ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတယ်လို့ဆိုတဲ့ - သူတို့အခေါ်အားဖြင့် - ရိုဟင်ဂျာမူစလင် လူနည်းစုတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက စေတနာအပြည့်နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနက ချီးကျူးစကားဆိုလိုက်ပါတယ်။
အမေရိကန်အနေနဲ့လဲ အဲဒီလူတွေအတွက် အရေးပေါ်အကူအညီတွေ ပေးနိုင်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး UNHCR၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ၊ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာအဖွဲ့ IOM အပါအဝင် မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ အနီးကပ် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ စက်တင်ဘာလ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ပြောထား ပါတယ်။
မြန်မာနိုင်ငံတွင်းနဲ့ မြန်မာနိုင်ငံကနေ ဒေသတခွင်မှာရောက်နေတဲ့ အကူအညီလိုအပ်နေ သူတွေအတွက် ၂၀၁၆ ခုနှစ် အောက်တို ဘာလကတည်းကဆိုရင် အမေရိကန်အစိုးရက ပေးခဲ့တဲ့ လူသားချင်းစာနာမှု အကူအညီဟာ ဒေါ်လာ ၆၃ သန်းနီးပါး ရှိသွားပြီလို့လည်း ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ စွပ်စွဲချက်တွေ ထွက်လာပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး သွားတဲ့ ရိုဟင်ဂျာမူစလင် ခန့်မှန်းခြေအားဖြင့် ၂၇၀,၀၀၀ ထိ ရှိနေပြီလို့ ကုလသမဂ္ဂက စက်တင်ဘာလ ၈ ရက်နေ့မှာ ပြောထားတာကြောင့် အထူးစိုးရိမ်မိတဲ့အကြောင်းလဲ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။