သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခကြောင့် ဒုက္ခရောက်သူအားလုံးကို စောင့်ရှောက်မည် - ဒေါ်အောင်ဆန်းစုကြည်


 နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘေးဒုက္ခတွေ့ရသူတွေ နိုင်ငံသားတွေရော၊ နိုင်ငံသား မဟုတ်သူတွေ အားလုံးကိုပါ အစိုးရ အနေနဲ့ စောင့်ရှောက်ဖို့ တာဝန်ရှိပြီး အကောင်းဆုံး ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာဘဲ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးသူတွေကို စိစစ်ဖို့ မြန်မာဘက်က စုံစမ်းရေး အဖွဲ့တဖွဲ့ စေလွှတ်ဆောင်ရွက်နေကြောင်း အမျိုးသား လုံခြုံရေး အကြံပေးက ပြောဆိုပါတယ်။မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင် ဒေသတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သက်ရောက်ရသူတိုင်း အပေါ် အစိုးရဘက်က စောင့်ရှောက်ရမယ့် တာဝန်ရှိတာနဲ့ အတူ အကောင်းဆုံး ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။

"ကျမတို့ရဲ့ နိုင်ငံသားတွေကို စောင့်ရှောက်ရပါမယ်၊ နိုင်ငံသား ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျမတို့ နိုင်ငံတွင်းက လူတွေ အားလုံးကိုလည်း စောင့်ရှောက်ရပါမယ်။ ဒါက ကျမတို့ရဲ့ တာဝန်ဖြစ်ပြီး အကောင်းဆုံး ဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ သူတို့ကို အပြည့်အ၀ စိတ်တိုင်းကျ ဆောင်ရွက်ပေးနိုင် လောက်အောင်တော့ ကျမတို့မှာ အရင်းအမြစ်တွေ မပြည့်စုံပါဘူး။ ကျမတို့ အကောင်းဆုံး ကြိုးစား ဆောင်ရွက်နေပြီး လူတိုင်း လူတိုင်း ဥပဒေရဲ့ အကာအကွယ်ရစေဖို့ ကျမတို့ အသေအချာ ဆောင်ရွက်လိုပါတယ်။"

အကြမ်းဖက် ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင် ဒေသတွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေလို့ ခေါ်ကြသူတွေဟာ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးကြရသူ ၁သိန်းခွဲကျော် ရှိလာပြီလို့ ကုလသမဂ္ဂက ခန့်မှန်းထားကြတာပါ။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို သတင်းစာ ရှင်းလင်းပွဲမှာ မသုံးခဲ့ပါဘူး။

ရခိုင်ပဋိပက္ခကို ဖြေရှင်းနိုင်ရေး အတွက် အရင်းအမြစ် မလုံလောက်မှုက အခက်အခဲကြီး တရပ်အနေနဲ့ ရှိနေပြီး တတ်နိုင်သမျှ အမြန်ဆုံး ဖြစ်အောင် ဆောင်ရွက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ ငြိမ်းချမ်းရေးနဲ့ သဟဇာတရှိလာရေး အတွက် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကိုလည်း အကောင်အထည် ဖော်နေပြီး တချိန်တည်း တပြိုင်တည်းနဲ့တော့ အားလုံး အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပါတယ်။

ဘူးသီးတောင်၊ မောင်တော ဒေသတွင်းကနေ နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေရှ့်ဘက်ကို နေ့စဉ်ဆိုသလို လူတွေ ထွက်ပြေးလာနေရတဲ့ အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေနဲ့ မြန်မာ အစိုးရ ရင်ဆိုင်နေရတာပါ။ သတင်းနှစ်ပတ် အတွင်း ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာသူပေါင်းက တသိန်းခွဲကျော် ရှိပြီဆိုပြီး ကုလသမဂ္ဂဘက်က ခန့်မှန်းပြောဆိုထားတာပါ။ ဒါတွေကို စိစစ်ဖို့ အတွက် မြန်မာဘက်က စုံစမ်းရေး အဖွဲ့တခု စေလွှွတ်ထားပြီလို့လည်း အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

"ကော့ဇ်ဘဇားကို စုံစမ်းရေး အဖွဲ့တခု စေလွှွတ်ထားပါတယ်။ နောက်ပြီး သူတို့ကို နိုင်ငံတကာရဲ့ အကာအကွယ်အောက်ကနေ မြန်မာနိုင်ငံကို ပြန်လာပြီး တရားရုံးမှာ အမှုဖွင့်ဖို့ ၊ နောက် သက်သေ အထောက်အထားတွေ တင်ပြဖို့ ပြောနေပါတယ်။ အမှားအယွင်း တွေ့ရင် မမှန်မကန် လုပ်တဲ့သူကို အရေးယူမှာပါ။ ဘယ်သူ တဦးတယောက်မှ တရားဥပဒေ အထက်မှာ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဘယ်သူမှ တရားဥပဒေ အထက်မှာ မရှိပါဘူး။ ဒါပေမယ့် အထောက်အထား ရှိရပါမယ်။ ဒီလို လုပ်ပါတယ်ဆိုတဲ့ သက်သေတွေ ပေးရပါမယ်။ စွပ်စွဲပြောဆိုချက်တွေနဲ့တင် မလုံလောက်ပါဘူး။"

မနေ့က ပြုလုပ်တဲ့ ရခိုင်အရေး သတင်းစာ ရှင်းလင်းပွဲမှာတော့ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ကမ္ဘာတဝန်းမှာ သတင်းမှားတွေ ဖြန့်နေတယ်ဆိုပြီး ကန့်ကွက် ရှုတ်ချသွားပါတယ်။ တူရကီ ဒုတိယ ဝန်ကြီးချုပ်က ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမှု အဖြစ်တွစ်တာ လူမှုကွန်ယက်မှာ တင်ခဲ့ပြီးနောက် မြန်မာနိုင်ငံက ပုံတွေ မဟုတ်ရပါဘူးဆိုပြီး ပြန်လည် တောင်းပန်ပြီး ပြန်ဖြုတ်ခဲ့ရာကိုလည်း အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ရည်ညွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG