သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ မူဆလင်သူပုန်ထမှုသုံးသပ်ချက် ICG ထုတ်ပြန်


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ဆော်ဒီ နဲ့ ပါကစ္စတန်နိုင်ငံတွေက အကြမ်းဖက်ကွန်ရက်အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ ICG က ပြောလိုက်ပါတယ်။ ICG ရဲ့ အစီရင်ခံစာဟာ မြန်မာအစိုးရဘက်ကရရှိတဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေနဲ့ လည်း ကိုက်ညီမှုရှိတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည်ရေးအဖွဲ့ (ICG) က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာသစ် တစ်စောင်ကို ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ Myanmar: A New Muslim Insurgency in Rakhine State ဆိုတဲ့ ခေါင်းစဉ်နဲ့ ICG က ထုတ်ပြန်လိုက်တဲ့အစီရင်ခံစာအရ၊ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ဆော်ဒီအာရေဗျ နဲ့ ပါကစ္စတန်နိုင်ငံတွေက အကြမ်းဖက်အဖွဲ့ကွန်ရက်တွေ နဲ့ ဆက်စပ်သူတွေက ဦးဆောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဒီအစီရင်ခံစာပတ်သက်ပြီး မြန်မာသမ္မတရုံးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလိုပြောပါတယ်။

“ပထမဆုံးအချက်အနေနဲ့ ICG (International Crisis Group)ရဲ့ report ကျနော်တို့ ဖတ်ရပါတယ်။ ဖတ်တဲ့အခါမှာ တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေတွေ့ရပါတယ်။ နောက် International Crisis Group ဆိုတဲ့ ဒီအဖွဲ့အစည်းက ဘာပဲဖြစ်ဖြစ် Prominent ဖြစ်တယ်၊ အချက်အလက်တွေကို အခြေခံပြီးတော့ ဒီ Research paper ဒီစာတမ်းကို ထုတ်ပြန်တာဖြစ်ပါတယ်။ အဲဒီတော့ ထိုင်းမ္ဂဇင်းမှာပါတဲ့ ဆောင်းပါးအပြင်ပေါ့နော် အဲဒီထက်ပိုပြီးတော့ အသေးစိတ် အချက်အလက်တွေကို ကျနော်တို့ဆီမှာ ရထားပါတယ်။ နောက်ပြီး ICG report နဲ့ ပတ်သက်လို့ ဒီဘက်က ပြည်တွင်းမှာ ထောက်လှမ်းရေးအရ ဆောင်ရွက်တဲ့ အချက်အလက်တော်တော်များများနဲ့ သဘောထားကိုက်ညီတာတွေ့ရပါတယ်။”

မြန်မာ ဒု-သမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ကနေ ၁၃ ရက်နေ့ အထိ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ အခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ပြဿနာတွေဟာ ၂၀၁၂ တုန်းကလို ဘာသာရေး နဲ့ လူမျိုးရေး နဲ့ ပတ်သက်ပြီး ဖြစ်ပွားတာမဟုတ်ဘူးလို့ ရခိုင်စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအောင်ကြည်က ပြောပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ICG အစီရင်ခံစာ နဲ့ ကော်မရှင်က ကနဦးတွေ့ရှိချက်တွေနဲ့ ကိုက်ညီမှုရှိတယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ လည်း အဲဒီမှာ မေးမြန်းတဲ့ အခါကျတော့ ဒီဟာက အတွင်းကလူတွေကြီးပဲ ပါတာမဟုတ်ဘူး လို့ တွေးဆမိတယ်ပေါ့နော်။ အတွင်းမှာ ပေါက်ဖွားလာတဲ့အပိုင်းလည်းပါသလို၊ အပြင်ဘက်ကလူတွေလည်း ရောက်လာကြတယ်လို့ အန်ကယ်တို့ မေးမြန်းလို့ရတဲ့အဖွဲ့တွေက ပြောကြတာလေးတွေတော့ရှိပါတယ်။ အပြင်ဘက်က လူတချို့ရောက်လာကြတယ်၊ ဘယ်နေရာတွေဆိုတာလည်း အခု ICG မှာပါတဲ့ သတင်းအချက်အလက်နဲ့ကတော့ နည်းနည်းလေးအထောက်အကူ ဖြစ်တာပေါ့လေ၊ လွဲချော်မှုသိပ်မရှိပါဘူး။ အန်ကယ်တို့ မြေပြင်မှာ မေးလို့ရတဲ့ အနေအထားနဲ့တော့ နီးစပ်တာတွေ့ရပါတယ်။”

ပြည်ပကအထောက်အပံ့ဆိုတာတွေထဲမှာ ဘင်္ဂလားဒေ့ရှ် ၊ ပါကစ္စတန် နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတွေက အကြမ်းဖက်အဖွဲ့အစည်းတွေ နဲ့ ချိတ်ဆက်နေသူတွေက လူသစ်စုဆောင်းပေးတာ၊ သင်တန်းပေးတာ နဲ့ ငွေကြေးထောက်ပံတာတွေ ပါဝင်တယ်လို့ မြန်မာသမ္မတရုံးက အရင် ထုတ်ပြန်ခဲ့တဲ့ကြေငြာချက်မှာ ပြောထားပါတယ်။ အဲဒီလို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းတွေ ကနေအထောက်အပံပေးနေတာ တွေကို နိုင်ငံတကာ နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေသလို၊ ပြည်တွင်းကို ငွေကြေး လွဲှပြောင်းတာတွေနဲ့ ပတ်သက်ပြီးတော့ ဖော်ထုတ်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေ လုပ်နေပြီလို့ သူကပြောပါတယ်။

“ဘာလို့လဲဆိုတော့ ကျနော်တို့ လုံခြုံရေးအရ ကျနော်တို့ လျှို့ဝှက်ပြီးဆောင်ရွက်ရတဲ့ ကိစ္စမျိုးတွေမှာတော့ ကျနော်တို့ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ဖော်ပြလို့မရပါဘူး။ သို့သော် ကျနော်တို့ တချို့နိုင်ငံမှာ လက်ရှိအစိုးရနဲ့ နောက်ထောက်လှမ်းရေးအဖွဲ့အစည်းတွေပေါ့နော် ထောက်လှမ်းရေးအဖွဲ့အစည်းတွေအနေနဲ့ကတော့ ကျနော်တို့ လက်ရှိ စိစစ်ဖော်ထုတ်ရတဲ့ သတင်းအချက်အလက်တွေ နောက်၊ နိုင်ငံတကာကနေပြီးတော့ ဆက်နွယ်ပတ်သက်မှုနဲ့ ဝေမျှတဲ့ သတင်းတွေ ဒါမျိုးတွေနဲ့ ပေါင်းပြီးတော့ ကျနော်တို့ ခုနကပြောသလို အကြမ်းဖက်အဖွဲ့အစည်းတွေ နောက်ကွယ်မှာ ထောက်ပံ့တဲ့ အဓိက ဘာသာရေးအရင်းအမြစ်၊ နောက် တရားမဝင်မူးယစ်ဆေးဝါး ၊ နောက်တရားမဝင်လက်နက် ကူးသန်းရောင်းဝယ်မှုတွေ ဒါတွေကို ကျနော်တို့ ထိထိရောက်ရောက် ဖော်ထုတ်ပြီးတော့ ဟန့်တားနိုင်အောင်၊ အရေးယူ နိုင်အောင် နောက် ပြည်ပမှာ ရှိနေတယ်ဆိုရင်လည်း ပြည်ပနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်အောင်ကြိုးပမ်းနေတယ်ဆိုတာ ကျနော်တို့ကတော့ အတိုချုပ်ပြောလို့ရပါတယ်။”

ဒါ့အပြင် ဒီအကြမ်းဖက်တိုက်ခိုက်မှုဟာ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုတွေကွန်ရက်တွေ နဲ့ လူကုန်ကူးမှုကွန်ရက်တွေနဲ့လည်း ပတ်သက်ဆက်နွယ်မှုတွေရှိနေတယ်ဆိုတာကို တွေ့ရှိခဲ့ရတယ်လို့လည်း မြန်မာသမ္မတရုံးဘက်က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဟာရာကန်အယ်လ်ရာကင်အဖွဲ့က ပြောထားပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ယောက် သေဆုံးခဲ့ပြီး၊ အစိုးရဘက်က အကြမ်းဖက်သမားတွေကို နှိမ်နှင်းစဉ်အတွင်း ၈၆ ယောက်သေဆုံးခဲ့တယ်လို့ မြန်မာအစိုးရသတင်းတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG