သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့မြို့ကြီးတချို့မှာ မြန်မာကို ကန့်ကွက်ဆန္ဒပြ


Belgium တွင်ဆန္ဒပြနေပုံ
Belgium တွင်ဆန္ဒပြနေပုံ

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာ ထွက်ပြေးသွားကြတဲ့ သူတို့အခေါ် ရိုဟင်ဂျာတွေကို ထောက်ခံတဲ့အနေနဲ့ နိုင်ငံတချို့က မြို့ကြီးတွေမှာ တနင်္ဂနွေနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာတော့ ရာနဲ့ချီတဲ့သူတွေ မြန်မာသံရုံးရှေ့မှာ တနင်္ဂနွေနေ့က ချီတက် ဆန္ဒပြခဲ့ကြကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

အလားတူပဲ သူတို့အခေါ် ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရရဲ့ ပြုမူဆက်ဆံပုံတွေကို ပြစ်တင် ရှုတ်ချတဲ့အနေနဲ့ အီရန် ကျောင်းသားတချို့ဟာ တီဟီရန်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်ရုံးရှေ့မှာ ချီတက် ဆန္ဒပြခဲ့ကြကြောင်း အေပီ သတင်းမှာ ဖော်ပြထားပါတယ်။ ဆန္ဒပြသူတွေဟာ မြန်မာ၊ အစ္စရေးနဲ့ အမေရိကန် အစိုးရတို့ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြသလို၊ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ သွေးစည်း ညီညွတ်ကြောင်းလည်း အော်ဟစ်ခဲ့ကြပါတယ်။

Pakistan တွင် ဆန္ဒပြနေပုံ
Pakistan တွင် ဆန္ဒပြနေပုံ

ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံး မြို့တခုဖြစ်တဲ့ ကရာချိမြို့မှာလည်း သူတို့အခေါ် ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာအစိုးရရဲ့ ပြုမူ ဆက်ဆံပုံကို ကန့်ကွက်တဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေ တနင်္ဂနွေနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ရိုဟင်ဂျာများကို ထောက်ခံတဲ့ ချီတက်ပွဲလို့ အမည်ပေးထားတဲ့ အဲဒီ ဆန္ဒပြပွဲကို နဖူးစည်း စာတန်းတွေ၊ ပိုစတာတွေ ကိုင်ဆောင်ထားတဲ့ လူပေါင်း ၇ ထောင်လောက် ပါဝင်ခဲ့ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပြီး သူတို့တွေဟာ ကီလိုမီတာ တဝက်လောက် ချီတက် ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဟောင်ကောင်ကျွန်းမှာလည်း သူတို့အခေါ် ရိုဟင်ဂျာတွေအပေါ် ဖိနှိပ် ညှဉ်းပန်းမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ရော၊ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးအပ်ဖို့ တောင်းဆိုတဲ့အနေနဲ့ရော တနင်္ဂနွေနေ့က ချီတက် ဆန္ဒပြခဲ့တဲ့ အကြောင်း South China Morning Post သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီ ဆန္ဒပြပွဲကိုတော့ Hong Kong Islamic Youth Association လို့ခေါ်တဲ့ ဟောင်ကောင် အစ္စလာမ်မစ်အဖွဲ့အစည်းက ဦးဆောင် ကျင်းပခဲ့တာဖြစ်ပေမယ့် ကက်သလစ်နဲ့ တခြား ခရစ်ယာန် မဟာမိတ် အဖွဲ့အစည်းတွေလည်း ပူးပေါင်း ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ဘူးသီးတောင်၊ မောင်တောဒေသမှာရှိတဲ့ လုံခြုံရေး ကင်းစခန်းတွေကို ARSA ရိုဟင်ဂျာ အစွန်းရောက် အကြမ်းဖက်သမားတွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အခုချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်သွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၃ သိန်းအထိ ရှိသွားပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG