သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားပို့ကုန် တရုတ်ပိတ်ပင်


မြောက်ကိုရီးယား-တရုတ် ကုန်သယ်ယူနေကြတဲ့ တရုတ် ကုန်တင်စက်လှေများ။
မြောက်ကိုရီးယား-တရုတ် ကုန်သယ်ယူနေကြတဲ့ တရုတ် ကုန်တင်စက်လှေများ။

မြောက်ကိုရီးယားအစိုးရရဲ့ ဝင်ငွေဒေါ်လာသန်း ၁ ထောင်လောက် ထိခိုက်သွားစေဖို့ ရည်ရွယ်ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့နောက်ဆုံးအရေးယူ ဒဏ်ခတ်မှုတွေအတိုင်း တရုတ်အစိုးရက စတင်အကောင်အထည်ဖော်နေပါတယ်။ အကျိုးဆက်အဖြစ် မြောက်ကိုရီးယားနဲ့ စီးပွားရေးလုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ဆန္ဒပြမှုကို တရုတ်အစိုးရ ရင်ဆိုင်နေရပါတယ်။ မြောက်ကိုရီးယား Nuclear အစီအစဉ်တွေ ရပ်သွားအောင် တရုတ်ကဖိအားပိုပေးဖို့ အမေရိကန်ဖက်က တိုက်တွန်းနေပေမဲ့ တရုတ်အနေနဲ့ မြောက်ကိုရီးယားအပေါ် လွှမ်းမိုးနိုင်တဲ့သြဇာ သိပ်မရှိသလို မြောက်ကိုရီးယားဖက်က လက်တုံ့ပြန်လာမှာကိုလည်း လိုလားပုံမရဘူးလို့တရုတ်ပညာရှင်တွေက ပြောနေကြပါတယ်။ VOA သတင်းထောက် Joyce Huang ပေးပို့တဲ့သတင်းကို မစုမြတ်မွန်က ဆက်ပြောပြပါမယ်။

မြောက်ကိုရီးယားနိုင်ငံထွက် သံ၊ ခဲ၊ ကျောက်မီးသွေးနဲ့ ပင်လယ်စာတွေကို ဗုဒ္ဓဟူးနေ့ကစပြီး တင်သွင်းခွင့် ပိတ်ပင်လိုက်တယ်လို့ တရုတ်အစိုးရက အင်္ဂါနေ့ညနေပိုင်းမှာ ကြေညာလိုက်ပြီးနောက် ပင်လယ်စာအပြည့်အတင်ထားတဲ့ ကုန်ကားတွေ မြောက်ကိုရီးယားကနေတရုတ်နိုင်ငံဖက် နေ့မကူးခင်ရောက်အောင် အလုအယက်လာခဲ့ကြပါတယ်။

တရုတ်နဲ့ မြောက်ကိုရီးယားနယ်စပ်က တံတားပေါ်မှာ တန်းစီလာနေကြတဲ့ ကုန်ကားကြီးတွေပေါ်မှာ ဂဏန်း၊ ပုဇွန်၊ ပြည်ကြီးငါးတွေ အရည်ပျော်။ ပုပ်သိုးတော့မယ့် အခြေအနေဖြစ်နေတဲ့ Video တွေ လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ မြောက်ကိုရီးယားပို့ကုန်တွေကို အားကိုးနေရတဲ့ တရုတ်နိုင်ငံဖက်က Hunchun မြို့မှာ ကုန်သည်တွေက သူတို့ရဲ့ဆုံးရှုံးမှုအတွက် အလျော်ပေးဖို့ အစိုးရကိုတောင်းဆိုဆန္ဒပြတဲ့ Video တွေလည်း ထွက်လာခဲ့ပါတယ်။

"သူတို့ကုမ္ပဏီက ဒေါ်လာ ၁ သန်းခွဲလောက်နဲ့ညီမျှတဲ့ ယွမ်ငွေ ၁၀ သန်းကျော် ဆုံးရှုံးခဲ့ရတယ်"လို့ ဒေသခံကုန်သည်တယောက်က ပြောပြနေတာပါ။

သူ့ကုမ္ပဏီက ပင်လယ်စာရောင်းကုန် ၇၀% ကျော်က မြောက်ကိုရီယားဖက်က လာတာတွေဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးယူဒဏ်ခတ်မှုတွေအတိုင်း တရုတ်အစိုးရက အကောင်အထည်ဖော်တဲ့အတွက် ပြည်တွင်းမှာ မကျေနပ်မှုတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ တရုတ်ကသူ့အိမ်နီးချင်း မြောက်ကိုရီးယားရဲ့ Nuclear နဲ့ ဒုံးလက်နက် အစီအစဉ်တွေ ရပ်သွားအောင် ထိထိရောက်ရောက်မလုပ်ဘူးလို့ အမေရိကန်က စွပ်စွဲနေတာပါ။

ဒါပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အပေါ် တရုတ်အစိုးရက လွှမ်းမိုးနိုင်တယ်လို့ ပိုပြီးခန့်မှန်းနေကြတယ်လို့ Fudan တက္ကသိုလ်က ပါမောက္ခ Cai Jian ကပြောပါတယ်။

"ကိစ္စတော်တော်များများကြောင့် တရုတ်နဲ့မြောက်ကိုရီးယားဆက်ဆံရေးက အခုနှစ်ပိုင်းတွေမှာ တော်တော်လေး ဆိုးလာပါတယ်။ တရုတ်အစိုးရအနေနဲ့ မြောက်ကိုရီးယားကို နားချနိုင်ဖို့ ပိုပိုပြီးခက်ခဲလာခဲ့ပါတယ်။ လောလောဆယ် တရုတ်လုပ်နိုင်တာကတော့ ကြားနေပြီး ၂ ဖက်လုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ပဲ ပြောနိုင်ပါတယ်။"

အမေရိကန်နဲ့ဖြစ်နေတဲ့ ပြဿနာကြောင့် မြောက်ကိုရီးယားဖက်က တရုတ်အပေါ် လက်တုံ့ပြန်လာတာမျိုး တရုတ်ကအဖြစ်မခံနိုင်ဘူးလို့ ကမ္ဘာ့မူဝါဒရေးရာတွေကို လေ့လာနေတဲ့ ပညာရှင်အဖွဲ့ Carnegie–Tsinghua Center for Global Policy က သုတေသီ Zhao Tong ကလည်းသုံးသပ်ပါတယ်။

"မြောက်ကိုရီးယားအစိုးရရဲ့ ရှေ့ရေးကိုထိခိုက်နိုင်မယ့် စီးပွားရေးဖိအားမျိုးတွေ တရုတ်က စလုပ်တယ်ဆိုရင် မြောက်ကိုရီးယားဖက်က အမေရိကန်ကိုရန်လိုနေသလို တရုတ်ဖက်လှည့်လာ ရန်ပြုနိုင်ပါတယ်။ သူတို့မလုံခြုံတော့ဘူး။ တရုတ်ဟာ ခြိမ်းခြောက်မှုတခုလို့ မြောက်ကိုရီးယားအစိုးရက စပြီးမြင်လာရင် သူတို့ရဲ့ Nuclear နဲ့ Missile ဒုံးစွမ်းဆောင်နိုင်မှုနဲ့ု တရုတ်ကို ခြိမ်းမြောက်လာနိုင်ပါတယ်။"

တရုတ်အစိုးရနဲ့အဆင်ပြေတဲ့ သူ့ရဲ့ဦးလေးအရင်းကိုတောင် Kim Jong Un ကလုပ်ကြံခဲ့တာကိုကြည့်ခြင်းဖြင့် နိုင်ငံခြားအစိုးရတွေနဲ့ ပူးပေါင်းတယ်လို့ မသင်္ကာသူမှန်သမျှ ရှင်းပစ်ဖို့ဝန်မလေးဘူးဆိုတာ ပြနေတယ်လို့လည်း သူကပြောပါတယ်။

မြောက်ကိုရီးယားဖက်က ပဲ့ထိန်းဒုံးပစ်လွှတ်မယ့်အစီအစဉ်ကို နောက်ဆုတ်ထားပေမဲ့ ကိုရီးယားကျွန်းဆွယ်က ပြဿနာဟာ အဆုံးမသတ်သေးဘူးလို့ ပညာရှင် ၂ ယောက်လုံးက ပြောပါတယ်။ အထူးသဖြင့် ရှေ့သီတင်းပါတ်ထဲမှာ အမေရိကန်နဲ့တောင်ကိုရီးယား တို့ ပူးတွဲစစ်ရေးလေ့ကျင့်တော့မှာမို့ Kim Jong Un အနေနဲ့ Missile ဒုံး ပြစ်လွှတ်စမ်းသပ်ဖို့ အကြောင်းပြချက်ရနိုင်တယ်လို့ ထောက်ပြပါတယ်။

တရုတ်အနေနဲ့က ဒေသတွင်း မဟာဗြူဟာမြောက် သြဇာချိန်ခွင် အနေအထားပြောင်း သွားမှာ စိုးရိမ်တဲ့အတွက် မြောက်ကိုရီးယားအပေါ်ထားတဲ့ မူဝါဒကို မပြောင်းသေးဘူးလို့ Tsinghua တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနက ပါမောက္ခ Sun Zhe ကပြောပါတယ်။

" နှစ်ပေါင်းများစွာထဲကရှိခဲ့တဲ့ မြောက်ကိုရီးယားအစိုးရနဲ့ ဆက်ဆံရေးကို စွန့်လွှတ်လိုက်ဖို့ တရုတ်ဖက်က အသင့်မဖြစ်သေးပါဘူး။ တောင်ကိုရီးယားမှာ အမေရိကန်က ဒုံးလက်နက်ရန်ကာကွယ်ရေး THAAD စနစ်ထားတဲ့ကိစ္စ။ အမေရိကန်ဖက်က တရုတ်အပေါ် ဖိအားပိုတိုးလာတဲ့ ကိစ္စတွေအပါအဝင် တခြားရှုပ်ထွေးတဲ့ကိစ္စတွေကြောင့် မြောက်ကိုရီးယားကို မပစ်ပယ်နိုင်သေးပါဘူး။ မဟာဗြူဟာမြောက် ချိန်ခွင်လျှာကို ဆက်ပြီးထိန်းထားနိုင်ဖို့အတွက် တရုတ်က မြောက်ကိုရီးယားနဲ့ပါတ်သက်လို့ စိုးရိမ်မှု မကျေနပ်မှု တွေရှိပေမဲ့ မြောက်ကိုရီးယားအစိုးရအပေါ်ထားတဲ့ မူဝါဒကို မပြောင်းသေးပါဘူး။"

တကယ်လို့ ပဋိပက္ခတွေမထိန်းနိုင်တဲ့ အခြေအနေဖြစ်လာမယ်ဆိုရင် မြောက်ကိုရီးယားဖက်က ဒုက္ခသည်တွေ တရုတ်ဖက် ထွက်ပြေးလာနိုင်တဲ့ အခြေအနေအပါအဝင် အကျိုးဆက်တွေကို တရုတ်ကမလိုလားတဲ့အတွက်ကြောင့် အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဖြစ်နေတဲ့ပြဿနာကို တရုတ်ကဝင်ပါနေ တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG