သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမြို့ကြီးတချို့မှာ အကြမ်းဖက်တိုက်ခိုက်မယ့်အန္တရာယ် အစိုးရသတိပေး


ခရိုင်အုပ်ချုပ်ရေးရုံးအနီး လုံခြုံရေးတဦး
ခရိုင်အုပ်ချုပ်ရေးရုံးအနီး လုံခြုံရေးတဦး

ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေမှာ အကြမ်းဖက်မှုတွေ ကျုးလွန်နေ တယ်လို့ဆိုတဲ့ ARSA စစ်သွေးကြွအုပ်စုဟာ မြန်မာနိုင်ငံတွင်းက မြို့ကြီးပြကြီးတွေမှာပါ တိုက်ခိုက်ဖို့ ကြံစည်နေကြောင်း မြန်မာစစ်တပ်နဲ့ အစိုးရက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ မကြာသေးခင်ကစလို့ တကျော့ပြန် ကြီးထွားလာတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခတွေမှာ စစ်တပ်က အင်အားသုံး ဖြေရှင်းနေတဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ အခုလို သတိပေးချက် ထွက်ပေါ်လာခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ နန်းလောဝ် က တင်ပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသက မတည်မငြိမ် အခြေအနေတွေနဲ့ ဆက်နွယ်ပြီး၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ အကြမ်းဖက်ဝါဒီတွေက တိုက်ခိုက်ဖို့ ကြံစည်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပမယ့် ဒီလထဲမှာပဲ အချိန်ကိုက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ပြည်ပနိုင်ငံတခုမှာ စီစဉ်နေကြောင်း ပြောဆိုခဲ့ပေမဲ့၊ ဘယ်နိုင်ငံဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုမထားပါဘူး။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကလည်း အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်အတွက် သတိထားဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားထားပြီး ဖြစ်သလို၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးမယ့် အန္တရာယ်တွေကို ရှောင်ရှားဖို့ နှိုးဆော်တဲ့ ကြေညာချက် တရပ်ကိုလည်း ထုတ်ပြန်ခဲ့တာပါ။

အကြမ်းဖက်တိုက်ခိုက်သူတွေကို နှိမ်နှင်းဖို့အတွက် မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရာကနေ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ပြီး လွန်ခဲ့တဲ့ ၁၂ ရက်တာကာလအတွင်း ရောက်ရှိလာတဲ့ ဒုက္ခသည်အရေအတွက် တသိန်း နှစ်သောင်းကျော်ရှိနေတယ်လို့အဲဒီမှာရှိတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရ Vivian Tan က ပြောပါတယ်။

"ကျမတို့အနေနဲ့ စိုးရိမ်ချက်အတော်များများရှိပါတယ်။ ဦးစားပေးလုပ်ရမယ့် အချက်တွေလို့ ဆိုရမှာပေါ့။ ထိပ်ဆုံးဦးစားပေးကတော့ဒီလူတွေအတွက် အရေးပေါ်နေရာထိုင်ခင်း စီစဉ်ပေးဖို့ပါ။ အိမ်တွေရော ပိုင်ဆိုင်သမျှ အရာရာဆုံးရှုံးခဲ့တဲ့ ဒီလူတွေရဲ့ ခေါင်းပေါ်မှာ အနည်းဆုံးခေါင်မိုးတခုတော့ရှိဖို့လိုပါတယ်။ လက်ရှိ ဒုက္ခသည်စခန်းမှာ သူတို့တွေကို နေရာချထားပေးဖို့ ကျမတို့ လုပ်ကိုင်နေပါတယ်။ ဒါပေမယ့် အခြားနေရာတွေမှာလည်း ယာယီ စခန်းတွေ ဆောက်ဖို့လည်း သိပ်လိုအပ်နေပါတယ်။ နောက်တခုကတော့ သူတို့တွေအတွက် အစားအသောက်ပါ။ နောက်ရောက်လာတဲ့ ဒုက္ခသည်တွေကို ဒေသခံ NGO တွေ၊ ဒုက္ခသည်တွေနဲ့ပူးပေါင်းပြီး ကျွေးမွေးသွား ဖို့ပါ။"

ရာနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းဒုက္ခသည်တွေ နေ့စဉ်ဝင်ရောက်လာနေတာကြောင့် နေရာထိုင်ခင်း အခက်အခဲတွေရှိနေပြီး နောက်ထပ်ရောက်လာတဲ့သူတွေကို အရင်ရောက်နှင့် ပြီးသား ဒုက္ခသည်မိသားစုတွေ၊ ကျောင်းတွေ၊ အကာအရံရှိတဲ့ အဆောက်အအုံတွေ မှာပါ နေရာချထားပေးရတယ်လို့လည်း UNHCR က သတင်းထုတ်ပြန် ထားပါတယ်။ နောက်ရောက်လာတဲ့ဒုက္ခသည်များ ဟာလမ်းတလျှောက် အစာရေစာ ပြတ်လပ်ခဲ့လို့ ကျန်းမာရေးအခြေအနေဆိုးရွား နေကြတယ်လို့လည်း Vivian ကပြောပါတယ်။ ကနေဒါနိုင်ငံအခြေစိုက် စီးပွားရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ Vijay Sappani ကတော့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ မြန်မာစစ်တပ်ရဲ့ ကိုယ်တွယ်ပုံတွေကြောင့် ပြဿနာတွေ ပိုမိုကြီးထွားလာနိုင်တယ်လို့ သတိပေးပါတယ်။

“အဓိက အာရုံစိုက်ရမှာက စစ်တပ်ပါ။ အနောက်နိုင်ငံတွေနဲ့ မီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုဖို့ တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် သိတဲ့အတိုင်း သူ့အနေနဲ့ စစ်တပ်ကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ အနောက်နိုင်ငံတွေ လုပ်သင့်တာကတော့ မြန်မာစစ်တပ်အပေါ် ဖိအားတွေ စတင်တိုးမြှင့်ဖို့ပါ။ ပဋိပက္ခတွေ ကြီးထွားမလာအောင် ဒေသတွင်းမှာ အရေးပါတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့လို နိုင်ငံတွေ အနေနဲ့လည်း မြန်မာစစ်တပ်ကို ဖိအားပေးဖို့လိုပါတယ်။”

တူရကီသမ္မတ Recep Tayyip Erdogan ကတော့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ကို တယ်လီဖုန်းဆက်ပြီး စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။ မကြာသေးခင်က ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံဘက်က ဒုက္ခသည်ပေါင်း တသိန်းကျော် ထွက်ပြေးခဲ့တယ်လို့ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း တူရကီနိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်မှာ ဖြစ်ကြောင်းလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးအကဲခတ် Vijay Sappani ကတော့ အမေရိကန်လို အင်အားကြီး နိုင်ငံတွေ အနေနဲ့လည်း မြန်မာ့နိုင်ငံက ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ဦးဆောင်ပါဝင်သင့်တယ်လို့ ဆိုပါတယ်။

“အမေရိကန် အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ လုပ်ခဲ့သလိုပဲ ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေလုပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တယောက်ကို ရှာသင့် ပါတယ်။ ဒီတကြိမ် ပြောဆိုမှုတွေမှာတော့ ခြားနားမှုတွေ ရှိပါလိမ့်မယ်။ စစ်တပ်အနေနဲ့ ကတိပေးထားတာနဲ့ လက်တွေ့လုပ်ရပ် ညီမညီဆိုတာကို တာဝန်ခံမှုရှိအောင် လုပ်ရပါလိမ့်မယ်။ အမေရိကန် အနေနဲ့ အထူးသဖြင့် ရိုဟင်ဂျာနဲ့ ဒုက္ခသည်အရေးနဲ့ အရပ်သား ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကိုယ်တွယ်ပုံတွေကို အထူးသဖြင့် အာရုံစိုက်ရပါလိမ့်မယ်။"

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးသူတွေ နေ့စဉ် တိုးလာနေ သလို မြန်မာအစိုးရရဲ့ နယ်မြေရှင်းလင်းရေးလုပ်ရပ်အပေါ် မွတ်ဆလင်အသိုင်းအဝိုင်းက ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ပြည်ပ နိုင်ငံမြို့ကြီးတွေမှာ ပြုလုပ် နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG