သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုံခြုံရေး အကြံပေး ရှင်းလင်းချက်တချို့ အပေါ် တုံ့ပြန်မှု


ARSA အစွန်းရောက် အကြမ်းဖက် အုပ်စုဟာ ရခိုင်ပြည်နယ်ထဲမှာ သီးခြား မွတ်ဆလင်ပြည်နယ် တခု ထူထောင်ဖို့ ရည်ရွယ်ကြိုးပမ်း ခဲ့တယ်လို့ မြန်မာ အမျိုးသားလုံခြုံရေး အကြံပေး ပုဂ္ဂိုလ်က ပြောဆိုလိုက်ပြီး ကမ္ဘာ့မီဒီယာတွေက ရခိုင်ကိစ္စ ရေးသားမှုတွေဟာ သတင်းမှား အများစု ဖြစ်နေတာ အတွက် စိတ်ပျက်မိကြောင်းလည်း သူကပြောပါတယ်။

ဒီပြသနာတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် သတင်းမှန်တွေကို ကမ္ဘာက ပိုသိလာအောင် လုပ်ဖို့လိုတယ်လို့ သမိုင်းပညာရှင် တဦးကလည်း သုံးသပ်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ရခိုင်မြောက်ပိုင်း မေယုဒေသလို့ ခေါ်တဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ဒေသမှာ သီးခြား မွတ်ဆလင် ပြည်နယ်တခု ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ ARSA အစွန်းရောက် အကြမ်းဖက်အုပ်စုက ကြိုးပမ်းခဲ့တယ်လို့ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက စက်တင်ဘာ (၆)ရက်နေ့ နေပြည်တော်မှာ လုပ်တဲ့ နိုင်ငံတကာ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ အခုတခေါက် တိုက်ခိုက်မှုကို ကြည့်ရင် အစွန်းရောက် အကြမ်းဖက် အုပ်စုက ရခိုင်ဒေသကို မြန်မာနိုင်ငံ ကနေ ခွဲထွက်ပြီး မွတ်ဆလင် သီးခြား နယ်မြေတခု ထူထောင်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်း လာတယ်ဆိုတာ ထင်ရှားပါတယ်။”

နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်ရေး ICG ရဲ့ စစ်တမ်းအရ ARSA အုပ်စုကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ဖွဲ့စည်း လေ့ကျင့်လာခဲ့တာ ဖြစ်ပြီး ဒီအဖွဲ့ကို ပါကစ္စတန်မှာ မွေးပြီး ဆော်ဒီအာရေးဗျ နိုင်ငံမှာ ကြီးပြင်းတဲ့ Atuullah Abu Ammar Jununi ဆိုသူက ဦးဆောင်ခဲ့တာပါ။ အစောပိုင်းမှာ “Ha Y” (Harakah Al-Yaqin) ဆိုတဲ့အမည်ကို သုံးခဲ့ပြီး နောက်ပိုင်း ARSA အဖွဲ့အဖြစ် ရပ်တည်ခဲ့ကာ ၂၀၁၆ အောက်တိုဘာ လ မှာ မောင်တောဒေသ တဝိုက် နယ်ခြားစောင့် ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ကာ အခုတခေါက် ၂၀၁၇ သြဂုတ်လကုန်ပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။

ရခိုင်မြောက်ပိုင်း မေယုဒေသမှာ အစ္စလာမ်ဘာသာရေး သီးသန့်နယ်မြေတခု ထူထောင်ဖို့ကို ဒုတိယကမ္ဘာစစ် ကာလတည်းက ကြိုးပမ်းခဲ့တဲ့ သမိုင်းရှိခဲ့ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာနေထိုင်တဲ့ သမိုင်းပညာရှင် ဒေါက်တာအောင်ခင်က ပြောပါတယ်။

“ သူက သမိုင်းအစဉ်အလာ အရတော့ ဗမာပြည်မှာ ဒီဂျပန်ခေတ် ကတည်းက အဲဒီနေရာမှာ မွတ်ဆလင်ဒေသ တည်ထောင်ဖို့ ကြံစည်ခဲ့ဘူးတာဘဲ။ ဒီအိန္ဒိယ လွတ်လပ်ရေး လှုပ်ရှားမှုမှာ ဒီ ဘင်္ဂလားဒေ့ရှ် မပေါ်သေးဘူး။ ပါကစ္စတန်ပဲ ရှိသေးတယ်။ ဒီ ပါကစ္စတန်မှာ သူက ခွဲထွက်ဖို့ ရခိုင်ဘက်က မွတ်ဆလင်က သူ့နိုင်ငံ မွတ်ဆလင်နိုင်ငံ တည်ထောင်ဖို့ ကြိုးစားတော့ ပါကစ္စတန်က လက်မခံဘူး။ ဒါနဲ့ သူတို့ အဲဒီကိစ္စ ပျက်သွားတာ။ မအောင်မြင်ဘူး။ အဲဒီတုန်း ကတော့ ရိုဟင်ဂျာတွေ ဘာတွေ နာမည် မသုံးသေးပါဘူး။ မူဂျာဟစ်ဒင် မူဂျာဟစ် သူပုန်ထပြီးတော့ နောက် ပျောက်သွားတယ် ဒါပဲ။ ”

ကမ္ဘာ့ အခင်းအကျင်းမှာ IS အစ္စလာမ် အစွန်းရောက်တွေ အရှေ့အလယ်ပိုင်းမှာ အခြေကုတ်ယူဖို့ ခက်လာတာကြောင့် မြန်မာအပါအဝင် အရှေ့တောင် အာရှဘက်ကို ခြေဦးလှည့် လာကြတယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေတာပါ။ ဒီအပေါ်မှာ ဒေါက်တာအောင်ခင်ရဲ့ အမြင်ကတော့

“ ဒီ မွတ်ဆလင် အစွန်းရောက် သြဇာရှိဖို့ ကိစ္စက မြန်မာပြည်ကတော့ သိပ်အလားအလာ မရှိပါဘူး။ သူတို့ သြဇာ လွှမ်းမိုးနိုင်မယ့် နေရာ ချဲ့ထွင်ဖို့ ရည်ရွယ်ချက်ရှိပုံ ရပါတယ်။ ဒီရည်ရွယ်ချက်နဲ့ ဖိလစ်ပိုင်တို့ ဘာတို့ အင်ဒိုနီးရှားတို့ ဘာတို့မှာ လုပ်တယ်။ ဒါပေမယ့် ဒီဥစ္စာ အလားအလာ သိပ်မရှိပါဘူး။ သူတို့ မွတ်ဆလင်နိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှားတို့ မလေးရှားတို့ မှာတောင် ဒါမျိုး လုပ်လို့မရဘူး။ ”

ရခိုင်ဒေသနဲ့ ပတ်သက်လို့ သတင်းမှားတွေနဲ့ တကမ္ဘာလုံးမှာ ဝါဒဖြန့် လှုံ့ဆော်နေတာကို တွေ့ရတဲ့အတွက် စိတ်ပျက် ဝမ်းနည်းမိကြောင်း၊ ပုံနှိပ်မီဒီယာတွေနဲ့ အသံလွှင့် မီဒီယာတွေက တဆင့် ရခိုင်အခြေအနေ သတင်းမှား တွေကို ဖြန့်နေသလို၊ လူမှုကွန်ယက် မီဒီယာတွေမှာပါ သတင်းမှားတွေ ဖြန့်နေတာကြောင့် လူတွေကို ထင်ယောင်ထင်မှား ဖြစ်စေပြီး၊ ဒီလို လုပ်ရပ်မျိုးကို လုံး၀ လက်မခံနိုင်ဘူးလို့ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ပြောခဲ့တာပါ။ ဒီလို ငြင်းချက်ထုတ်နေရုံနဲ့ ပြဿနာ ဖြေရှင်းရာ မရောက်ဘူးလို့ ဒေါက်တာအောင်ခင်က ပြောဆိုလိုက်ပါတယ်။

“ အစိုးရကပြောတယ် ရခိုင် ဘင်္ဂလီဘက်က နေပြီးတော့ သူတို့ ဝါဒဖြန့် တိုက်ပွဲဟာ ထိရောက်သလို ဖြစ်နေတယ်။ သူတို့က အင်္ဂလိပ်လို ရေးတဲ့သားတဲ့ သူတွေ သူတို့ဘက်က များတယ်။ ရိုဟင်ဂျာဘက်က နေပြီးတော့ အခု အားလုံး လူ့အခွင့်အရေးတို့ ဘာတို့ ဒီအင်္ဂလိပ် စာနယ်ဇင်းတွေကပါ လိုက်ရေး နေတော့ ရိုဟင်ဂျာမှာလည်း သူတို့ဘက်က ရေးကြတယ်။ အဲတော့ သူတို့ကတော့ ငိုပြနိုင်တဲ့လူတွေ ဆင်းရဲကြောင်း ပြနိုင်တဲ့လူတွေ ဆိုတော့ နောက်ဆုံး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဝါဒဖြန့်တိုက်ပွဲကတော့ ဒီအနောက်တိုင်းနိုင်ငံမှာ တော်တော် စူးစူးရှရှဝင်နေတယ်။

ဝါဒဖြန့်တိုက်ပွဲကို ကုလသမဂ္ဂ ကလည်း လက်ခံတယ်။ နောက်ဆုံးပိတ် အသုံးအနှုန်းက စပြီးဗျာ စာနယ်ဇင်းတွေကလည်း လက်ခံတယ်။ ဒီဗမာဘက်ကတော့ ဒါမျိုးမဟုတ်ဘဲနဲ့ သူတို့လုပ်တာကို လိုက်ပြီးတော့ ချေပနိုင်တဲ့ အဆင့်ပဲ ရှိတော့ ဗမာဘက်ကလည်း ဒါမျိုးရေးပြဖို့ လိုတယ်။ သူတို့ရဲ့အဖြစ်မှန်က ဘယ်လို ဆိုတာကို သူတို့လိမ်ရင်လည်း ဘယ်လိုလိမ်တယ် ဆိုတာမျိုးကို အတိအကျ အင်္ဂလိပ်လို ရေးပြဖို့လိုတယ်။ ကမ္ဘာ့စာနယ်ဇင်းကို ထိသွားအောင်။ အဲတော့ အဲဒါမျိုးကို အင်္ဂလိပ်လို မရေးဘဲနဲ့ ဗမာပြည်မှာတင် လျှောက်ပြီးတော့ အော်နေရင် ဒီဥစ္စာက ဟို ဝါးလုံးခေါင်းထဲ လသာသလို ဖြစ်နေမယ်။ ကမ္ဘာက လက်ခံမှာ မဟုတ်ဘူး။ ”

ရခိုင်အရေးနဲ့ ပတ်သက်လို့ ဒါတွေကို အကြမ်းဖက်မှု ဥပဒေအရ ကာကွယ်သွားမယ်၊ ကိုယ့်နိုင်ငံပိုင်နက်နဲ့ နိုင်ငံသားတွေအတွက် အကာကွယ် ပေးသွားမယ်၊ ဒါပေမယ့် လုံခြုံရေးအင်အား အသုံးပြုတဲ့ အခါမှာတော့ အစွမ်းကုန် ထိန်းသိမ်း ဆောင်ရွက်သွားမယ်လို့ ဦးသောင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG