သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အချိန်ယူဖြေရှင်းဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ANI သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်ဖြေကြား (ANI)
ANI သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်ဖြေကြား (ANI)

နိုင်ငံတကာက ဖိအားပေးပြောဆိုသံတွေ ဆက်လက် ထွက်ပေါ်နေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပြဿနာတွေဟာ အချိန်ယူ ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် သိန်းနဲ့ချီတဲ့ အရပ်သားတွေ ထိခိုက်နစ်နာနေရတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဝေဖန်နေတဲ့ အပေါ်မှာလည်း ANI သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည် က ကာကွယ်ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ မသိဂီ ၤထိုက်က တင်ပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း မူဆလင်တွေ အများစု နေထိုင်ရာ ဒေသတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူသိန်းနဲ့ချီ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခဲ့ကြရပြီးနောက် မှာတော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ ဖိအားတွေနဲ့ မြန်မာ အစိုးရ ရင်ဆိုင်လာရချိန် မှာဘဲ ရခိုင်ပဋိပက္ခကို ဖြေရှင်းဖို့ အချိန်ယူရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“လူသားချင်းစာနာထောက်ထားရမယ့် ကိစ္စတွေဟာ၊ ကာလကြာရှည် လူမှုရေး၊ စီးပွားရေး ပြဿနာတွေကို အခြေခံ ပေါ်ပေါက်ခဲ့ရတာပါ။ နိုင်ငံရေးလည်း ပါတာပေါ့လေ။ ရခိုင်ပြည်နယ်က ပြဿနာတွေဟာ ၁၉ ရာစုခေတ်လောက် ကတည်းက ရှိနေခဲ့တာပါ။ မကြာခဏဆိုသလို၊ မူဆလင်နဲ့ ရခိုင်လူမှုအသိုင်းအဝန်းကြား ပြဿနာတွေလည်း ပေါ်ခဲ့ဖူးပါတယ်။ အင်မတန် ရှုပ်ထွေးလှတဲ့ ဒီလိုအခြေအနေကို ကျမတို့ အမွေဆက်ခံခဲ့ရတာပါ။ ဒါကိုကျမတို့ ရင်ဆိုင်ဖြေရှင်းရမှာပါ။ ညတွင်းချင်း ဖြေရှင်းနိုင်မှာ မဟုတ်တာတော့ ရှင်းပါတယ်။ အလွယ်တကူ အဖြေပေးနိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ နေရာတော်တော်များများမှာ တဖက်နဲ့တဖက် ရန်လိုနေကြတဲ့ လူမှုအသိုင်းအဝန်း ၂ ခုကြား၊ ယုံကြည်မှုနဲ့ သဟဇာတရှိအောင် တည်ဆောက်ဖို့ ဆိုတာဟာ လွယ်လွယ်နဲ့တော့ မဖြစ်နိုင်ပါဘူး။”

ရခိုင်ပြည်နယ် ပဋိပက္ခကို ဖြေရှင်းရေးမှာ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ဖို့လည်း အရေးပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်းက မူဆလင် အများစု နေထိုင်ရာ ဒေသတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပေါ်ပေါက်ခဲ့ပြီး တလနီးပါး အကြာမှာ ဒီအရေးနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ အင်္ဂါနေ့မှာ နိုင်ငံတကာကို ရည်ရွယ်ပြီး မိန့်ခွန်းတရပ် ပြောခဲ့တာပါ။ ဒါပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုတော့ ထည့်သွင်း သုံးစွဲခဲ့တာ မရှိပါဘူး။

“သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ရည်ညွှန်းခေါ်ဆိုကြတဲ့သူတွေ၊ အဲဒီဒေသမှာ ရှိနေတဲ့ မူဆလင်တွေကို ရိုဟင်ဂျာလို့ ခေါ်ချင်တဲ့သူတွေလည်း ရှိပါတယ်။ ရခိုင်တွေကတော့ ဘင်္ဂါလီဆိုတဲ့အသုံးအနှုန်းကလွဲလို့ တခြားအမည်ကို မခေါ်ကြပါဘူး၊ ဒီလူတွေဟာ ရခိုင်တိုင်းရင်းသား မဟုတ်ဘူးလို့ ဆိုလိုတဲ့သဘောပါ။ အခုအခါ ဒီအသုံးအနှုန်းဟာ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ ပါဝင်လာနေတာကြောင့်၊ ဒီလိုစိတ်ခံစားချက်တွေပါတဲ့ အမည်ကို သုံးနှုန်းမယ့်အစား၊ မူဆလင်လို့ သုံးတာက ဘယ်သူမှလည်း ငြင်းနိုင်တဲ့ ကိစ္စမဟုတ်တဲ့အတွက် ပိုကောင်းတယ်လို့ ထင်ပါတယ်။ ကျမတို့ ပြောနေတာလည်း ရခိုင်ပြည်နယ်မှာရှိနေတဲ့ မူဆလင် အသိုင်းအဝန်းအကြောင်း ပြောနေကြတာပဲလေ။ ဒီလူ့အသိုင်းအဝန်းအတွက် တခြားအမည်ကို သုံးကောင်းသုံးနိုင်ပေမဲ့၊ ခံစားချက်တွေကို မီးလောင်ရာလေပင့် ဖြစ်စေမယ့် အသုံးအနှုန်းမျိုးကို သုံးစရာအကြောင်းမရှိဘူးလို့ပဲ ကျမကတော့ မြင်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းက တကျော့ပြန် ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေဟာ ARSA အစွန်းရောက် အကြမ်းဖက် အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်လို့ မြန်မာ အစိုးရက ပြောဆိုထားတာပါ။ ဒေသတွင်း အကြမ်းဖက် လုပ်ရပ်တွေကို တန်ပြန် ကိုင်တွယ်တဲ့ နေရာမှာလည်း အင်မတန် သတိထား ကိုင်တွယ်ရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

“ဘာပဲလုပ်လုပ် မဆိုင်သူတွေ မထိခိုက်အောင် ရှောင်ရှားဖို့ ကြိုးစားရမှာပါ။ အရပ်သားတွေ မထိခိုက်စေမယ့် လုပ်ရပ်မျိုးတွေ ဖြစ်ရပါလိမ့်မယ်။ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးကိစ္စဆိုတာ အန်မတန် ခက်ခဲပါတယ်။ အကြမ်းဖက်ဝါဒဆိုတာက သဘာဝအားဖြင့်ကိုက အဖွဲ့ဝင်တချို့ဟာ သာမာန်လူထုကြားမှာ ရောနှောနေတတ်လေ့ ရှိပါတယ်။ ဒါကိုခွဲခြားဖို့က အင်မတန် အရေးကြီးပါတယ်။ အပြစ်မရှိတဲ့လူတွေကို ကျမတို့ မထိခိုက်စေချင်ပါဘူး။ တချိန်တည်းမှာပဲ အကြမ်းဖက်ဝါဒီတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ဟန့်တားနိုင်အောင် လုပ်ရပါလိမ့်မယ်။”

လူပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အပေါ် ကမ္ဘာ့ ငြိမ်းချမ်းရေး ဆုရှင် တဦး အနေနဲ့ ထုတ်ဖော် မပြောတဲ့ အပေါ် ဝေဖန်ခံရမှုကို တုံ့ပြန်တာမှာလည်း ရခိုင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးကို လိုလားတဲ့အကြောင်း၊ အစိုးရ တရပ် အနေနဲ့ တာဝန်ရှိတာနဲ့ အတူ မျှမျှတတ သမာသမတ်ရှိရှိ ရပ်တည်ကြောင်းနဲ့ လူမှုအသိုင်းအဝိုင်း တခုခုကို ပြစ်တင်ပြောဆိုတာမျိုးကို ရှောင်ရှားတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မနေ့ အင်္ဂါနေ့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ မိန့်ခွန်းကို မှတ်သားထားပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ပြောဆိုခဲ့သလို ထွက်ပြေးသူတွေကို စိစစ်လက်ခံမယ်ဆိုတဲ့ အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကလည်း ချီးကျူးပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG