သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှဒေသတွင်းဆွေးနွေးပွဲမှာ မြောက်ကိုရီးယားအရေး ကန်ဆွေးနွေးမည်


ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော်မှာ ဒီသတင်းပတ် အတွင်း ကျင်းပမယ့် အရှေ့တောင်အာရှ ဒေသတွင်းဖိုရမ် ARF ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson တက်ရောက်မှာ ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ် နျူးကလီးယား ကင်းရှင်းရေး၊ ရေကြောင်းလုံခြုံရေးနဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေးတို့ကို ဆွေးနွေးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ဝန်ကြီး Tillerson က အာဆီယံ ဒေသတွင်း ဖိုရမ် အပြီးမှာတော့ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ကိုလည်း သွားရောက်မှာပါ။ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံက ကမကထ လုပ်တဲ့ နှစ်ပတ်လည် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ညီလာခံကို အမေရိကန် ပြည်ထောင်စု၊ မြောက်ကိုရီးယား၊ တရုတ်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံတို့က အဆင့်မြင့် ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြမှာပါ။

အရေးပါတဲ့ နိုင်ငံကြီးတွေ ပါဝင်တဲ့ ရှားရှားပါးပါး အစည်းအဝေး တခု ဖြစ်ပေမယ့်လည်း အခု အာဆီယံ ဒေသတွင်းဖိုရမ်မှာ မြောက်ကိုရီးယားရဲ့ နျူးကလီးယား ခြိမ်းခြောက်မှုကြောင့် ဖြစ်ရတဲ့ တင်းမာမှုတွေကို လျှော့ချနိုင်မယ့် သံတမန်ရေး ပြေလည်မှုရှိတော့ ရှိလာမှာ မဟုတ်ဘူးလိ့ု သုံးသပ်ကြပါတယ်။ မြောက်ကိုရီးယား အရေးကိုင်တွယ်တဲ့ နေရာမှာ ဘယ်သူက တာဝန်အရှိဆုံးလဲ ဆိုတာကို တရုတ်၊ ရုရှားတို့နဲ့ အမေရိကန် ပြည်ထောင်စုကြားက ပြိုင်ဆိုင်မှုကိုသာ တွေ့ရမယ့်ပုံ ရှိတယ်လို့ အရှေ့တောင် အာရှ လုံခြုံရေးဆိုင်ရာ သုံးသပ်သူ Carlyle Thayer က ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်တွေနဲ့ စကားဝိုင်းထိုင် တွေ့ဆုံ ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Tillerson က ပြောဆိုထားပေမယ့် လာမယ့် အာဆီယံ ဒေသတွင်း ဖိုရမ်မှာတော့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Ri Yong Ho နဲ့ တရားဝင် တွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်လင့်မထားဘူးလို့လည်း ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG