သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ကိုဖြတ်ပစ်တဲ့ ဒုံးစမ်းသပ်မှု မြောက်ကိုရီးယားခုခံပြောဆို


ဂျပန်နိုင်ငံကို ကျော်ဖြတ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့မှုဟာဆိုရင် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ မကြာခင်က ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့ အနေနဲ့ လုပ်တာလို့ မြောက်ကိုရီးယားဘက်က ခုခံ ပြောဆိုလိုက်ပါတယ်။

တကယ့် စစ်ပွဲမှာ ပစ်ခတ်သလိုမျိုးဒုံးကျည် စမ်းသပ်ခဲ့တာ ဖြစ်ပြီး မြောက်ကိုရီးယား စစ်တပ်ရဲ့ ပစိဖိတ် သမုဒ္ဒရာတွင်း စစ်ဆင်ရေးရဲ့ ပထမဆုံး အဆင့်၊ နောက် Guam ကျွန်းကို ထိန်းနိုင်ရေး အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ ပဏာမ ဆောင်ရွက်ချက် တခုဖြစ်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂံျုအွန် ပြောဆိုတာကို နိုင်ငံပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ KCNA က ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ထုတ်လွှွင့်ပါတယ်။

လက်ရှိ ပဋိပက္ခကို ဆွေးနွေးဖြေရှင်းလာရေး အတွက် မြောက်ကိုရီးယား အပေါ်မှာ အမြင့်ဆုံး ဖိအားပေးဖို့ လိုအပ်ချက်ကိုလည်း ဒီကနေ့ တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှု အတွင်း တောင်ကိုရီးယား သမ္မတ Moon Jae-in နဲ့ ဂျပန်ဝန်ကြီးချုပ်Shinzo Abe တို့ သဘောတူခဲ့ကြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ ဘက်ကလည်း ဒီဦးတည်ချက် အတိုင်း ဆောင်ရွက်လာနိုင်ခြေ ရှိပါတယ်။ မနေ့ အင်္ဂါနေ့ ညပိုင်း ကုလလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး အတွင်းမှာလည်း ဂျပန်နိုင်ငံပေါ်ကနေ ဖြတ်ပြီး မြောက်ကိုရီးယားတို့ ဒုံးကျည် စမ်းသပ်ခဲ့မှု အပေါ်လုံခြုံရေးကောင်စီ ဥက္ကဌက ကြေညာချက်ထုတ်ပြီး ရှုတ်ချပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပြီး နောက်မှာတော့ အမေရိကန် သမ္မတ Donald Trump က တုံ့ပြန်ဆောင်ရွက်ဖို့ နည်းလမ်းပေါင်းစုံ အဆင်သင့် ရှိနေတယ်လို့ မနေ့ အင်္ဂါနေ့မှာ ကြေညာချက်ထုတ် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG