သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အန္တရာယ်ကာကွယ်ရေး အိမ်နီးချင်းတို့ပြင်ဆင်


တောင်ကိုးရီးယားစစ်သားများ
တောင်ကိုးရီးယားစစ်သားများ

အမေရိကန်ပိုင် Guam ကျွန်းနဲ့ မိုင် ၂၀ လောက်အကွာရောက်မယ့် ပဲ့ထိန်းဒုံးပစ်လွှတ်မယ့် အစီအစဉ်ကို မြောက်ကိုရီးယားဖက်က ပြောကြားခဲ့ပြီးနောက် အန္တရာယ်လမ်းကြောင်းပေါ်မှာရှိနေကြတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ကာကွယ်ရေးအင်အားကို တိုးမြှင့်ထားလိုက်ကြပါတယ်။ မြောက်ကိုရီးယားရဲ့ အိမ်နီးချင်း တောင်ကိုရီးယားက ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့လည်း သတိပေးထားပါတယ်။ ခြိမ်းခြောက်မှုအန္တရာယ် မြင့်တက်နေချိန်မှာ ဒီရန်ကို တုံ့ပြန်နိုင်ဖို့ ပြင်ဆင်နေကြတဲ့အကြောင်း မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။

ဂျပန်နိုင်ငံ Shimane, Hiroshima နဲ့ Koichi နယ်တွေကို ကျော်ဖြတ်ပြီး Guam ကျွန်းနဲ့ မိုင် ၂၀ လောက် အကွာမှာရှိတဲ့ ရေထဲရောက်အောင် Hwasong-12 rocket ဒုံးကျည်တွေနဲ့ August လလယ်မကျော်ခင် ပစ်မယ်လို့ မြောက်ကိုရီးယားသတင်းကြေညာသူ ပြောကြားသွားတာဖြစ်ပါတယ်။ စစ်ဦးစီးချုပ်ရဲ့အမိန့်ရတာနဲ့ ဒီအစီအစဉ်ကို ဆောင်ရွက်မယ်လို့လည်း ကြာသပတေးနေ့က သတင်းကြေညာသွားတာပါ။ အမေရိကန်အပေါ် မြောက်ကိုရီးယားက နောက်ထပ်ခြိမ်းခြောက်နေမယ်ဆိုရင် အမေရိကန်က မီးကုန် ယမ်းကုန်အင်အားနဲ့တုံ့ပြန်မယ်လို့ သမ္မတ Donald Trump ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားက သူတို့ရဲ့အစီအစဉ်ကို ခုလို အသိပေးခဲ့တာပါ။ ရက်ပိုင်းအတွင်း Missile ဒုံးပစ်လွှတ်မယ်ဆိုတာကို မြောက်ကိုရီးယားတို့ဖက်က အရဲတင်းဆုံး ရန်စပြောလိုက်တယ်လို့လည်း မြင်နိုင်ပါတယ်။ ဒါကို သမ္မတ Trump ကလည်း ထပ်ပြီးတုံ့ပြန်ပါတယ်။

"အမေရိကန်ပြည်ထောင်စုအပေါ် တစုံတရာလုပ်လာမယ်ဆိုရင် မြောက်ကိုရီးယားဖက်က သတိထားပြီးသာနေပါတော့။ ဖြစ်နိုင်မယ်လို့တောင် မထင်တဲ့ တုံ့ပြန်မှုမျိုးနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်"လို့ သမ္မတ Trump ကပြောခဲ့တာပါ။ မြောက်ကိုရီးယားတို့ ခြိမ်းခြောက်နေတဲ့အတိုင်း အမေရိကန်ပိုင် Guam ကျွန်းအနီးကို Missile ဒုံးတွေပစ်လွှတ်မယ်ဆိုရင် အမေရိကန်အစိုးရနဲ့ တောင်ကိုရီးယားအစိုးရဖက်က တင်းမာပြတ်သားစွာ တုံ့ပြန်မှာဖြစ်တယ်လို့ တောင်ကိုရီးယား စစ်တပ်ကလည်း သတိပေးလိုက်ပါတယ်။ သတိပေးနေတဲ့ကြားက ရန်စလာမယ်ဆိုရင် တောင်ကိုရီးယားစစ်တပ်နဲ့ မဟာမိတ်တို့ရဲ့ ပြင်းထန်တဲ့အင်အားနဲ့တုံ့ပြန်မှုခံရမယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ပြောခွင့်ရသူ Roh Jae-cheon ကပြောကြားခဲ့ပါတယ်။

"တောင်ကိုရီးယားစစ်တပ်အနေနဲ့ အပြည့်အဝ ခုခံနိုင်ဖို့ သတိအနေအထားနဲ့ရှိနေတယ်ဆိုတာကို အလေးအနက်ပြောချင်ပါတယ်။ မြောက်ကိုရီးယားဖက်က ရန်စတဲ့လုပ်ရပ်တစုံတရာ လုပ်လာမယ်ဆိုရင် ခုခံဖို့အသင့်အနေအထားရှိနေကြတဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တပ်တွေဖက်က ချက်ချင်းအင်အားနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်မှာဖြစ်ပါတယ်။"

တောင်ကိုရီးယားမှာ တပ်ဆင်ထားတဲ့ အမေရိကန်တို့ရဲ့ ဒုံးလက်နက်ရန်ကာကွယ်ရေး THAAD စနစ်က Guam ကျွန်းကို ဦးတည်ပစ်ခတ်တဲ့ ပဲ့ထိန်းဒုံးကို ကြားဖြတ်ဖြိုခွင်းနိုင်မှာ မဟုတ်ဘူးဆိုရင်တောင် မြောက်ကိုရီးယားတို့ဖက်က ပစ်လိုက်ပြီဆိုတာနဲ့ ချက်ချင်း သိနိုင်မှာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတ အိမ်တော်မှာ ကြာသပတေးနေ့ကပဲ အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ်စည်းဝေးပွဲကိုကျင်းပခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ထပ်ဖြစ်နိုင်တဲ့ လုပ်ရပ်အားလုံးရပ်ဖို့ သမ္မတရုံးပြောခွင့်ရသူက တိုက်တွန်းခဲ့ပါတယ်။ ခုလိုမြောက်ကိုရီးယားရဲ့ အိမ်နီးချင်းတောင်ကိုရီးယားမှာ လုံခြုံရေးအတွက် အရေးပေါ်ပြင်ဆင်မှုတွေဆောင်ရွက်နေချိန်မှာ အန္တရာယ်လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ဂျပန်နိုင်ငံကလည်း Missile ရန်ကို တုံ့ပြန်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ မြောက်ကိုရီးယားက ပစ်လိုက်တဲ့ Missile ဒုံးတွေကို ကြားဖြတ်ဖြိုခွင်းဖို့ ပြင်ဆင်ထားတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

"ဂျပန်နိုင်ငံကို ခုခံကာကွယ်နိုင်ဖို့ ဂျပန်ကမ်းလွန်မှာ Aegis ဒုံးခွင်းဒုံးစနစ်တပ်ဆင်ထားတဲ့ ဖျက်သင်္ဘောပေါ်ကနေ Standard Missile 3 (SM-3) ဒုံးတွေနဲ့ လှမ်းပစ်ဖို့ ပြင်ဆင်ထားပါတယ်။ တကယ်လို့ အဲဒီဒုံးခွင်းဒုံးတွေနဲ့ကြားဖြတ် ပြစ်မချနိုင်ခဲ့ဘူးဆိုရင် Patriot Advanced Capability-3 (PAC-3) ဒုံးခွင်းဒုံးစနစ်ကို သုံးရမှာဖြစ်ပါတယ်။"

ဂျပန်ရဲ့ကာကွယ်ရေးစနစ်နဲ့ စွမ်းရည်တိုးတက်ဖို့အတွက် လိုအပ်တဲ့ဆောင်ရွက်မှုတွေလုပ်ဖို့ ဂျပန်နဲ့ အမေရိကန်ကြားမှာ သဘောတူထားတယ်လို့လည်း ဂျပန်အစိုးရက ပြောပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ကာကွယ်ရေးဝန်ကြီး Itsunori Onodera တို့နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကာကွယ်ရေးဝန်ကြီး James Mattis တို့နဲ့ August လ ၁၇ ရက်နေ့ကျရင် ဝါရှင်တန်မှာ တေ့ွဆုံဆွေးနွေးကြဖို့လည်း စီစဉ်ထားပါတယ်။

အမေရိကန်နဲ့ အမေရိကန်မဟာမိတ်နိုင်ငံတွေဆီမှာ အတိကျဆုံး၊ အခိုင်မာဆုံး ထိုးစစ် ခံစစ်စွမ်းရည်တွေကို ပိုင်ဆိုင်ထားတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Mattis ကလည်းပြောထားပါတယ်။ မြောက်ကိုရီးယားဖက်က စစ်ရေးဆောင်ရွက်မှုထက်ကို ပိုပြင်းထန်တဲ့အင်အားနဲ့ တုံ့ပြန်မယ်လို့လည်း သတိပေးထားပါတယ်။ ခုလို မြောက်ကိုရီးယားရဲ့ အန္တရာယ်တိုက်ရိုက်သက်ရောက်နိုင်တဲ့ နိုင်ငံတွေက ခုခံကာကွယ်နိုင်ဖို့ စစ်ရေးပြင်ဆင်မှုတွေလုပ်နေချိန်မှာ ကျန်တဲ့နိုင်ငံတွေကတော့ ပြဿနာကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဖြေရှင်းဖို့ ကြိုးစားတိုက်တွန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG