သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း လုံခြုံရေး ထိန်းချုပ်လာနိုင်ပြီ


လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ
လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံရတာ သီတင်း၂ပတ်နီးပါးကြာမြင့်လာချိန်မှာ လုံခြုံရေးအခြေအနေကို ထိန်းချုပ်နိုင်လာပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ မောင်တောမြို့ခံတဦးကတော့ ဒေသခံတိုင်းရင်းသားတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြဆဲရှိတယ်လို့ ပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက သြဂုတ်လ ၂၅ရက်နေ့က လုံခြုံရေးစခန်း ၃၀လောက်ကိုအကြမ်းဖက်သမားတွေကတိုက်ခိုက်ခဲ့တာကြောင့် မတည်မငြိမ်ဖြစ်ခဲ့တဲ့အခြေအနေကို အခုအခါမှာ စတင်ထိန်းချုပ်လာနိုင်ပြီဖြစ်ပါတယ်။

လက်ရှိ လုံခြုံရေးအခြေအနေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးတင်မောင်ဆွေက အခုလို ပြောပါတယ်။

“လုံခြုံရေးကတော့ ကျနေ်ာတို့ ထိန်းချုပ်နိုင်ပါပြီ။ ဘင်္ဂါလီတွေကတော့ သူတို့ အိမ်တွေကို မီးရှို့ပြီးတော့ ထွက်ပြေးနေတဲ့ကိစ္စတွေ၊ နောက်မီဒီယာကနေပြီးတော့ တပ်ကနေပြီးတော့ လိုက်ပြီးတော့ ပစ်ခတ်နေပါတယ်။ သတ်ဖြတ်နေပါတယ်ဆိုပြီးတော့ လုပ်နေတဲ့ အပိုင်းရှိတယ်။ နောက်တခုက နယ်စပ်ဒေသတွေမှာလည်း အကြမ်းဖက်အဖွဲ့တွေ ထပ်ပြီးတော့ ဝင်မယ် ထွက်မယ် တိုက်မယ်ဆိုတဲ့ ကောလာဟလတွေကတော့ အစဉ်မပြတ်ထုတ်လွှင့်နေပါတယ်။ ”

မောင်တောဒေသဖက်ကို ရောက်ရှိနေတဲ့ သတင်းမီဒီယာအဖွဲ့တွေကတော့ ဒီကနေ့မှာ ဂေါ်ဒူသာရရွာနဲ့ အလယ်သံကျော်ရွာတွေမှာ မီးလောင်နေကြောင်း ရုပ်သံသတင်း တင်ပြတာတွေလည်း ရှိနေပါတယ်။

မောင်တောမြို့က အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့ဝင်တဦးကလည်း သူတို့ မြို့အခြေအနေကို အခုလို ပြောပါတယ်။

“ မောင်တောအခြေအနေကတော့ အခုက နည်းနည်းတည်ငြိမ်တဲ့အခြေအနေရောက်နေပါတယ်။ အကြမ်းဖက်မှုကတော့ ရှိတယ်။ဒါပေမဲ့ နည်းတယ်။ အရင် တရက်နှစ်ရက်ကတော့ ဘင်္ဂါလီတွေဖက်က လှမ်းလို့ ပစ်တာတွေဘာတွေ ရှိခဲ့တယ်။ အခုတော့ အဲဒီပစ်တာတွေက ရှိတယ်လို့ အသံမကြားရတော့ဘူး။ ရခိုင်ကျေးရွာတွေ အကုန်လုံးကတော့ ထွက်ပြေးနေကြတာပဲ။ လူနေအိမ်ခြေနည်းတဲ့ ကျေးရွာတွေက စိတ်မချရဖြစ်ပြီး ကျေးရွာကြီးတွေကို သွားပြီးတော့ ပေါင်းကြရတာတွေ ရှိတယ်။ မြို့ပေါ်က လူတော်တော်များများကတော့ ကျောက်တော်က၊ စစ်တွေဖက်တွေကို ရောက်နေကြတယ်။ မြို့ပေါ်မှာ လူ ၃ပုံ ၁ပုံလောက်တော့ ရှိတယ်။”

Facebook နဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ အစ္စလာမ်ဘာသာဝင်တွေက နေအိမ်တွေ မီးရှို့တဲ့ ဓါတ်ပုံတချို့ ဖော်ပြကြတာတွေ ရှိနေသလို ဒါတွေဟာ အတုအယောင်တွေဖြစ်ကြောင်း တုံ့ပြန်ငြင်းဆိုတာတွေလည်း ရှိနေပါတယ်။ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်အရေးနဲ့ တရားဥပဒေစိုမိုးရေးဆိုင်ရာ ရှင်းလင်းတဲ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သွေးထိုးလှုံဆော်သူတွေကို အချိန်မီဟန့်တားဖို့၊ တရားဥပဒေနဲ့ အညီအရေးယူဖို့ အတွက် ညွှန်ကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးတင်မောင်ဆွေကအကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့နောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ တိုင်းရင်းသား ၁သောင်း ၇ထောင်ကျော်လောက်ရှိကြောင်း နဲ့ စစ်တွေမြို့မှာ ၄ထောင်ကျော်လောက် ရောက်ရှိနေကြောင်းပြောဆိုပါတယ်။

ကုလသမဂ္ဂကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအစ္စလာမ်ဘာသာဝင် ၁သိန်း၄သောင်းလောက် ရောက်ရှိနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG