သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ်အစွန်းရောက်နှိမ်နင်းရေး အာဆီယံညီလာခံမှာ ဦးစားပေးဆွေးနွေးမည်


The Association of the Southeast Asian Nations (ASEAN) flag, right, leads the flags of the 10 member countries during the ASEAN Regional Forum meeting in Singapore.
The Association of the Southeast Asian Nations (ASEAN) flag, right, leads the flags of the 10 member countries during the ASEAN Regional Forum meeting in Singapore.

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ဒီသီတင်းပတ်ကုန် ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး AMM၊ အာဆီယံ ဒေသဆိုင်ရာ အစည်းအဝေး ARF နဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေး EAS တို့မှာ တောင်တရုတ်ပင်လယ် နယ်မြေပိုင် ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စရပ်အစား အစ္စလာမ် အစွန်းရောက်ဝါဒီ စစ်သွေးကြွတွေရဲ့ အန္တရာယ် ပိုကြီးလာနေတဲ့ ကိစ္စက အဓိက ဆွေးနွေးကြမယ့် အကြောင်းအရာ ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အစည်းအဝေး အိမ်ရှင် ဖိလစ်ပိုင် နိုင်ငံ ကိုယ်တိုင်က ဒီ အစ္စလာမ် အစွန်းရောက် အန္တရာယ်ကို ရင်ဆိုင်နေရတာပါ။ အပြည့်အစုံကို ရိုက်တာ သတင်းလွှာ တပုဒ်ပေါ် အခြေခံပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ အစ္စလာမ် စစ်သွေးကြွတွေနဲ့တိုက်ပွဲ ဆက်ဖြစ်နေတာနဲ့ အမျှ ဒီသီတင်းပတ်ကုန်မှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တခြား မိတ်ဘက်နို်င်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့အစည်းအဝေးတွေ အတွင်း ဒေသတွင်း လုံခြုံရေး ကိစ္စက အဓိက ဆွေးနွေးမယ့် အကြောင်းအရာ ဖြစ်လာမယ်လို့ ခန့်မှန်းချက်တွေ ထွက်နေတာပါ။ ဒီအစည်းအဝေးတွေကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေ၊ တရုတ်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အတူ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့အကြီးတန်း တာဝန်ရှိသူတွေ တက်ရောက်မယ့် အကြောင်း ဖိလစ်ပိုင် ပြန်ကြားရေး ဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

IS အစွန်းရောက် အဖွဲ့ကို ထောက်ခံတဲ့ အစ္စလာမ် စစ်သွေးကြွတွေက ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Marawi မြို့ကို မေလ ၂၃ ရက်နေ့မှာ သိမ်းလိုက်တဲ့ အတွက် ဖိလစ်ပိုင် တပ်ဖွဲ့တွေကိုလည်း တပ်လှန့် ထားပါတယ်။ Marawi မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အစ္စလာမ် အစွန်းရောက် လက်နက်ကိုင် အများစု အပါအဝင် လူပေါင်း ၆၅၀ ကျော် သေဆုံးထားပြီး ပါပြီ။

အစ္စလာမ် အစွန်းရောက်တွေရဲ့လှုပ်ရှားမှုကို ထိန်းချုပ်ဖို့နဲ့ပင်လယ်ဓားပြရန်ကို နှိမ်နင်းဖို့အတွက် ဖိလစ်ပိုင် နိုင်ငံနဲ့အိမ်နီးချင်း မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတွေ ပူးတွဲပြီး မကြာသေးခင်ကဘဲ ရေကြောင်း ကင်းလှည့်တာကို လုပ်ခဲ့ကြပါသေးတယ်။

အခု ကျင်းပမယ့် အစည်းအဝေးတွေ အတွင်း အစ္စလာမ် စစ်သွေးကြွ နှိမ်နင်းရေး လုပ်ငန်းအပေါ် ထောက်ခံမှု အများအပြား ရမယ်လို့ မျှော်လင့်တဲ့ အကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Robespierre Bolivar ကပြောပါတယ်။

“ ဒါဟာ နိုင်ငံတိုင်းရဲ့စိုးရိမ်ချက် တခုဖြစ်ပြီး မာရာဝီမြို့မှာဖိလစ်ပိုင်နိုင်ငံရဲ့လုပ်ဆောင်ချက်တွေ အပေါ် ထောက်ခံမှု အများ အပြား ရလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ Sulu ပင်လယ်နဲ့ ပတ်ပတ်လည် အိမ်နီးချင်း ဒေသတွေမှာ အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး ဆိုင်ရာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား သုံးနိုင်ငံ ပူးပေါင်း လုပ်ဆောင်ချက်တွေ အပေါ် ထောက်ခံမှု အများပြား ရမယ်လို့ မျှော်လင့်ပါတယ်။ ”

နှစ်စဉ်ကျင်းပတဲ့ အခုလို ဒေသတွင်း အစည်းအဝေးတွေမှာ အစဉ်အလာ အားဖြင့်က တောင်တရုတ် ပင်လယ်အရေးဟာ ထိပ်ဆုံးကနေ ပါခဲ့တာပါ။ တောင်တရုတ်ပင်လယ်တွင်း ရေကြောင်းသွားလာရေးနဲ့ ပတ်သက်ပြီး လိုက်နာ လုပ်ဆောင်ရမယ့် ကျင့်ဝတ် CoC တခုကို ချမှတ်ဖို့ အစည်းအဝေး တက်ရောက်တဲ့ နိုင်ငံတွေက တရုတ်ကို ဖိအားပေးမယ်လို့ ပုံမှန်အားဖြင့် မျှော်လင့်လေ့ ရှိကြတာပါ။

အခုတော့ နိုင်ငံခြား အကြမ်းဖက်ဝါဒီ လက်နက်ကိုင်တွေ ပိုပိုပြီး ရောက်လာနေတဲ့ ကိစ္စကို အရေးပေါ် ဦးစားပေး ကိစ္စအဖြစ် မြင်နေ ကြတာကြောင့် တောင်တရုတ် ပင်လယ် ပြဿနာက သိပ်မကြီးလှတော့တဲ့ အခြေအနေ ရောက်လာတယ်လို့ ငြိမ်းချမ်းရေး၊ အကြမ်းဖက် လုပ်ရပ်နဲ့ အကြမ်းဖက် ဝါဒဆိုင်ရာ ဖိလစ်ပိုင် အင်စတီကျူက အမှုဆောင် ညွှန်ကြားရေးမှူး Rommel Banlaoi ကပြောပါတယ်။

“တောင်တရုတ် ပင်လယ်မှာ အတော်လေး ငြိမ်သက်တဲ့ အချိန်အခါ တခုကို ရောက်ပြီး တရုတ်နဲ့ ဖိလစ်ပိုင်အကြား အပေါင်းလက္ခဏာဆောင် ဖြစ်ထွန်းတိုးတက်မှု ရှိနေတာကလည်းတောင်တရုတ် ပင်လယ်အရေးဟာ အကြမ်းဖက်ဝါဒ ဆိုင်ရာကိစ္စနဲ့ နှိုင်းယှဉ်ရင် ပြဿနာ နည်းသလို ဖြစ်လာပါတယ်။ ဒေသတွင်း အကြမ်းဖက်ဝါဒီတွေ သာမက ပြည်ပ အကြမ်းဖက်ဝါဒီ လက်နက် ကိုင်တွေ ပိုပြီး ရောက်လာနေတာကြောင့် ဖိလစ်ပိုင်မှာ အကြမ်းဖက်ဝါဒ ကိစ္စက ပိုပိုပြီး အရေးတကြီး ဖြစ်လာပါတယ်။ ဖိလစ်ပိုင် အစိုးရ အတွက်တော့ ဒီကိစ္စက အရေးပေါ် ဦးစားပေး ဖြေရှင်းရမယ့် ကိစ္စပါ။”

တောင်တရုတ်ပင်လယ် တခုလုံး နီးပါးကို သူတို့ပိုင်တယ်လို့တရုတ်က ပြောထားပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေထဲက ဆိုရင် ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေက ပိုင်ဆိုင်တယ်လို့ ပြောထားတဲ့ နယ်မြေတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံ ကတော့ ဒီကိစ္စကို ဒေသတွင်းနဲ့ နိုင်ငံတကာ အစည်းအဝေး တွေမှာ ပြောဆို ဆွေးနွေးတာမျိုး ဘယ်တုန်းကမှ မလိုလား ခဲ့ပါဘူး။ ပြီးခဲ့တဲ့ သောကြာနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Lu Kang ပြောသွားတာက

“လက်ရှိမှာ တောင်တရုတ် ပင်လယ်တွင်း ဒေသဆိုင်ရာ အခြေအနေက ငြိမ်းချမ်းမှု ရှိထားပါတယ်။ တခြား နိုင်ငံတချို့ က လုပ်ကြံချဲ့ကား ပြောနေသလို ဒီဒေသမှာ တင်းမာတဲ့ အခြေအနေ ရှိနေတယ်လို့ ကျနော်တို့ မထင်ပါဘူး။ အစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာ တွေကို သက်ဆိုင်တဲ့ နိုင်ငံတွေ အားလုံး ဆက်ဆွေးနွေး နေကြပြီး ဆက်စပ်တဲ့ အခြေအနေကို ကျနော်တို့ အနီးကပ် ဆက်ပြီး စောင့်ကြည့်သွားမှာပါ။”

မနီလာမြို့တော်မှာ ကျင်းပမယ့် အစည်းအဝေးတွေက သြဂုတ်လ ၅ ရက် စနေနေ့မှာ စတင်မှာပါ။ ဒါ့အပြင် အာဆီယံအဖွဲ့ ထူထောင်တဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တခုကိုလည်း ကျင်းပဖို့ရှိပါတယ်။ ဒီနှစ် နိုဝင်ဘာလမှာတော့ အာဆီယံ ထိပ်သီး အစည်းအဝေးနဲ့ တခြား ဆက်စပ် ထိပ်သီးအစည်းအဝေးတွေကို ကျင်းပဖို့ရှိပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် တက်ရောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။ အစည်းအဝေးတွေရဲ့လုံခြုံရေး ကြိုတင်ကာကွယ်တဲ့ လုပ်ဆောင်ချက် အနေနဲ့ ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၃,၀၀၀ ကိုချထားတယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG