သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ကလေး ၂ သိန်းခန့် အရေးပေါ် အကူအညီလိုအပ်


မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း မကြုံဘူးလောက်တဲ့ အတိုင်းအတာနဲ့ သူတို့အခေါ် ရိုဟင်ဂျာ ဒုက္ခသည်တွေ ထွက်ပြေး လာနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ကလေးငယ် ၂၀၀,၀၀၀ အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း UNICEF - ကုလသမဂ္ဂ ကလေးငယ်များ ရံပုံငွေအဖွဲ့က အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။သြဂုတ်လ ၂၅ ရက်နေ့က စလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က Cox’s Bazaar ဒေသကို ရောက်လာသူ စုစုပေါင်း ဒုက္ခသည် အရေအတွက်ဟာ ၃၃၀,၀၀၀ ကျော်သွာားပြီလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို ထွက်ပြေးလာကြတဲ့ အရေအတွက်နဲ့ အချိန်ကာလဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း တခါမှ မကြုံဖူးဘူးလို့ ဆိုပါတယ်။ စက်တင်ဘာ ၄ ရက်ကနေ ၁၀ နေ့အထိ ၆ ရက်အတွင်း လူပေါင်း ၂၂၀,၀၀၀ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုလို ထွက်ပြေးလာမှု ဘယ်တော့ အဆုံးသတ်မယ် ဆိုတာကိုလည်း သူတို့အနေနဲ့ မခန့်မှန်းနိုင်ကြောင်း ယူနီဆက်ဖ် အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စဟာ တဖြည်းဖြည်း ကြီးထွားလာနေတဲ့ စာနာမှုဆိုင်ရာ အခက်အခဲ တခု ဖြစ်ကြောင်းနဲ့ အထိအနာဆုံး ကတော့ ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကနဦး ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ထွက်ပြေးလာကြသူ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်း ဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ Cox’s Bazaar မှာ ရှိတဲ့ ဒုက္ခသည်တွေ အတွက် ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာနဲ့ ယူနီဆက်ဖ် ထောက်ပံ့ရေး ဌာနရှိရာ ဒိန်းမတ်နိုင်ငံ မြို့တော် Copenhagen တို့ကနေ ထောက်ပံ့ရေး ပစ္စည်းတွေကို ပို့ပေးနေတယ်လို့ ဆိုပါတယ်။

သူတို့အတွက် အနည်းဆုံး လိုအပ်တဲ့ ရံပုံငွေဟာ အမေရိကန် ဒေါ်လာ ၇ ဒသမ ၃ သန်း ဖြစ်ပေမယ့် ဒုက္ခသည် အရေအတွက် ထပ်တိုးလာတာနဲ့ အမျှ ရံပုံငွေလည်း ထပ်လိုနေဦးမှာ ဖြစ်တယ်လို့ ယူနီဆက်ဖ်ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG