သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံ အနောက်မြောက်ဒေသ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့လက ပဋိပက္ခတွေ ဖြစ်ပွါးခဲ့အပြီး ဒုက္ခသည် ၁၂၃၀၀၀ လောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတယ်လို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က ဒီကနေ့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလို ပဋိပက္ခတွေ ဆက်ဖြစ်နေတာကြောင့် လုံခြုံရာကို ထွက်ပြေး ခိုလှုံရင်း အရပ်သားတွေ သေဆုံးနေတဲ့အပေါ် UNHCR အနေနဲ့ အထူး စိုးရိမ်မိတယ်လို့ UNHCR ပြောခွင့်ရ Duniya Aslam က ဒီကနေ့ ဂျနီဗာက သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်ကို ပြောကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ထွက်ပြေးခိုလှုံလာသူတွေရဲ့ အနေအထားဟာ ဆိုးရွားနေတယ်လို့လည်း ဆိုပါတယ်။

ထွက်ပြေးလာသူအများစုဟာ သူတို့နေအိမ်တွေကနေ ရက်ပေါင်းအတော်ကြာ လမ်းလျှောက်ထွက်ပြေးလာကြပြီး တောတောင်ထူထပ်တဲ့ ဒေသတွေကို ဖြတ် လာကြရတာကြောင့် အားအင်ချည့်နဲ့ပြီး ကျန်းမာရေးဆိုးရွားနေသလို ဆာလောင် မွတ်သိပ်နေကြ တယ်ဆိုပြီး ဒုက္ခသည်တွေရဲ့ အခြေအနေကို ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အခုလို ပဋိပက္ခတွေ ဖြစ်ပွါးနေတာနဲ့ ပတ်သတ်ပြီး မြန်မာအစိုးရအပေါ် ဒေသတွင်း နိုင်ငံတချို့မှာ ဆန္ဒပြနေကြပါတယ်။

လာမယ့် သောကြာနေ့မှာအင်ဒိုနီးရှားနိုင်ငံ ဂျာဗာကျွန်းအလယ်ပိုင်းက Borobudur ကျောင်းတော်မှာ အစ္စလာမ်အဖွဲ့တွေကမြန်မာအစိုးရအပေါ် ကန့်ကွက်ဆန္ဒပြပွဲ ကျင်းပမှာကိုတော့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က တားမြစ်ထားတယ်လို့ ဆိုပါတယ်။ ခရီးသွားတွေကြား ရေပန်းစားတဲ့ ၉ ရာစုနှစ်က ဗုဒ္ဓ ဘုရားကျောင်းတော်အနီးမှာ မြန်မာနိုင်ငံက ဘာသာရေး၊ လူမျိုးရေးအရ ခွဲခြားဖိနှိပ်မှုတွေကို ရပ်ပစ်ဖို့ တောင်းဆိုကြမှာဖြစ်တယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတွေက ပြောပါတယ်။

Borobudur ကျောင်းတော်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အမွေအနှစ်သာ မကဘဲ ကမ္ဘာ့ အမွေအနှစ်ဖြစ်တာကြောင့် အခုလို ဆန္ဒပြမှာကို ခွင့်မပြုတာဖြစ်တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ အကြီးအကဲ Tito Karnavian က သတင်းထောက်တွေကို ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကိုလည်း မလေးရှားဘက်က ဒီကနေ့ဆင့်ခေါ်ခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လုံလုံလောက်လောက် မကိုင်တွယ် ခဲ့တာကြောင့် ဒီကိစ္စနဲ့ ပတ်သတ်ပြီး နိုင်ငံတကာအဆင့်မှာ ဆွေးနွေးပြောဆိုသင့်ပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman က ကြေညာချက်ထုတ် ပြောပါတယ်။

တူရကီသမ္မတ Recep Tayyip Erdogan ကလည်း ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွါးနေတဲ့ အခြေအနေတွေအပေါ် မွတ်ဆလင် ကမ္ဘာက အထူးစိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ပြောကြားခဲ့တယ်လို့ သမ္မတနဲ့ ရင်းနှီးတဲ့ အသိုင်းအ၀ိုင်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တူရကီနိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်သွားမှာဖြစ်ကြောင်းလည်း သူကပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ သွားရောက်မှာဖြစ်ပြီး ကြာသပတေးနေ့မှာတော့ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

XS
SM
MD
LG