သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခအပေါ် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းချက်


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ က ေ၀ ဖန်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးကို ရှုတ်ချကြောင်းနဲ့ အခြေ အနေတွေ ပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောဆိုလိုက်ပါတယ်။ တနှစ်ကျော်ကြာ အရပ်သားအစိုးရလက်ထက် ရင်ဆိုင်နေရတဲ့ စိန်ခေါ် မှုတွေနဲ့ ပတ်သက်လို့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင် က ပြောပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အရေး ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှု တွေ မြင့်တက်နေချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား သံတမန် တွေကို ဖိတ်ကြားပြီး ရခိုင်အရေးအပါအဝင် တနှစ်ကျော်ကြာ အရပ်သား အစိုးရသစ် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းတရပ် ကို ဒီကနေ့ နေပြည်တော်မှာ ပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကြမ်းဖက်မှု မှန်သမျှကို ရှုတ်ချပြီး ရခိုင်ပြည်နယ် တခုလုံးရဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ဦးတည် ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။

“ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်နဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုအားလုံးကို ကျမတို့ပြစ်တင် ရှုတ်ချပါတယ်။ နိုင်ငံတဝန်းလုံးမှာ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး ပြန်လည် ထိန်းသိမ်းဖို့ အတွက်ကျမတို့ သန္နိဌာန်ချမှတ်ထားပြီးဖြစ်ပါတယ်။ အပြစ်မဲ့အရပ်သားတွေကိုထိခိုက်တာနဲ့ တနွယ်ငင် တစင်ပါ နစ်နာရတာတွေကိုရှောင်ရှား နိုင်ဖို့အတွက်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ဆောင်ရွက်တဲ့အခါ၊ လုပ်ထုံးလုပ်နည်းစည်းမျဉ်းတွေကို အသေအချာ၊ အပြည့်အဝလိုက်နာပြီး၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။”

ဒါ့အပြင် ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးတာတွေကို ကြောက်ရွံ့ နေမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသွားပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းအဖွဲ့ဝင်၊ တာဝန်သိတဲ့နိုင်ငံတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာကဆန်းစစ်တာကို မကြောက်ပါဘူး။ နိုင်ငံအတွင်းမှာရှိတဲ့ အသိုင်းအဝိုင်းအားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို ရှေ့ရှုမယ့်၊ ရေရှည်တည်တံ့မယ့်အဖြေရှာဖို့အတွက် ကျမတို့ တာဝန်ခံထားထားပြီးဖြစ်ပါတယ်။”

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တော အကြမ်းဖက်တိုက်ခိုက် မှုကြောင့် မွတ်ဆလင် ဒုက္ခသည် အမြောက်အမြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ကြတယ်လို့ ဆိုပေမယ့် မွတ်ဆလင် အသိုင်းအဝိုင်းရဲ့ ၅၀%ကျော်ဟာ ပဋိပက္ခဇုံထဲမှာ နေထိုင်နေကြဆဲဖြစ်တာမို့ ဒါနဲ့ ပတ်သက်ပြီး အဖြေထုတ်ကြည့်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ မီးလောင်ပြင်တွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေကိုကြည့်ပြီး နိုင်ငံတကာက မိတ်ဆွေ စိုးရိမ်ပူပန်နေကြတယ်ဆိုတာ နားလည်ပေမယ့် စက်တင်ဘာ ၅ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ်တွင်းမှာ တည်ငြိမ်စပြုနေပြီလို့ သူက ပြောပါတယ်။

“စက်တင်ဘာလ ၅ ရက်နေ့ကစပြီး၊ လက်နက်ကိုင်တိုက်ခိုက်တာတွေမရှိတော့ပါဘူး။ နယ်မြေရှင်လင်းရေးစစ်ဆင်ရေးလည်းပြီးသွားပါပြီ။ ဒါပေမဲ့လည်း၊ မူဆလင်တွေ အတော်များများ နယ်စပ်ကိုဖြတ်ကျော်ပြီး Bangladesh နိုင်ငံထဲထွက်ပြေးနေကြတယ်ကြားလို့ ကျမတို့ စိုးရိမ်မကင်းဖြစ်ရပါတယ်။ ဘာဖြစ်လို့အခုလို အလုံးအရင်းထွက်ပြေးနေကြတာလဲဆိုတာကို ကျမတို့သိချင်ပါတယ်။ကျမတို့အနေနဲ့ ထွက်ပြေးသွားတဲ့သူတွေရော၊ မထွက်ပြေးဘဲ ကျန်နေခဲ့တဲ့သူတွေကိုပါ စကားပြောချင်ပါတယ်။ ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ မူဆလင်အများစုဟာ အလုံးအရင်းနဲ့ထွက်ပြေးကြတဲ့အထဲမှာမပါဝင်ကြဘူးဆိုတာကို သိတဲ့လူနည်းနည်းဘဲရှိကြတယ်လို့ ကျမထင်ပါတယ်။”

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်က အကြံပေးသလို တဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ နိုင်ငံသား ပြန်လည် စိစစ်ရေးလုပ်ငန်းစဉ်ကို ဘယ်အချိန်မဆို စတင်နိုင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပြီး ၁၉ ၈၂နိုင်ငံသား ဥပဒေကို ပြန်လည် ဆန်းစစ်ဖို့ကိစ္စကိုတော့ ထည့်သွင်းပြောဆိုသွားတာ မရှိပါဘူး။

ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး အရေးယူမှုတွေမလုပ်ခင်မှာ အပြန်အလှန် စွပ်စွဲပြောဆိုနေတာတွေကို နားထောင်ဖို့လိုသလို အမှန်တကယ် အရေးယူမှုလုပ်ဖို့ စွပ်စွဲချက်တွေ ခိုင်မာရဲလားဆိုတာ သိအောင် လုပ်ဖို့လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“အပြန်အလှန်စွပ်စွဲနေကြတာတွေအားလုံးကို ကျမတို့နားထောင်ကြရမှာပါ။ ဒါတွေကို ကျမတို့ အရေးမယူခင်မှာ ဒီစွပ်စွဲချက်တွေဟာ ခိုင်မာတဲ့အထောက်အထားတွေအပေါ်အခြေခံတာဟုတ်ရဲ့လားဆိုတာကို ကျမတို့သေချာအောင်အရင်လုပ်ကြရမျာဖြစ်ပါတယ်။ ကျမတို့ နိုင်ငံတကာအသိုင်းအဝိုင်းကလက်ခံထားတဲ့ လူ့အခွင့်အရေးကိုချိုးဖေါက်သူတွေ၊ တရားဥပဒေဘောင်ကိုဆန့်ကျင်နေကြသူတွေဆိုရင်၊ ဘယ်သူဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ဖြစ်ဖြစ်၊ ဘယ်လူမျိုး ဒါမှမဟုတ် ဘယ်လိုနိုင်ငံရေးရပ်တည်ချက်ရှိရှိ၊ အရေးယူသွားမှာဖြစ်ပါတယ်”

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ရိုဟင်ဂျာ ဒုက္ခသည် ၃သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ရခိုင်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက မြန်မာအစိုးရအပေါ် တောက်လျှောက် ဖိအာပေး ပြောဆိုနေသလို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖွဲ့ကတော့ မြန်မာပြည်မှာ ရိုဟင်ဂျာ ဒုက္ခ သည်တွေကို တိုက်ခိုက်တာဟာ လူမျိုးတုံး သတ်ဖြတ်မှုအဆင့် ရောက်နေပုံရတယ်လို့ ပြောဆိုထားတာ ပါ။

မြန်မာအစိုးရအနေနဲ့ ကိုဖီအာနန်ကော်မရှင်အပါအဝင် ရခိုင်အရေးဆိုင်ရာ အကြံပေးကော်မရှင်တွေရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ စတင်ပြင်ဆင်နေပြီဖြစ်သလို ဒီအကြံပြုချက်တွေ အကောင်ထည်ဖော်ရာမှာ နိုင်ငံတကာအနေနဲ့ ပူးပေါင်းပါဝင်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG