သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ဒုက္ခသည်အရေး မြန်မာအစိုးရနဲ့ UNHCR ဆွေးနွေးဆဲ


ရခိုင်ပဋိပက္ခကြောင့် ထွက်ပြေးလာသော ဒုက္ခသည်များ
ရခိုင်ပဋိပက္ခကြောင့် ထွက်ပြေးလာသော ဒုက္ခသည်များ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့်ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ဒုက္ခသည်အရေအတွက်ဟာ သောင်းနဲ့ချီရှိနေပြီး၊ ဒီဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းဖို့လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်ကိုစွန့်ခွာထွက်ပြေးနေရတဲ့သူတွေ ကိုလည်း အကူအညီပေးလိုကြောင်း ပြောကြားလိုက်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က မွတ်စလင်အစွန်းရောက်တွေက မောင်တောဒေသက ရဲ နဲ့ လုံခြုံရေးကင်းစခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ရာကနေ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပဋိပက္ခတွေ တဖန်ပြန်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်သူတွေကို နှိမ်နှင်းဖို့အတွက် မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရာကနေ မွတ်စလင် ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပြီး ဒုက္ခသည်အရေအတွက် သောင်းနဲ့ ရှိတယ်လို့ အဲဒီမှာရှိတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရ Vivian Tan က ပြောပါတယ်။

"ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့သူအရေအတွက်ဟာ နေ့စဉ်လိုလို တိုးလာနေပြီး ခန့်မှန်းချေအားဖြင့် သောင်းနဲ့ ချီရှိပါတယ်။ တချို့သတင်းတွေအရတော့ အသစ်ရောက်လာတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၈ သောင်းလောက်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ကျမတို့အနေနဲ့တော့ ဒါကို အခုချိန်မှာတော့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ အခြေခံအားဖြင့်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားဝင်ဖွင့်ထားတဲ့ ဒုက္ခသည်စခန်း ကိုရောက်လာတာ သောင်းနဲ့ချီရှိပြီး ၊ တချို့တွေလည်း အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေမှာ နေနေကြပါတယ်။"

ဒါ့အပြင် ဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ နဲ့ အနီးကပ်လုပ်ဆောင်နေတယ်လို့ Vivian Tan က ပြောပါတယ်။

"ဒုက္ခသည်စခန်း ၂ ခုမှာရှိတဲ့ ဒေသခံအာဏာပိုင်တွေ NGO အဖွဲ့အစည်းတွေနဲ့ အတူတွဲပြီး အရေးပေါ်ခိုလှုံနိုင်မယ်နေရာတွေပေးနိုင်ဖို့ လုပ်နေပါတယ်။ အဲဒီမှာရှိတဲ့ ဒုက္ခသည်တွေကလည်း အသစ်ရောက်လာတဲ့သူတွေကိုသူတို့ရဲ့ နေရာတွေမှာ လာနေဖို့ခေါ်နေပါတယ်။ ဒါ့အပြင် ကျောင်းတွေ နဲ့ လူမှုကယ်ဆယ်ရေးစခန်းတွေဖွင့်ပေးပြီး ခိုလှုံလို့ရအောင်လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ နောက်ထပ် ရောက်လာတာကြောင့်၊ ကျမတို့မှာ နေရာအခက်အခဲတွေဖြစ်လာနေပြီး၊ နောက်ထပ် မြေနေရာ နဲ့ စားနှပ်ရိက္ခာတွေ လိုအပ်လာ နေပါတယ်။"

ဒေသတွင်း လုံခြုံရေး စိုးရိမ်ရတဲ့အခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မွတ်စလင်ဒုက္ခသည်တွေ ထွက်ပြေးကြသလို၊ ဒေသခံရခိုင်တိုင်းရင်းသားတွေလည်း အစွန်းရောက်တွေရဲ့ ရန်ကို စိုးရိမ်နေရတဲ့အတွက် နေရပ်တွေကို စွန့်ခွာထွက်ပြေးနေကြရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ထွက်ပြေးနေရတဲ့ ရခိုင်ဒေသခံတွေကို ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ အနေနဲ့ အကူအညီပေးဖို့ လုပ်ဆောင်နေသလား ဆိုတဲ့အပေါ်မှာ Ms. Vivian Tan က အခုလို ပြောပါတယ်။

"ကံမကောင်းစွာပဲ၊ အခုလက်ရှိအနေအထားမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို လူသားချင်းစာနာနဲ့ အကူအညီတွေပေးဖို့ သွားလို့မရပါဘူး ။ ဒါကြောင့် အဲဒီမှာ ဒုက္ခသည်ဘယ်လောက်ရှိပြီး၊ အကူအညီဘယ်လောက်လိုတယ်ဆိုတာ ကျမတို့မသိပါဘူး။ အကူအညီတွေပေးဖို့အတွက် အာဏာပိုင်တွေကို ကျမတို့ အကြံပြုထားပြီး၊ အဲဒီလိုဆိုရင် ကျမတို့အနေနဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို သိပြီး အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ဖြစ်မလာသေးပါဘူး။ ကျမတို့အနေနဲ့ အကူအညီတွေပေးချင်ပါတယ်။ ဒါပေမဲ့ အကူညီပေးဖို့အတွက် သွားလို့မရပါဘူး။ ကျမတို့ ရန်ကုန်ရုံးက တာဝန်ရှိသူတွေဟာ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပြီး ၊ ကျမတို့က အကူအညီလိုအပ်သူမှန်သမျှကို ဘက်လိုက်မှုမရှိဘဲ၊ ဘယ်သူကိုမဆို အကူအညီပေးနေတာဖြစ်ပါတယ်။"

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မောင်တောဒေသထဲက ဒုက္ခသည်တွေနဲ့ ပိတ်မိနေတဲ့ ရွာသားတွေကို အကူအညီပေးဖို့ ပြည်တွင်းက အကူအညီပေးရေးအဖွဲ့တွေသွားရောက်တာမှာ လမ်းမှာမိုင်းထောင်တာတွေရှိတာကြောင့် လုပ်ငန်းစဉ်တွေနှောင့်နှေးရတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ဒီပဋိပက္ခကြောင့် ၂ ဘက် ထိခိုက်သေဆုံးသူဦးရေ အရေအတွက်ဟာ ၄၀၀ ကျော်ရှိသွားပြီဖြစ်တယ်လို့ သတင်းတွေက ထုတ်ပြန်ထားပါတယ်။ ရခိုင်မြောက်ပိုင်းက လုံခြုံရေးစခန်းတွေကို ဝင်တိုက်ခဲ့တဲ့ Arakan Rohingya Salvation Army(ARSA) အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်း အစိုးရက ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG