတယ်။ ဥရောပ သမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေရဲ့ အခြေနေတွေ အပါအဝင် လူ့အခွင့်ရေး အခြေနေတွေ တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ မြန်မာအစိုးရကို ဆက်လက်တိုက်တွန်းပါတယ်။”

မောင်တော ဒေသမှာ အောက်တိုဘာနဲ့ နိုဝင်ဘာလအကြမ်းဖက်မှုတွေ နောက်ပိုင်း နိုဝင်ဘာလ ၂၀ ကနေ ၂၄ ရက်နေ့တွေ အတွင်း အဲဒီဒေသကို ပထမဆုံး သွားရောက်ခဲ့တဲ့ သံတမန်တွေထဲမှာ အီးယူ သံအမတ်ကြီးလည်း ပါဝင်ခဲ့ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရော မြန်မာစစ်တပ် အကြီးအကဲနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ကော်မရှင်နာမင်းကြီးကဆိုပါတယ်။ ဒါအပြင် ရခိုင်မြောက်ပိုင်းဒေသမှာ လူသားချင်းစာနာမှု အကူညီတွေ ချက်ခြင်းပေးဖို့နဲ့ အောက်တိုဘာလ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေ လုပ်ဖို့ အပါအဝင် လူ့အခွင့်ရေး ချိုးဖေါက်မှု တွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုမှုတွေ အတွက်လည်း ပွင့်လင်းမြင်သာတဲ့ စုံစမ်းမှုတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ပြောသွားပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး တနင်္လာနေ့ ဒီဇင်ဘာလ (၁၉)ရက်မှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို ကြိုဆိုကြောင်း ကော်မရှင်နာမင်းကြီးက ပြောသွားပါတယ်။ ဒါအပြင် ရခိုင်ပြည်နယ်စပ်ကို ဖြတ်ကျော်ပြီးထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ကူညီမှုကို ဥရောပ ပါလီမန်အမတ်တွေအနေနဲ့ အသိအမှတ်ပြုသလို ဒုက္ခသည်တွေရဲ့နေရပ်ရင်း လုံခြုံစိတ်ချရတဲ့အချိန်မရောက်မခြင်း သူတို့ကို အတင်းအကျပ်ပြန်မပို့ဖို့အမတ်တွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

အလားတူ ရခိုင်နဲ့ ကချင်ပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးကြနေသူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို မြန်မာအာဏာပိုင်တွေဘက်က ကန့်သတ်တားဆီးတာတွေ အဆုံးသတ်ဖို့ဗြိတိန်က ဝါရင့်ပါလီမန်အမတ်တွေအပါအဝင် လူပေါင်း ၇၀၀၀ ပါဝင် လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာကို ဗြိတိန်အခြေစိုက် CSW အဖွဲ့ကြီးကဦးဆောင်ပြီး ဗြိတိန်နိုင်ငံက မြန်မာသံရုံးကို မနေ့က ပေးပို့ခဲ့ပါတယ်။ ဒါအပြင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး ကိုလည်း အလားတူ အိတ်ဖွင့်ပေးစာကို ပေးပို့ဖို့ စီစဉ်နေတယ်လို့ CSW ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ မြန်မာတပ်မတော်ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ ပြင်းထန်တဲ့ စွပ်စွဲချက်တွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပယ်ချခံနေရတယ်ဆိုတဲ့ သတင်းတွေ နိုင်ငံတကာမှာ ပျံနှံနေကြောင်း CSW အဖွဲ့ကြီးရဲ့ အရှေ့အာရှရေးရာ တာဝန်ခံ Benedict Rogers ကပြောပါတယ်။

“တကယ်လို့ မြန်မာအစိုးရရော၊ စစ်တပ်ဘက်ကပါ ဘာမှ ဖုံးကွယ်ထားစရာမရှိဘူးဆိုရင် လူသားချင်းစာနာမှုအကူအညီတွေရော၊ လူ့အခွင့်အရေးအခြေအနေစောင့်ကြည့်ဖို့ လွတ်လပ်ပြီးကျွမ်းကျင်တဲ့ အဖွဲ့အစည်းတွေကိုပါ သွားရောက်ခွင့်ပြုသင့်တယ်လို့ ကျနော်တို့က တောင်းဆိုပါတယ်။ အဲဒီအခါကျရင် ဒီစွပ်စွဲချက်တွေ မှန်မမှန် ရှင်းရှင်းလင်းလင်းအတည်ပြုနိုင်မှာဖြစ်ပါတယ်။”

ဒါပေမဲ့လည်း အစိုးရက စွပ်စွဲချက်တွေမှန်ကန်မှုမရှိဘူးလို့ပဲပြောနေပြီး သတင်းမီဒီယာတွေနဲ့ လူသားချင်းစာနာမှုအကူအညီပေးတဲ့အဖွဲ့တွေကို သွားရောက်ခွင့်မပြုသေးဘူးလို့ Benedict Rogers က ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG