သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ဒုက္ခသည်များကူညီရေး


သြဂုတ်လ ၂၉ ရက်နေ့က ရခိုင်ပဋိပက္ခ ကြောင့် ဒုက္ခသည်များ စစ်တွေသို့ရောက်လာစဉ်
သြဂုတ်လ ၂၉ ရက်နေ့က ရခိုင်ပဋိပက္ခ ကြောင့် ဒုက္ခသည်များ စစ်တွေသို့ရောက်လာစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ဖိအားတွေ ရင်ဆိုင်နေရချိန်မှာပဲ၊ ဒီ ဒုက္ခသည်တွေကို အတတ်နိုင်ဆုံးအကူအညီတွေ ပေးနေတယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့လည်း အကူအညီပေးဖို့ လေ့လာစုံစမ်းနေတယ်လို့လည်း ပြောပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက် တသိန်းခွဲကျော်သွားပြီလို့ ပြောပါတယ်။ ရခိုင်ဒေသ ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ နောက်ဆုံးအခြေအနေကို မခင်ဖြူထွေးက စုံစမ်းမေးမြန်း တင်ပြထားပါတယ်။

ရခိုင်ဒေသ အကြမ်းဖက် ပဋိပက္ခတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေကို ပြည်နယ်အစိုးရနဲ့ပူးပေါင်းပြီး အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်အောင် စီစဉ် ဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ အကြမ်းဖက်မှု အခြေအနေတွေကြောင့် ပြည်နယ်အတွင်း ဒုက္ခခံစားနေရသူ ဘယ်သူ့ကိုမဆို လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်အောင် ဆောင်ရွက်ပေးနေတယ်လို့ သူက ပြောပါတယ်။

“ကူညီပေးတဲ့နေရာမှာ အားလုံးကို ကူညီလို့ရအောင် ဆိုလိုတာက ကျနော်တို့ အကြမ်းဖက်ကိုတော့ ကျနော်တို့အားပေးလို့မရဘူး၊ သို့သော်လည်း ပြည်နယ်အတွင်းမှာရှိတဲ့ ဒုက္ခခံစားနေရသူတွေအားလုံး အတွက်ကိုတော့ ကျနော်တို့အနေနဲ့ ကူညီဖို့ အစီအစဉ်တွေဆောင်ရွက်နေတယ်။ အဲလိုဆောင်ရွက်တော့ ကျနော်တို့နိုင်ငံကို စေတနာရှင်နိုင်ငံတွေကနေပြီးတော့ အကူအညီပေးဖို့ဆိုပြီးတော့ ကမ်းလှမ်းလာတာတွေရှိတယ်။ ဒါမျိုးတွေနဲ့ ကျနော်တို့ကနေပြီးတော့ ဒီ Red Cross movement တခုအနေနဲ့ ကျနော်တို့ကူညီဆောင်ရွက်ဖို့ဆိုပြီးတော့ အစိုးရအနေနဲ့ ဦးဆောင်တာပေါ့နော်။ အဲဒါကတော့ ညှိနှိုင်းတုန်းပဲပေါ့နော် အခုအစည်းအဝေးတွေလုပ်နေတာပေါ့နော် ။ အခုလည်း ဒီနေ့လည်း လုပ်နေတယ်။ နောက်ပြီးရင်လည်း ကျနော်တို့တခု အစည်းအဝေး ဆက်စရာရှိပါတယ်။”

ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် စစ်တွေနဲ့ တခြား မြို့တွေရှိရာကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ရှိသလို၊ နယ်စပ်ဒေသတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြတဲ့သူတွေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခဲ့ကြသူတွေလည်း ရှိပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ကတော့ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့ကစလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာသူ ၁၆၄,၀၀၀ ရှိသွားပြီလို့ ခန့်မှန်း ပြောဆိုပါတယ်။ ဒါဟာ ခန့်မှန်းချက်သာ ဖြစ်ပြီး ဒုက္ခသည်တွေကို စိစစ်ပြီး စနစ်တကျ စာရင်းပြုစု ကောက်ယူနိုင်တဲ့ အခြေအနေတော့ မဟုတ်ဘူးလို့ UNHCR ပြောခွင့်ရ Vivian Tan က ပြောပါတယ်။

“အသစ် ထပ် ရောက်လာတဲ့သူတွေ ရှိပါတယ်။ အရေအတွက်ကတော့ နေ့စဉ် တိုးလာနေတာပါ။ ဒါပေမဲ့ ဒီအရေအတွက် က ခန့်မှန်းချက်ပဲဖြစ်ပါတယ်။ သိပ္ပံနည်းကျ ရာခိုင်နှုန်းပြည့် စာရင်း ပြုစုထားတာ မဟုတ်ပါဘူး။ ဒါကိုတော့ ကျမတို့ အမြဲတမ်း သတိပေး ထောက်ပြပါတယ်။ လက်ရှိ ဒုက္ခသည်စခန်းတွေမှာ ရှိနှင့်နေပြီးသား အရေအတွက်၊ ဒေသခံလူမှု အသိုင်းအဝိုင်းထဲမှာ ရှိနေတဲ့သူတွေ၊ ဒါတွေကိုကြည့်ပြီး အသစ်ရောက်လာတဲ့ အရေအတွက်ကို ခန့်မှန်းရတာပါ။ ဒီအထဲမှာ ကျမတို့ မသိသေးတဲ့သူတွေ၊ နယ်စပ်တွေမှာ ဆက်ပြီး ပိတ်မိနေသူတွေလည်း ရှိနိုင်ပါတယ်။ လက်ရှိ ကျမတို့ ခန့်မှန်းတဲ့အရေအတွက်ကတော့ ၁၆၄,၀၀၀ ပါ။ တကယ်တမ်း ဒုက္ခသည်တွေကို စနစ်တကျ စိစစ်ပြီး စာရင်းပြုစုနိုင်တဲ့ အခြေအနေမျိုး ရှိမယ်ဆိုရင်တော့ အရေအတွက် ပိုပြီး တိတိကျကျ သိနိုင်ပါလိမ့်မယ်။ အသစ် ရောက်လာသူတွေထဲမှာ ဒုက္ခသည်တွေအပြင် တခြားဘယ်လိုလူတွေ ရောနှောပါနေသလဲ ဆိုတာကိုလည်း စိစစ်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း စာရင်း စိစစ် ကောက်ယူတာတွေ လုပ်နိုင်အောင် အစိုးရအာဏာပိုင်တွေကို ကျမတို့ တိုက်တွန်း တောင်းဆိုနေပြီး လုပ်နိုင်ဖို့လည်း မျှော်လင့်ပါ တယ်။ ဒါက အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေကို စိစစ် ခွဲခြား နိုင်ယုံမက အကူအညီတွေကိုလည်း ပိုပြီးတော့ ထိထိရောက်ရောက် ပေးနိုင်စေမှာ ဖြစ်ပါတယ်။”

UNHCR ရဲ့ ခန့်မှန်းထားသလို နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေတဲ့ ဒုက္ခသည် တသောင်းခွဲကျော် ရှိနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်ကလည်း ဒီစာရင်းတွေကို လေ့လာစုံစမ်းနေပြီးတော့ ဒုက္ခရောက်နေသူတွေကို ကူညီပေးနိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

“ပြန်ပြီးတော့ စိစစ်ရမှာပေါ့နော် အခုလက်တလောကတော့ ကျနော်တို့ကနေပြီးတော့ အခုလက်ရှိ ကျနော်တို့နိုင်ငံမှာရယ်၊ နယ်စပ်ကိုလည်းရောက်နေတယ်လို့ပြောတော့ ဒီစာရင်းတွေကို ကျနော်တို့အနေနဲ့ လေ့လာစုံစမ်းနေတယ်၊ အဲဒီတော့ နယ်စပ်ကိုရောက်နေတဲ့လူတွေလည်းရှိတယ်။ နောက်ပြီးတော့ ပြည်နယ်အတွင်းမှာလည်း အဲလိုပဲ ဒုက္ခရောက်တဲ့လူတွေရှိတယ်ပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘယ်လိုကူညီဆောင်ရွက်မလဲ ဆိုတာအတွက်ကို ကျနော်တို့ဆွေးနွေးနေတာလေ၊ ဆိုတော့ အဲဒီလူတွေအကုန်လုံးကို ကျနော်တို့ကနေပြီးတော့ ကူညီထောက်ပံ့တာတွေလုပ်မယ် အဲဒီအစီအစဉ်တွေ အခုလည်းလုပ်နေတယ်။ နောက်ပြီးတော့ ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ဆိုပြီး အစီအစဉ်တွေလုပ်နေတယ်။”

ဒုက္ခသည်တွေအရေးနဲ့ လူသားချင်းစာနာကူညီရေးကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေ ကလည်း မြန်မာအစိုးရကို ဖိအားပေးမှုတွေ ရှိနေတာပါ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကလည်း ဒုက္ခသည်တွေ အခုလို ထွက်ပြေးနေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ဟန့်တားဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပါတယ်။

“ရခိုင်ပြည်နယ်တွင်း ဖြစ်ပျက်နေတဲ့အခြေအနေတွေဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးဆိုတာကို ဖိအားပေး ထောက်ပြဖို့ အက်မတန် အရေးကြီးပါတယ်။ ရိုဟင်ဂျာတွေအပေါ် ပြုမှုနေတာတွေဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ဒီအခြေအနေကို ဟန့်တားဖို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်မှုတွေကို ကြားဝင်ဖိအားပေးနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

အခု ဒုက္ခသည်တွေအတွက် ဗြိတိန်အစိုးရက အကူအညီပေးသွားမယ်လို့လည်း ဝန်ကြီး Boris Johnson က ပြောသွားပါတယ်။ မြန်မာနိုင်ငံ ရှေ့ဆက် တိုးတက်ရေး အတွက်လည်း အရပ်သားအစိုးရကို ဆက်လက် ကူညီ ထောက်ပံ့သွားမှာဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကို စစ်တပ်ကအသုံးချပြီး အာဏာပြန်သိမ်းတာမျိုး မဖြစ်ဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုနောက်ပိုင်းမှာ ရခိုင် မောင်းတောခရိုင်တခုလုံးကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ပြီး၊ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ကြမ်းဖက်သမား တွေကို နှိမ်နင်းတဲ့ ဒီ စစ်ဆင်ရေးတွေကို အရပ်သားထိခိုက်မှုတွေမရှိအောင် ထိန်းထိန်းသိမ်းလုပ်ဆောင်ဖို့ တိုက်တွန်းနေပါတယ်။

ရခိုင်ပဋိပက္ခ ဒုက္ခသည်များကူညီရေး
please wait

No media source currently available

0:00 0:05:20 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG