သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အတွက် အာရှပစိဖိတ်အရေးပါမှု


အမေရိကန်ပြည်ထောင်စုမှာ သမ္မတနဲ့ လွှတ်တော် အပြောင်းအလဲဖြစ်ခဲ့ပေမဲ့ အာရှပစိဖိတ်ဒေဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲရှိမှာမဟုတ်ကြောင်း အထက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဌ က ဗုဒ္ဓဟူးနေ့ လွှတ်တော်ကြားနားပွဲမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်အတွက် မဟာဗျူဟာအရ အရေးပါတဲ့ မြန်မာအပါအဝင် အာရှပစိဖိတ်ဒေသမှာ လုံခြုံရေး၊ စီးပွားရေး၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အမေရိကန်က ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်တဲ့ ဥပဒေ ချမှတ်နိုင်ရေး လွှတ်တော်ကကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

သမ္မတသစ် Trump အစိုးရလက်ထက်မှာ အာရှပစိဖိတ်ဒေသဆိုင်ရာ မဟာဗျူဟာမြောက်မူဝါဒ ချမှတ်နိုင်ဖို့ လွှတ်တော်က ဥပဒေကြမ်းရေးဆွဲနေတာပါ။ ARIA အာရှပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ ထောက်ခံအားပေးမှုထပ်လောင်းအတည်ပြုရေး အရေးယူဆောင်ရွက်မှု ဥပဒေမူကြမ်း ရေးဆွဲရေးနဲ့ ပတ်သက်လို့ မတ်လ (၂၉)ရက်နေ့က အရှေ့အာရှဆိုင်ရာ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီမှာ ကြားနားပွဲ ကျင်းပခဲ့ပါတယ်။

ဆပ်ကော်မတီဥက္ကဌ Republican ကန် အထက်လွှတ်တော်အမတ် Cory Gardner ကအာရှပစိဖိတ်ဒေသဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ အရေးပါရခြင်းအကြောင်းအရင်းကိုကြားနားပွဲမှာ အခုလိုပြောပါတယ်။

“အာရှပစိဖိတ်ဒေသဟာ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားအတွက် သိပ်ကိုအရေးကြီးပါတယ်။ ၂၀၅၀ ပြည့်ဒီဒေသမှာ ကမ္ဘာ့လူဦးရေ တဝက်နေထိုင်ကြမှာဖြစ်ပြီး ကမ္ဘာရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး တဝက်ဟာလည်း ဒီဒေသကပဲ ထွက်မှာဖြစ်ပါတယ် ဒါကြောင့် ဒီဒေသဟာ အမေရိကန်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အမေရိကန်အတွက် အလုပ်အကိုင် ဖန်တီးပေးမယ့် ပို့ကုန်တွေကို ထုတ်နိုင်ခွင့်ပေးမယ့် ဒေသဖြစ်မယ်ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။”

သမ္မတဟောင်း အိုဘာမားလက်ထက်တုန်းက Asia Pivot လို့ခေါ်တဲ့ အာရှမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုကို ကြိုးပမ်းခဲ့တဲ့အပြင် Asia Balance လို့ခေါ်တဲ့ အာရှမှာ အမေရိကန်ရဲ့ ပါဝင်မယ့် အခန်းကဏ္ဍချိန်ခွင်လျှာပြန်ညှိတဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ကျင့်သုံးခဲ့သလို သမ္မတ Trump ရဲ့ အစိုးရသစ်လက်ထက်မှာလည်း ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဆပ်ကော်မတီဥက္ကဌ Gardner ကပြောပါတယ်။

အခု ဥပဒေကြမ်းကိုရေးဆွဲရာမှာ အမေရိကန်ပြည်ထောင်စုအတွက် လုံခြုံရေးဆိုင်ရာ အကဲစမ်းမှုတွေအပြင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဖေါ်ဆောင်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ Gardner ကအခုလိုပြောပါတယ်။

“ဒီဒေသမှာ လုံခြုံရေးအရ အကဲစမ်းမှုတွေဟာ ရှုပ်ထွေးပြီးတိုးများလာနေပါတယ်။ ၂၀၁၆ မှာ မြောက်ကိုးရီးယားက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု ၂ ကြိမ်လုပ်ခဲ့သလို ပဲ့ထိန်းတပ် ဒုံးကျည် ၂၂ စီးကိုလည်း လွှတ်တင်ခဲ့ပါတယ်။ ၂၀၁၃ က စလို့ တရုတ်ဟာ တောင်တရုတ်ပင်လယ်မှာ ဧကပေါင်း ၃၀၀၀ ခန့် မြေဖို့ခဲ့ပြီး နိုင်ငံတကာဥပဒေနဲ့ ဆန့်ကျင်ပြီး ဒီနေရာမှာ စစ်စခန်းတွေလည်း တည်ဆောက်ခဲ့ပါတယ်။ IS တွေကလည်း အရှေ့တောင်အာရှဒေသမှာ ခြေကုတ်ယူလာပါပြီ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး တို့ဟာ မြန်မာနိုင်ငံလိုနိုင်ငံတွေမှာ တိုးတက်ဖို့ မျှော်လင့်ချက်ရှိခဲ့ပေမယ့် နောက်ပြန်ဆုတ်မယ့်အရိပ်လက္ခဏာတွေလည်း တွေ့မြင်နေရပါတယ်။”

လက်ရှိ သမ္မတ Trump အစိုးရဘက်ကတော့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံနဲ့ပတ်သက်လို့ စီးပွားရေးဆက်ဆံမှုဆိုင်ရာ မူဝါဒအတိအကျ ထွက်မလာသေးကြောင်း ဝါရှင်တန်အခြေစိုက် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ တွဲဖက်မန်နေဂျာ ကိုလှဖုန်းမြင့် ကပြောပါတယ်။

“အခု မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှုဟာ အစိုးရချင်းဆက်စပ်မှုက တိုက်ရိုက်သက်ဆိုင်မှု အခုလောလောဆယ် မရှိဘူးလို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Trump အစိုးရသစ် လက်ထက်မှာ မြန်မာနိုင်ငံတခုတည်းမဟုတ်ပါဘူး။ အရှေ့တောင်အာရှတခုလုံးအတွက်တောင်မှ အခုအချိန်အထိ တိကျ၊ မြင်သာတဲ့ ဥပဒေမပေါ်ပေါက်သေးတဲ့အတွက်ကြောင့် အစိုးရချင်းဆက်စပ်မှုနဲ့ စီးပွားရေး ဆက်ဆံမှုဟာ လက်တလောထပ်တူကျမယ်လို့ သုံးသပ်လို့တော့ မရပါဘူး။”

အခုလို လွှတ်တော်ကနေ အာရှပစိဖိတ်ဒေသနဲ့ ဆက်ဆံရေးဆိုင်ရာ ဥပဒေကို ချမှတ်နိုင်ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွက် အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပိုပြီး များလာဖွယ်ရှိတယ်လို့ ကိုလှဖုန်းမြင့်က သုံးသပ်ပါတယ်။

“အမေရိကန်လုပ်ငန်းတွေက အခုအချိန်မှာပေါ့နော် ခြုံပြီးမှ ကြည့်မယ်ဆိုရင် ဝင်တာ ဒီပြင့်နိုင်ငံတွေနဲ့ ယှဉ်ရင် နည်းသေးတယ်လို့ ပြောရင်ပြောလို့ရပါတယ်။ ဒါပေမယ့် နှေးတာတော့ နှေးတယ် ၊ ဒါပေမယ့် အလုံးအရင်းနဲ့ ရေရှည်စီးပွားရေးအမြတ်ကို မကြည့်ပဲ နိုင်ငံအတွက်ရော ပြည်သူအတွက်ရော ဘယ်လိုကောင်းမလဲဆိုတဲ့ မူဝါဒကိုအဓိကထားပြီးတော့ အလုံးအရင်းနဲ့ဝင်လာတာဖြစ်တဲ့အတွက် တခြားနိုင်ငံ တွေလိုမျိုးတော့ အခုလောလောဆည်ကတော့ ပမာဏမများပေမယ့် နောက်ပိုင်းမှာ ဒီထက်အများကြီးဝင်လာမယ်လို့ ခန့်မှန်းလို့ ရပါတယ်။”

ARIA ဥပဒေမူကြမ်းမှာ- လုံခြုံရေးကဏ္ဍမှာ ဒေသတွင်း မဟာမိတ်နိုင်ငံတွေနဲ့ ပြန်လည်ညှိုနှိုင်းဆောင်ရွက်မှုအပါအဝင် အစွန်းရောက်အကြမ်းဖက်သမားတွေနှိမ်နင်းရာမှာ အမေရိကန်ရဲ့ ပံပိုးကူညီမှု၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အားပေးကူညီမှု စတဲ့ အချက်တွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG