သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒုသမ္မတမိန့်ခွန်း ၂ ရပ် မြန်မာအတွက် အရေးကြီး


ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပေါ်လာနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှု များပြား လာနေတဲ့ အချိန်မှာ နိူင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ပြောကြားမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံအခြေပြမိန့်ခွန်းနဲ့ ဒုသမ္မတ ဟန်နရီ ဗန်ထီးယူ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စက်တင်ဘာလ ၂၀ ရက်နေ့ ပြောကြားမယ့် မိန့်ခွန်းတွေဟာ အရေး အကြီးဆုံး မိန့်ခွန်းတွေဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက ပြောပါတယ်။ လောလောဆယ်မှာတော့ ဒုသမ္မတ ဟန်နရီ ဗန်ထီးယူ ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းက အခြေအနေ အဖြစ်မှန်ကို သိရှိနိုင်ရေး အတွက် နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ရှင်းလင်း ပြောကြားနေကြောင်း သံအမတ်ကြီး ဟောက်ဒိုဆွမ်းက ပြောပါတယ်။ ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတဲ့အခါ လက်ရှိ လုပ်ဆောင်နေတဲ့ အခြေအနေတွေကို သံအမတ်ကြီးက အခုလို စပြောပါတယ်။

“ကျနော်တို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ၁၉ ရက်နေ့ (မိန့်ခွန်း) ပြောမှာဆိုတော့၊ ပြောပြီးတဲ့အခါကျရင် အခု ဒုတိယသမ္မတ ပြောတဲ့မိန့်ခွန်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အရင်ပြောတဲ့ မိန့်ခွန်းနဲ့ ဒါ ကျနော်တို့၊ ဒီ နှစ်ခုကတော့ ကနော်တို့အတွက် အရေးကြီးတဲ့ မိန့်ခွန်းတွေ ဖြစ်မှာပါ။ (ဒုသမ္မတ ဟန်နရီ ဗန်ထီးယူအနေနဲ့) ကျနော်တို့ ၂၀ ရက်နေ့ကို ညနေပိုင်း မိန့်ခွန်းပြောဖို့ ရှိပါတယ်။ ညနေပိုင်း Session ပေါ့နော်။ အဲဒီတော့ ပြင်ဆင်တာကတော့ ကျနော်တို့ လုပ်နေပါတယ်။

ပြောမယ့် မိန့်ခွန်းတွေ အခြေအနေကတော့ ကျနော်တို့ အခု လက်ရှိဖြစ်နေတဲ့ အဓိက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အားလုံးလည်း သိတဲ့ကိစ္စတွေပေါ့လေ၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြောစရာရှိတာတွေ ပြောမှာပေါ့။ နောက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဖော်ဆောင်နေတဲ့ လုပ်ငန်းတွေ၊ ကျနော်တို့ ဘာတွေ လုပ်နေသလဲဆိုတဲ့ အချက်အလက်တွေလည်းဘဲ ကျနော်တို့ ထည့်သွင်း ပြောကြားဖို့ ရှိမှာပါ။ အသေးစိတ်ကတော့ ကျနော်တို့ ပြောလို့ မရသေးဘူးပေါ့လေ၊ မပြောရသေးဘူး ဆိုတော့။ ၂၀ ရက်နေ့ ညပိုင်းလောက်ပေါ့၊ အဲဒီလောက်ဆိုလို့ရှိရင်တော့ သူပြောရမှာပါ။ အဲဒီအခါကျရင်တော့ နားထောင်ကြည့်ပေါ့လေ။”

မေး။ အခု ဒီ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့်တော့၊ ရခိုင်ပြည်နယ်က အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာမှာ တော်တော်လေး တာဆူ နေကြတယ်လေ၊ အထွေထွေညီလာခံမှာ ပြောကြမယ်ဆိုပြီး OIC လို့ခေါ်တဲ့ အစ္စလာမ်မစ်နိုင်ငံတွေက တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်နေကြတော့ သံအမတ်ကြီးတို့အနေနဲ့ အဲဒီလိုမျိုး နိုင်ငံတကာရဲ့ ပြောနေတဲ့ အရှိန်တွေကို ပြေအောင် ဘယ်လိုများ လုပ်ဆောင်ကြဖို့ ပြင်ဆင်ထားပါသလဲ၊ နောက်တခု သိချင်တာက ဒီ OIC လိုမျိုး နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ သီးခြား တွေ့ဆုံပြီးတော့ ဒီကိစ္စတွေကို ပြေလည်အောင် ရှင်းပြဖို့ အနေအထားတွေ ရှိပါသလား၊ မြန်မာကိုယ်စားလှယ် အဖွဲ့အနေနဲ့။

သံအမတ်ကြီး ဟောက်ဒိုစွမ်း။ “အခုတော့ ကျနော်တို့ မြန်မာကိုယ်စားလှယ် အဖွဲ့ အနေနဲ့ကတော့ အခု စပြီးတော့ပေါ့လေ၊ ကျနော်တို့ တွေ့သင့်၊ တွေ့ထိုက်တဲ့ လူတွေနဲ့လည်း တွေ့နေတယ်။ နောက် ပြောသင့် ပြောထိုက်တဲ့ အချက် အလက်တွေလည်းဘဲ ကျနော်တို့ အခွင့်အရေး ပေးရင် ပေးသလိုပေါ့လေ၊ ကျနော်တို့ ပြောနေတာတွေ ရှိတာပေါ့။ အများရှေ့မှာရော၊ နှစ်နိုင်ငံချင်း၊ နှစ်ယောက်ချင်း တွေ့ပြီး ပြောတဲ့ဟာတွေရော ရှိပါတယ်။ ဒါတွေကတော့ ကျနော်တို့ လုပ်သင့် လုပ်ထိုက်တဲ့ ဟာဆိုတော့ ကျနော်တို့ လုပ်နေပါတယ်လို့။ ဒီလောက်ဘဲ လောလောဆယ်တော့ ပြောပါရစေ။”

မေး။ ဟုတ်ကဲ့ခင်ဗျ၊ နောက်တခုကလေ ဒီ OIC နိုင်ငံတွေအပြင်ပေါ့၊ သံအမတ်ကြီးလည်း သိပါတယ်၊ ဗြိတိန်က နိုင်ငံခြားရေးဝန်ကြီး Boris Johnson တို့လို၊ အဲဒီလို ထိပ်တန်း အနောက်နိုင်ငံတွေက ဦးဆောင်ပြီးတော့ မြန်မာ့အရေး ဆွေးနွေးဖို့ကိစ္စတွေ ဘာတွေ လုပ်နေကြတာတွေ ရှိပါတယ်။ အဲဒီလိုမျိုး ဆွေးနွေးပွဲတွေမှာရော မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို တက်ရောက်ဖို့ ဖိတ်ကြားတာတွေ ရှိပါသလား၊ ဒါမှမဟုတ်ရင်လည်း မြန်မာကိုယ်စားလှယ် အဖွဲ့အနေနဲ့ရော တက်ဖို့၊ တက်ပြီးတော့ ရှင်းပြ ဆွေးနွေးတာတွေ လုပ်ဖို့ရှိပါသလား။

သံအမတ်ကြီး ဟောက်ဒိုစွမ်း။ “ဟုတ်ကဲ့၊ ဖိတ်ကြားတာတွေ ရှိပါတယ်။ ကျနော်တို့လည်း ဖိတ်ကြားတာကို ကြည့်ပြီးတော့ တက်ရောက်ဖို့ အစီအစဉ်တွေ ရှိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ တဘက်သတ် ပြောနေတဲ့၊ ဆိုနေတဲ့ အချက်အလက် တွေကို ကျနော်တို့က ရတဲ့အခွင့်အရေးတွေကို ကျနော်တို့ ရယူပြီး ပြောရမှာ၊ အမှန်တရားကို ပြောရမယ့်တာဝန် ကျနော်တို့မှာ ရှိတာကိုး။ ဆိုတဲ့အခါကျတော့ ဒီအခွင့်အရေးတွေကို ကျနော်တို့ကတော့ သင့်လျှော်သလိုဘဲ၊ ဟို ဖိတ်ကြားတဲ့ဟာတွေလည်း ရှိပါတယ်၊ တက်ရောက်ပြီးတော့ ပြောကြားဖို့တွေလည်း ရှိပါတယ်။”

မေး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားမယ့် မိန့်ခွန်းရှိသလို၊ စောစောက သံအမတ်ကြီးပြောသလို၊ ဒုသမ္မတ အထွေထွေ ညီလာခံမှာ ပြောကြားမယ့် မိန့်ခွန်းတွေဟာ အင်မတန် အရေးကြီးတဲ့ မိန့်ခွန်းတွေ ဖြစ်မယ်ပေါ့နော်၊ ဆိုတော့ ကျနော်တို့ သိချင်တာက ဒီ ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ ဆွေးနွေးကြမယ့် ထိပ်သီး အကြောင်းအရာ (၃) ခုလောက်မှာ မြန်မာ့အရေး၊ ရခိုင်အရေးက ပါနေတော့ မြန်မာအစိုးရဘက်ကနေပြီးတော့ တခုလုံး ခြုံပြီးတော့ Overall ဗြူဟာပေါ့၊ ဘယ်လိုများ ချပြီးတော့များ လုပ်ဆောင်နေပါသလဲ ဆိုတာလေးကို ရှင်းပြလို့ ရမလား။

သံအမတ်ကြီး ဟောက်ဒိုစွမ်း။ “Overall ပြောရမယ်ဆိုလို့ရှိရင်တော့၊ ကျနော်တို့ အခုဖြစ်နေတာက အားလုံးလည်း သိတဲ့အတိုင်းဘဲ၊ ကျနော်တို့ရဲ့ အဖြစ်မှန်ကို ကမ္ဘာကနေပြီးတော့ တကယ်က အမှန်ကို မသိကြဘူးပေါ့နော်။ ဒီနေရာမှာလည်းဘဲ တဘက်ရဲ့ မီဒီယာပိုင်းဆိုင်ရာ လွှမ်းမိုးမှုတွေ အများကြီး ပါတာကိုး။ ဒါတွေကြောင့် လည်းဘဲ အကုန်လုံးက တဘက်ကိုဘဲ လိုက်ပြီးတော့ နားယောင်နေတဲ့ အပိုင်းတွေ ရှိတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ကတော့၊ ကျနော်တို့ နိုင်ငံတော် အစိုးရအနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ဟာကို ကိုယ့်ရဲ့ နိုင်ငံတော် အကျိုးအတွက် အဘက်ဘက်က ချင့်ချိန်ပြီးတော့ ကျနော်တို့ လုပ်နေရတဲ့ဟာတွေ ရှိတယ်။ ဒီလို လုပ်နေရင်းနဲ့ဘဲ ကျနော်တို့ လုပ်နေတဲ့ဟာကိုလည်းဘဲ ကျနော်တို့ တဘက် ကမ္ဘာကိုပေါ့နော်၊ ကျနော်တို့ နားလည်အောင်၊ သဘောပေါက်အောင်၊ ကျနော်တို့ လုပ်နေတဲ့ ဟာတွေဟာ ကျနော်တို့အားလုံးအတွက် ရေရှည် ငြိမ်းချမ်းစွာနဲ့ ဒီပြဿနာကြီးကို ကျနော်တို့ ဖြေရှင်းနိုင်ဖို့၊ ရေရှည် တည်တန့်တဲ့ အဖြေတခု ရရှိနိုင်ဖို့ ကျနော်တို့က လုပ်နေပါတယ် ဆိုတဲ့ဟာကို သူတို့ လက်ခံလာအောင်၊ ယုံကြည်လာအောင်နဲ့ သဘော ပေါက်လာအောင်ပေါ့နော်၊ ကျနော်တို့ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။

ဒါဘဲ၊ လောလောဆယ်တော့ ကျနော်တို့ရဲ့ ဗြူဟာကတော့ ဒါဘဲ ခင်ဗျ။ ကျနော်တို့ လုပ်နေတာ၊ စိတ်ရင်း စေတနာမှန်တဲ့ ကျနော်တို့ တကယ်လုပ်နေတာတွေကို သူတို့ နားဝင်အောင်၊ သဘောပေါက်အောင်၊ သူတို့သိအောင်၊ လက်ခံအောင် ကျနော်တို့က နိုင်ငံတကာ၊ အပြည်ဆိုင်ရာ မျက်နှာစာမှာတော့ ကျနော်တို့ အားထုတ်၊ ကြိုးပမ်းလျှက် ဆောင်ရွက်နေပါတယ် ဆိုတာလေးကိုတော့ ပြောချင်ပါတယ်။”

မေး။ အခု ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတယ်ဆိုတာ လေးသိန်းကျော်သွားပြီ ပြောပါတယ်။ အဲဒီ Figure (ကိန်းဂဏန်း) တွေဟာ ကျနော်တို့ ယူနီဆက်ဖ် တို့၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ တတ်နိုင်သလောက်တော့ မေးပါတယ်။ သူတို့ပြောတာကတော့ Ground (မြေပြင်မှာ) ရှိနေတဲ့ သူတို့ရဲ့လူတွေက သတင်းပို့တဲ့ အခြေအနေတွေအပေါ် အားလုံးစုပြီးတော့ သူတို့က ဒီ Figure (ကိန်းဂဏန်း) တွေ ရတယ်ပေါ့နော်။ လေးသိန်းဆိုတာ သိပ်များနေတယ်၊ ဒီလောက်ရက်တိုတိုအတွင်းမှာ ထွက်ပြေးတာ မဖြစ်နိုင်ဘူးဆိုပြီး မြန်မာတွေဘက်က စောဒက တက်ကြတာလည်း ရှိပါတယ်။ ဆိုတော့ မြန်မာအစိုးရဘက်ကရော ဒီလိုမျိုး ထွက်ပြေးလာတယ်ဆိုတဲ့ ကိန်းဂဏန်းတွေ တိကျ မှန်ကန်အောင် ကုလသမဂ္ဂနဲ့ တိုင်ပင်တာ၊ ညှိနှိုင်းတာ၊ ဆွေးနွေးတာတွေ ရှိပြီလားခင်ဗျ၊ ဟုတ်မဟုတ် ဆိုတာကို။

သံအမတ်ကြီး ဟောက်ဒိုစွမ်း။ အမှန်ကတော့ စဉ်းစားကြည့်ပေါ့ဗျာ ဒီလောက်များတဲ့ လူဦးရေ၊ ကျနော်တို့ ရခိုင်ပြည်မှာရှိတဲ့ ဒီလူတွေရဲ့ လူဦးရေနဲ့ ချိန်ဆပြီး တွက်ကြည့်လိုက်လို့ ရှိရင် ဒီရင်ပိုင်းအတွင်းမှာ ဒီလောက်ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား။ ကိုယ့်ဟာကို ချင့်ချိန်လို့ ရမှာပေါ့။ ကျနော်ကတော့ သူတို့နဲ့ တိုက်ရိုက် စကားပြောပြီး အရေအတွက်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောတာတော့ မရှိပါဘူး။ သို့သော်လည်းဘဲ ကုလသမဂ္ဂကတော့ သူတို့ဘက်က ရှိတဲ့၊ ဟိုဘက်က ကိန်းဂဏန်းတွေ ပြောကြတာပေါ့ဗျာ။ ဒါပေမယ့် တဦးချင်း Head Count (ရေကြည့်တာ) လုပ်တာလည်း ဟုတ်မှာ မဟုတ်ဘူးလေ။ ဟိုအေဂျင်စီကပြောတယ်၊ ဒီအေဂျင်စီက ပြောတယ် ဆိုတာနဲ့ ပေါင်းတာကိုး။ ဒီဟာတွေကတော့ အရေအတွက်နဲ့ ပတ်သက်လို့တော့ ကျနော်တို့ အထွေအထူးတော့ လောလောဆယ်တော့ ပြောစရာ မရှိပါဘူး။ ဒါသိပ်ကို များနေတဲ့ ကိန်းဂဏန်း၊ ကျနော်တို့ ယုံဘို့ မယုံဘို့ဆိုတာကတော့ တဦးချင်း ချင့်ပြီးတော့ စဉ်းစားဘို့ပါဘဲ။

လောလောဆယ်တော့ ပြောရမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ အခု အထူးသဖြင့် ရခိုင်ကိစ္စက ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပမယ့် အချိန်မှာ ဒါ နှစ်တိုင်းလိုလို ကျနော်တို့ ပြဿနာကတော့ တက်နေတာပေါ့နော်။ သိကြတဲ့အတိုင်းဘဲ မနှစ်ကလည်းဘဲ ဒီလိုအချိန် အောက်တိုဘ ၉ ရက်နေ့မှာ ကျနော်တို့ အတိုက်ခံရတယ်။ အခု သြဂုတ်လ ၂၅ ရက်နေ့မှာ တခါ ဒီကိစ္စဘဲ ထပ်ပြီးတော့ ကျနော်တို့ အတိုက်ခံရတာပေါ့နော်။ အကြမ်းဖက်သမားတွေ တိုက်ခိုက်မှု ခံရတယ်။ ဒါဟာ ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံ ကျင်းပတဲ့ အချိန်ကာလနဲ့ တိုက်ဆိုင်ပြီးတော့ တမင် လုပ်နေတဲ့ဟာတွေကတော့လည်း အားလုံး အသေအချာ လေ့လာကြည့်ရင်တော့ တွေ့ကြရမှာပေါ့လေ။ သိကြမှာပါ။

အဲဒီတော့ ကျနော့်အနေနဲ့ ပြောချင်တာကတော့ ဒီဟာတွေဟာ ကျနော်တို့ နိုင်ငံအပေါ်မှာ ကြံရွယ်ပြီးတော့ တမင် လုပ်နေတဲ့ ဟာတွေလည်း အများကြီး ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ တိုင်းသူပြည်သားတွေ အကုန်လုံး၊ မြန်မာတွေ အားလုံးကပေါ့နော်၊ ဒါတွေကို သိမြင်ပြီးတော့ စည်းစည်းလုံးလုံးနဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်အစိုးရ လုပ်နေတဲ့ဟာတွေကို ဝိုင်းဝန်း ထောက်ခံ၊ ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်တိုင်းပြည် အကျိုးအတွက် ပါဝင်၊ ဝိုင်းဝန်း ပံ့ပိုးကြဖို့ ပြောပါရစေ။”

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG