သုံးရလွယ်ကူစေသည့် Link များ

ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ရုရှားက ကန်နဲ့ ဆွေးနွေးပွဲ ဖျက်သိမ်း


မှတ်တမ်းပုံ- ရုရှားဒုတိယ နိုင်ငံခြားရေး ၀န်ကြီး Sergei Raykov။

အမေရိကန် ပြည်ထောင်စုက ရုရှားနိုင်ငံအပေါ် အသစ်ချမှတ်လိုက်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergei Raybkov နဲ့ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Thomas Shannon တို့ တွေ့ဆုံပြောဆိုကြမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ရုရှား အရာရှိတွေဘက်က တုံ့ပြန် လိုက်ပါတယ်။

အချေအတင် ဆွေးနွေးဖို့ လက်ရှိ အခြေအနေဟာ မသင့်တော်ဘူးလို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ သောကြာနေ့မှာ ကျင်းပမယ့် အဲဒီဆွေးနွေးပွဲကို အခုလိုဖျက်သိမ်းလိုက်လို့ ၀မ်းနည်းတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

အမေရိကန် ရုရှားဆက်ဆံရေး အဟန့်တားတွေကို ၂ နိုင်ငံဆွေးနွေမယ့် အခွင့်အရေးတွေကို ရုရှား ဘက်က အခုလိုလှည့်ထွက်သွားလို့ စိတ်မကောင်း ဖြစ်ရတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရပုဂ္ဂိလ် Heather Nauret ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အင်္ဂါနေ့တုန်း ကတော့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ရုရှားနဲ့ အရှေ့ ယူကရိန်းမှာရှိတဲ့ ရုရှားခွဲထွက်ရေး လိုလားသူတွေ အပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဒဏ်ခတ်အရေးယူပိတ်ဆို့မှုမှာ လက်ရှိ ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်နေတဲ့ ရုရှားနိုင်ငံသားတွေနဲ့ ရုရှားလိုလားသူ ၃၈ ဦး အပြင် အခြားအဖွဲ့အစည်း တွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပြီး အဲဒီအထဲမှာ အဆင့်မြင့် ရုရှား အရာရှိ ၂ ဦး ဖြစ်တဲ့ စီးပွားရေး ဒုတိယ ၀န်ကြီး Sergey Nazarov နဲ့ ရုရှား လွှတ်တော်အမတ် Alexander Babakov တို့ ပါဝင်ပါတယ်။

ရုရှားအစိုးရရဲ့ ပြောခွင့်ရသူ ကတော့ အခုလုပ်ရပ်ဟာ အပြုသဘော မဆောင်ဘူးလို့ ဆိုပါတယ်။ ရုရှား အမေရိကန် ဆက်ဆံရေးက ဆက်ပြီးတော့ တင်းမာနေတုံးပါ။ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ ရုရှား သမ္မတ Vladimir Putin တို့ လာမယ့် ဇူလိုင်လ စက်မှုထိပ်သီး နိုင်ငံ ၂၀ -G20 ဆွေးနွေးပွဲမှာ သီးခြား တွေ့ဆုံကြမယ့် အရေး ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကို အိမ်ဖြူတော်ဘက်က စဉ်းစားနေတုန်းပါပဲ။

XS
SM
MD
LG