သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အပေါ် ဒဏ်ခတ်မှုသစ် အမေရိကန်ချမှတ်


မြောက်ကိုရီးယား အစိုးရ လုပ်နေတဲ့ နျူးကလီးယားနဲ့ မစ်ဇိုင်း ဒုံးလက်နက် အစီအစဉ်တွေ အတွက် ဝင်ငွေရအောင် မြောက်ကိုရီးယားနဲ့ စီးပွားရေး လုပ်နေတယ်လို့ဆိုတဲ့ တရုတ်နဲ့ ရုရှား လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေကို အမေရိကန်အစိုးရက အင်္ဂါနေ့က အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။ ကုမ္ပဏီ ၁၀ ခုနဲ့ လူပုဂ္ဂိုလ် ၆ ယောက်တို့ဟာ မြောက်ကိုရီးယား အစိုးရ ဝင်ငွေရအောင် လုပ်ပေးနေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား စွမ်းအင်ကဏ္ဍမှာ အတူ တွဲလုပ်နေလို့ အစောပိုင်းထဲက အရေးယူ ဒဏ်ခတ်ခံထားတဲ့ ကုမ္ပဏီတွေကို အခုအရေးယူလိုက်တဲ့ ကုမ္ပဏီတွေနဲ့ ကုမ္ပဏီ အကြီးအကဲတွေက ဆက်ပြီး စီးပွားရေး လုပ်နေတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့ထားမှုတွေ ရှောင်တိမ်း စီးပွားရေး လုပ်နိုင်အောင် ကူညီပေးခဲ့တဲ့ ကုမ္ပဏီတွေကိုလည်း အမေရိကန် တရားရေးဌာနက ဒေါ်လာ ၁၁ သန်း လျော်ကြေးပေးဖို့ တရားစွဲလိုက်ပါတယ်။

အဲဒီကုမ္ပဏီတွေက တရုတ်နဲ့ စင်္ကာပူနိုင်ငံတွေမှာ အခြေစိုက်ပါတယ်။ အမေရိကန်က ခုလို ဒဏ်ခတ်အရေးယူမှုတွေ လုပ်လိုက်တာ မှားတယ်လို့ တရုတ်သံတမန် တယောက်ရဲ့ အပြောကို ဘေဂျင်းက လာတဲ့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

မကြာခင်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားဖက်က ရန်လိုတဲ့ စကားတွေ ပြင်းပြင်းထန်ထန် ပြောခဲ့ပေမဲ့ နောက်ပိုင်း လျှော့လိုက်တာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ကြိုဆိုခဲ့ပါတယ်။ အရင်ကလို မဟုတ်ဘဲ မြောက်ကိုရီးယားဖက်က အခြေအနေ တခုအထိ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုခဲ့တဲ့ အပေါ် ဝမ်းသာတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Tillerson က အင်္ဂါနေ့က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်နေမှုကို လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားက အင်္ဂါနေ့မှာပဲ သတိပေးခဲ့ပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်တဲ့ အတွက် သနားငဲ့ညှာမှုကင်းတဲ့ လက်တုံ့ပြန်မှု၊ ပြတ်သားတဲ့ အရေးယူမှုတွေ လုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့က စတင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုက ၁၀ ရက်ကြာမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG